21 November 2012 |By Good Health
ပြင်သစ်နိုင်ငံ၊ ပါရီမြို့။
ဆောင်းဦးကာလမှာ နှင်းဖွဲဖွဲကျ ရမည့်အစားမိုးက သဲကြီးမဲကြီး ရွာနေသည်။ အဲသည့်အချိန်မှာ ကုန်တိုက်ကြီး တစ်ခုရှေ့မှာ ရှိသည့် လူတန်းရှည်ထဲမှာ ကျွန်တော် ရောက်နေသည်။
"ဆရာက စာရေးဆရာဆိုတော့ ကုန်ကြမ်းရအောင်လို့လေ"
လိုက်ပို့ပေးသည့် မိတ်ဆွေက ရယ်၍ ပြောသည်။
ဟုတ်ပါ့။
အံ့ဩစရာပါ။
ပုဂ္ဂလိက ကုန်တိုက်တစ်ခုက ကုန်တိုက်ထဲမှာ ရှိနေရမည့် လူဦးရေကန့်သတ် ထားသတဲ့လေ။ ပရိသတ်တွေက ကိုယ့် အလှည့်ကို မိုးထဲမှာ တန်းစီစောင့်နေရ သည်။ ရောင်းတာကလည်း စိန်၊ ရွှေ ရတနာမဟုတ်၊ နာရီမဟုတ်၊ ရှေးဟောင်း ပန်းချီကားမဟုတ်။ သားရေအိတ်ဖြစ် သည်။ အဲ..အဲသည် သားရေအိတ်တန် ဖိုးက စိန်ရွှေရတနာတွေလောက် ဈေး တော့လည်း ဖြစ်နေသပေါ့။ မကြားဖူးပါဘူးဟု ပြောလျှင်တော့ ညာရာကျမည်။ ကိုယ့်နိုင်ငံမှာလည်း မော်ဒယ်လ်လေး တစ်ဦးက ဒါပဲသုံးသည်ဟု ဖြေတာ ဖတ်ရဖူးသည်။ ဆရာဝန်မကြီးတစ်ဦး သုံးတာလည်း တွေ့ဖူးသည်။
ယောကျာ်းကိုင် အိတ်တွေ၊ ခါးပတ်တွေလည်း ရှိသော်လည်း ကိုယ်နှင့် ဘယ်လိုမှ ဆက်စပ်ကြည့်လို့ မရ။ မိတ်ဆွေ ပြောသလိုပဲ စာရေးဖို့ကုန် ကြမ်းရသည်ဟု သဘောထား ရတော့မည်။ ထိပ်ဆုံးကို ရောက်လာတော့ ဟောလိဝုဒ် ရုပ်ရှင်တွေထဲမှာ ပါသည့် သမ္မတ ၏ ကိုယ်ရံတော်တွေလို အနောက်တိုင်း ဝတ်စုံအနက်ကို သပ်ရပ်စွာ ဝတ်ထားပြီး နားမှာ ကြိုးကောက်ကောက် အခွေလေး နှင့် စကားပြော ဆက်သွယ်စက် တပ်ထားသည့် လုံခြုံရေး ဝန်ထမ်းက "ဘယ်နှယောက်လဲ" ဟု မေးသည်။
ပြီးတော့ "ဝင်..." တဲ့။
လှပါပေသည်။
သပ်ရပ်ပါပေသည်။
အိတ်တွေရော၊ ခါးပတ်တွေရော။ ခက်တာက နေရာတိုင်းမှာ စောစောကလို ဝတ်ထားသည့်သူတွေက ကားကား ကြီးရပ်၍ စိုက်ကြည့်နေကြတာ ကျောချမ်းစရာ။ မိတ်ဆွေက အိတ်တစ်လုံးကို သဘောကျစွာဖြင့် ကိုင်ကြည့်လိုက် တော့ အဲသလို ပုဂ္ဂိုလ်တစ်ယောက်က လက်အိတ် အဖြူစွပ်၍ မိတ်ဆွေလက်ထဲက အိတ်ကို ပြန်ယူလိုက်သည်။
"ဒီသားရေတွေကို အင်မတန်မှ နူးညံ့စွာ ကျွန်တော်တို့ လုပ်ထားပါတယ်။ ကျွန်တော်တို့တောင် အခုလို လက်အိတ် နဲ့ပဲ ကိုင်ပါတယ်။ ကြည့်ချင်တာရှိရင် ပြပေးပါမယ်။ ကိုယ့်ဟာကိုယ် ယူမကိုင်ပါနဲ့"
ဘုရားရေ။
အိတ်ရောင်းနေတာမှ ဟုတ်ရဲ့လား။ လူ့ခန္ဓာကိုယ်၏ အနူးညံ့ဆုံး၊ အနုနယ်ဆုံး အပိုင်းတွေကို အသက်ကယ်ဖို့ အတွက် ကိုင်ခဲ့ဖူးသော ကိုယ့်လက် ချောင်းလေးတွေ ကိုတောင် ကိုယ်ယောင်ယမ်း၍ ပြန်ငုံ့ကြည့်မိသည်။ ပြီးတော့ ပစ္စည်းထည့်မှာ မဟုတ်ဘူးလား။ ဒီအိတ်နဲ့သွားရင်၊ လာရင် လက်အိတ် စွပ်ထားရမှာလား..မေးခွန်း ပေါင်းများစွာကို မျိုချနေရသည်။
တစ်ဆက်တည်းမှာ သတိရမိတာက မြန်မာနိုင်ငံ ပြန်ရောက်ပြီး မကြာမီမှာ ယခင်က ငါးနှစ်နေခဲ့ဖူးသော မကွေးကို စာစစ်တာဝန်ဖြင့် တစ်ပတ်သွားနေရ ဦးမည်။ ကိုယ့်အဖွဲ့တွေက "လိုက်ခဲ့" ဟု ပြောတာ ငြင်းတာ တစ်ယောက်မှမရှိ သော်လည်း "မသွားနိုင်ဘူး" ပြောသည့် အသံတွေ တခြားက ကြားကြားနေရသည်။
ဆရာလေ။ ဆရာဆိုတာ စာသင်ဖို့၊ စာမေးပွဲစစ်ဖို့ မဟုတ်ဘူးလား၊ အဲဒါ မလုပ်နိုင်လျှင်တော့ အဲသည့် လက်အိတ် စွပ်ကိုင်ရမည့် သားရေအိတ်ကြီးတွေနှင့် တူနေသေးတော့။
တွေးရင်းက ပြုံးမိရပြန်သည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။