ခင်အောင်ဘာသာပြန်သည်။ | Wednesday, 14 November 2012
"ကျွန်တော်တို့ရဲ့ ပြည်သူတွေဟာ အစိုးရပေါင်းစုံနဲ့ စနစ်ပေါင်းစုံရဲ့ဒဏ်ကို ခံစားခဲ့ကြရပြီးဖြစ်ပါ
တယ်။ ကျွန်တော်တို့အစိုးရကိုလည်း ပြည်သူတွေက ကျွန်တော်တို့ရဲ့ လက်တွေ့စွမ်းဆောင်ချက်နဲ့
အဆုံးအဖြတ်ပေးပါလိမ့်မယ်"
(၂၀၁၂ ခုနှစ်၊ မတ်လတွင် သမ္မတ ဦးသိန်းစိန်လွှတ်တော်သို့ ပြောကြား သည့် မိန့်ခွန်းမှ။)
အထက်ပါ နိုင်ငံ၏အမြင့်မားဆုံး အာဏာပိုင်တစ်ဦးက ပြုလုပ်သည့် အတိတ်အကြောင်း ၀န်ခံပြော
ကြားချက်နှင့် အနာဂတ်အတွက် ရည်မှန်းချက်ထက် ရှင်းလင်းပြတ်သားသော မိန့်ခွန်း မရှိနိုင်တော့
ပေ။
သမ္မတကြီးဦးသိန်းစိန် သည် ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး စိတ်ဓာတ်အပြည့်အ၀ဖြင့်
အစဉ်အလာအားဖြင့် မရှိခဲ့ဖူးသော မြန်မာနိုင်ငံအား ပြည့်ဝသော ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲ
ပစ်နိုင်မည့် အောက်ပါအစီအစဉ်သစ်များဖြင့် အစဉ်တစိုက် မိတ်ဆက် အကောင်အထည်ဖော်ပေးခဲ့
သည်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူများအား လွှတ်ပေးခြင်း၊ အစိုးရကို ဝေဖန်သူများအား
ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်မှုများ ဖယ်ရှားပေးခြင်း၊ သတင်းမီဒီယာများအား စာပေစိစစ်မှုများ ဖယ်ရှား
ပေးခြင်း၊ သပိတ်မှောက် ဆန္ဒပြပိုင်ခွင့်များ ပါဝင်သော အလုပ်သမားဥပဒေကို အပြီးသတ်ပြဋ္ဌာန်း
ပေးခြင်း၊ ပြည်သူလူထု၏ ဆင်းရဲမွဲတေမှုကို လက်ခံအသိအမှတ်ပြုခြင်း၊ စီးပွားရေးကို ပြန်လည်
ရှင်သန်အောင် ဆောင်ရွက်ခြင်းနှင့် လူ့အခွင့်အရေးဖောက်ဖျက်ကျူးလွန်မှုများအား ကိုင်တွယ်ဖြေ
ရှင်းရန် သန္နိဋ္ဌာန်ချမှတ်ခဲ့ခြင်း စသည့် ပြုပြင်ပြောင်းလဲမှုများသည် မသိကျိုးကျွန်ပြုနိုင်ဖွယ်မရှိသည့်
အချက်များဖြစ်သည်။
မြန်မာနိုင်ငံသည် နိုင်ငံရေးအဖွဲ့အစည်းများအားလုံးက စုပေါင်းအားစိုက် ကြိုးပမ်းမှုဖြင့်သာ ကြွယ်ဝ
ချမ်းသာလာနိုင်မည်ဖြစ်ပြီး ၎င်းတို့သည် လက်ရှိ နိုင်ငံအစိုးရနှင့် အပြုသဘောဝိုင်းဝန်း ကြိုးပမ်းကြရ
ပေလိမ့်မည်။
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းအုပ်စုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်
အား ပြန်လည်ရှင်သန်အောင် လုပ်ဆောင်ရေးသည် အထက်ပါရည် မှန်းချက်သို့ ဦးတည်သော
နောက်ထပ် ခြေတစ်လှမ်းဖြစ်သည်။
စစ်ဘက်အုပ်ချုပ်ရေး၏ ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် ကာလကြာရှည်စွာအုပ်ချုပ်ခဲ့သော သမိုင်းဖြစ်စဉ်နှင့်
အပြန်အလှန်ယုံကြည်စိတ်ချမှုကင်းမဲ့ခြင်းတို့ကြောင့် အစိုးရ၏ ရှေ့သို့ရည်မှန်းချက်အပေါ် ပြည်တွင်း
နှင့် ပြည်ပရှိ လူအများ၏စိတ်တွင်း၌ သံသယစိတ်များ ကိန်းအောင်းလျက်ရှိ ပေသည်။
အဆိုပါအကောင်းမြင်စိတ် နှင့် အဆိုးမြင်စိတ်များ ရောထွေးခံစားနေရမှုများကို နားလည်သဘော
ပေါက် နိုင်သည့်အပြင် အဆိုပါစိတ်သဘောထားကို လျှော့မတွက်သင့်ပေ။ နိုင်ငံအစိုးရအနေဖြင့်
အဆိုပါသံသယစိတ် သဘောထားကို ပြတ်သားသော အပြုသဘောဆောင် လုပ်ရပ်များဖြင့်
ငြိမ်းအေးစေရမည်ဖြစ်သည်။
ယခုအချိန် တိုင်အောင်မူ ၎င်းတို့ကိုယ်ပိုင်ထိန်းချုပ် ထားသောဒေသများအတွင်းရှိ တိုင်းရင်းသား
လူနည်းစု လက်နက်ကိုင်အဖွဲ့ အစည်းများအားလုံးသည် ဗဟိုအစိုးရအပိုင်းမှ အရေးယူဆောင်ရွက်
ချက်များ၏ အကျိုးသက်ရောက်မှုများကို ခံစားရခြင်းရှိဟန် မတူပေ။
ကိုလိုနီခေတ် တစ်လျှောက်လုံးက လွှမ်းမိုးခဲ့သော သွေးခွဲအုပ်ချုပ်ရေးစနစ် နှင့် တိုင်းရင်းသားလူ
နည်းစုများအား ပြင်ပမှ ဆက်လက်ထောက်ခံအားပေးမှုတို့က မီးထိုးပေးခဲ့သော၊ ကာလကြာရှည်
လှပြီဖြစ်သည့် တိုင်းရင်းသားလူနည်းစု ပုန်ကန်မှုများက လူများစုနှင့် လူနည်းစုများကြား အငြင်းပွား
တိုက်ခိုက်မှုများကို သက်ဆိုးရှည်စေခဲ့ခြင်း ဖြစ်သည်။
မြန်မာ့သမိုင်း၏ ယခုပေါ်ပေါက်လာ သော သမိုင်းတစ်ဆစ်ချိုးအကွေ့ကာလ တွင် ပြည်တွင်းပြည်ပ
ရှိ မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် ဆက်စပ်မှုရှိသူများ အားလုံးအနေဖြင့် လက်ရှိအခြေအနေသည်
ဆက်လက်ဖြစ်ပေါ်နေရန် မသင့် တော်သော အခြေအနေဖြစ်ကြောင်း သိရှိသတိပြုမိကြရန်
သင့်တော်ပြီဖြစ်သည်။
ပထမခြေလှမ်းအဖြစ် ယခုလက်ရှိ ဖြစ်ပေါ်နေသော အခြေအနေကို ပြန်လည်တည်ဆောက်ရေး၏
အစိတ် အပိုင်းတစ်ရပ်အဖြစ် ပြောင်းလဲပစ်ရန် လိုအပ်နေပြီဖြစ်သည်။
ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ် နှင့် မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်တို့ ဆက်စပ်မှုရှိသော
ပြည်တွင်းနှင့် ပြည်ပ အုပ်စုများအနေဖြင့် ပြန်လည်ရင်ကြား စေ့ရေးလုပ်ငန်းစဉ်အား အဟန့်အတား
ပြုခြင်း၊ ၀င်ရောက်စွက်ဖက်ခြင်းနှင့် မှေး မှိန်သွားစေရန် တစ်နည်းတစ်ဖုံအားပြု ခြင်းတို့ကင်းမှသာ
ယင်းလုပ်ငန်းစဉ် အောင်မြင်ပြီးမြောက်ပေလိမ့်မည်။
မြန်မာနိုင်ငံ၌ အဓွန့်ရှည်တည်တံ့သည့် တည်ငြိမ်အေးချမ်းမှုရရှိစေနိုင်မည့် အကြီးမားဆုံး စိန်ခေါ်မှု
သည် တိုင်းရင်း သားလူနည်းစု နိုင်ငံရေးပါတီများ အားလုံးနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့
အစည်းများအားလုံးကို ပင်မရေစီး ကြောင်း (ပါလီမန်ဒီမိုကရေစီ) နိုင်ငံရေး တွင် တရားဝင်ပါဝင်
လုပ်ဆောင်ကြစေရန် ဖြစ်သည်။
နိုင်ငံကြီးတစ်နိုင်ငံအတွင်း ၌ နိုင်ငံငယ်တစ်နိုင်ငံ တည်ထောင်ထားခြင်းမျိုး ဖြစ်မနေစေသင့်ပေ။
လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရရှိခံစားနေရသော နိုင်ငံရေးဆိုင်ရာ တစ်ဆင့်ခံ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို စွန့် လွှတ်ရသည့် နစ်နာမှုအတွက် ပြန်လည် ဖြည့်ဆည်းပေးသည့် အစီအမံ
များလည်း တစ်ဖက်တွင် ရှိနေရမည်ဖြစ်သည်။
နိုင်ငံအစိုးရသည် တိုင်းရင်းသားလူ နည်းစုအုပ်စုများအား လူနည်းစုများအဖြစ် ရပ်တည်ရန် အသိ
အမှတ်ပြုခြင်း နှင့် ၎င်းတို့ခံစားပိုင်ခွင့်များကို အသိအမှတ်ပြု ပေးအပ်ခြင်းတို့ ပြုထားပေသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်သည် ပြီးပြည့်စုံခြင်း မရှိသော်ငြားလည်း ဗဟိုချုပ်ကိုင်မှုကင်းရှင်း
သော အုပ်ချုပ်မှုစနစ်ကိုခွင့်ပြုပြီး အသွေးအရောင်စုံလင်သော နိုင်ငံရေးပါတီများအား အကောင်းဆုံး
နှင့် လက်တွေ့အကျဆုံးသော နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်ခွင့် အ၀င်ဝဂိတ်ပေါက်ကို ထားရှိပေး
ထားပေသည်။
နိုင်ငံရေးပါတီအုပ်စုအားလုံးအနေဖြင့် ရွေးချယ်တင်မြှောက်ရေးလမ်းစဉ်တွင် ပါဝင်ဆောင်ရွက်ပြီး
ပုံမှန်ရွေးကောက်ပွဲလမ်းစဉ်မှတစ်ဆင့် နိုင်ငံရေးအာဏာ ခွဲဝေရယူရေးအတွက် ရွေးကောက်တင်
မြှောက်ခြင်းကို ခံယူကြရမည်ဖြစ်သည်။
ယင်းသည် အမျိုးမျိုး အဖုံဖုံသော နိုင်ငံရေးပါတီများအကြား နိုင်ငံရေးအာဏာ ခွဲဝေရယူရေး၏
ပထမခြေလှမ်းဖြစ်သည်။
၎င်းက တိုင်းရင်းသားလူနည်းစုများ အား ၎င်းတို့၏ ဘာသာစကား၊ ယဉ်ကျေး မှုနှင့် ဘာသာတရား
ကိုးကွယ်မှုများအား ထင်သာမြင်သာရှိသော နိုင်ငံရေး လုပ်ငန်းစဉ်များမှတစ်ဆင့် ထိန်းသိမ်း
စောင့်ရှောက်မှုပြုခြင်းအားဖြင့် ၎င်းတို့၏ ကွဲပြားခြားနားသော ရပ်တည်မှုကို ထိန်းသိမ်းထားနိုင်မည့်
အခွင့်အလမ်းများ ဖွင့် ပေးပေလိမ့်မည်။
နိုင်ငံအစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ တစ်ဖွဲ့စီတိုင်းအတွက် ဘဏ္ဍာရေးနှင့် နိုင်ငံ
ရေးဆိုင်ရာ ကိုယ်ပိုင်ခန့်ခွဲပိုင်ခွင့်ကို တစ်စုံတစ်ခုသောအတိုင်းအတာအထိ ခွင့်ပြုရပေလိမ့်မည်။
ဤလုပ်ဆောင်မှုများအားဖြင့် မြန်မာနိုင်ငံသည် 'ကွဲပြားခြားနားမှုမှတစ်ဆင့်ရရှိသော စုစည်းညီညွတ်
မှု'၏ အကောင်းဆုံးနှင့် အပြစ်အနာအကင်းဆုံး စံနမူနာဖြစ်လာပေလိမ့်မည်။
မြန်မာနိုင်ငံသည် မိမိတစ်ကိုယ်တည်း ကြာရှည်စွာ ရပ်တည်လာခဲ့ပြီးဖြစ်သောကြောင့် ပြင်ပက
ဖိအားပေးသည့် နိုင်ငံရေးပုံစံတစ်စုံတစ်ခုကို လက်ခံကျင့်သုံးခြင်း မပြုသင့်ပေ။
ဗဟိုချုပ်ကိုင်မှုကို ပယ်ဖျက်ပြီးဖြစ် သော အုပ်ချုပ်မှုစနစ်ကို ထိရောက်မှုရှိစေရန် လူနေရပ်ကွက်များ
ဆိုင်ရာ အကြံပေးမှုများတွင် အခြေခံသော ပိုမိုကျယ်ပြန့်သည့် ဒေသကြီးနှင့် ပြည်နယ်အဆင့်
လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုစီမံချက်များ ရှိရမည်။
၎င်းက ကိုယ်ပိုင်ပစ္စည်းပိုင်ဆိုင်ခွင့်အား စိတ်ချလက်ချရှိစေမည် ဖြစ်ပြီး လူနေရပ်ကွက်များရှိ ပြည်သူ
များ၏ မြင့်မားသောရည်မှန်းချက်များအား ကျေနပ်မှုရှိစေမည့် ကတိက၀တ်များကိုလည်း သေချာ
ရေရာစေလိမ့်မည်။
ယခုအခါဦးစားပေးရမည်မှာ ပြုပြင်ပြောင်းလဲမှုများ၏ အရည်အသွေးဖြစ်ပြီး ၎င်းတို့၏ အရေအတွက်
မဟုတ်ပေ။ နိုင်ငံရပ်ခြားတိုင်းပြည်များမှ ရင်းနှီးမြှုပ်နှံမှုများအား ဖွင့်ပေးလိုက်သည်နှင့်အမျှ အစိုးရ
အနေဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု အကျိုးအမြတ်များအား 'ခေတ်သစ် စီးပွားရေး လွတ်လပ်ခွင့်'
သမားများက အသုံးချမသွားစေရန် သေချာစွာ စီမံဆောင်ရွက်ရပေလိမ့်မည်။
စီးပွားရေး ပြုပြင်ပြောင်းလဲမှုများမှရရှိသော အကျိုးအမြတ်များကို မြန်မာနိုင်ငံသား ပြည်သူလူထု
တစ်ရပ်လုံးအတွက် အကျိုးခံစားစေရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများအတွက်မျှသာ မဖြစ်စေသင့်ပေ။
နိုင်ငံလုံး ဆိုင်ရာ စီးပွားရေး၏ အရေးကြီးသော အချက်မှာ အားလုံးမျှဝေခံစားမှုရှိရမည့် အဓိက
ရည်မှန်းချက်မျိုးရှိရန်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စများတွင် ဆက်လက်၍ အရှိန်ဩဇာရှိပြီး ဆက်လက်၍လည်း
ရှိနိုင်သော ပြည်တွင်းနှင့်ပြည်ပမှ အကျိုးစီးပွားဆက်စပ်မှုရှိသူ အများအပြားရှိပေသည်။
ယခု အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် အဓိကအားဖြင့် အကျိုးစီးပွားဆက်စပ်မှုရှိသူများမှာ
ပြည်ခိုင်ဖြိုးအဖွဲ့က ဦးဆောင်သော ရွေးကောက်တင် မြှောက်ခံအစိုးရအဖွဲ့၊ အင်အားကြီး အတိုက်
အခံအုပ်စုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျယ်ပြန့်သော တိုင်းရင်းသားလူနည်းစုပေါ်
အခြေခံသည့် ကွဲပြားခြားနားသော နိုင်ငံရေးနှင့် စီးပွားရေး အယူအဆများရှိသည့် တိုင်းရင်းသား
လူနည်းစု နိုင်ငံရေးအတိုက် အခံပါတီများဖြစ်သည်။
အတိုက်အခံ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍသည် အာဏာရအစိုးရအားဆန့်ကျင်ရန် သက်သက်
သာမဟုတ်ဘဲ ကွဲပြားခြားနား သောအမြင်ဖြင့် အပြုသဘောဆောင် သော ပူးပေါင်းဆောင်ရွက်မှု
ပြုရန်ပါ တာဝန်ရှိပေသည်။
အတိုက်အခံ နိုင်ငံ ရေးပါတီများသည် ၎င်းတို့၏ မဲဆန္ဒနယ် မြေများအပေါ် တာဝန်ဝတ္တရားရှိသည်
မှန်သော်လည်း ၎င်းတို့၏ စိတ်ပါဝင်စားမှု များသည် တစ်နိုင်ငံလုံးအတွက်ဖြစ်ပြီး ၎င်းတို့၏ မဲဆန္ဒ
နယ်မြေကို ကျော်လွန် ကျယ်ပြန့်ခြင်း ရှိရမည်ဖြစ်သည်။
လော လောဆယ်တွင်မူ အတိုက်အခံပါတီများ အနေဖြင့် ယင်းကဲ့သို့သော အစိုးရနှင့် လက်တွဲ
လုပ်ဆောင်မည့် အရိပ်အယောင်ကို မတွေ့ရပေ။ မြန်မာနိုင်ငံ တွင် ထွန်းကားသည့် ဒီမိုကရေစီစနစ်
အား လူတိုင်းက အပြုသဘော အကြံ ဉာဏ်ကောင်းများပေးရန်နှင့် အပြုသဘော အပြန်အလှန်
ဆွေးနွေးမှုပြုရန် လိုအပ်ပေလိမ့်မည်။
ကချင်ပြည်နယ်တွင် လောလော ဆယ် ဖြစ်ပေါ်နေသော ရှေ့မတိုး နောက် မဆုတ်သာသည့်
အခြေအနေသည် တိုင်းရင်းသားလူနည်းစု အတိုက်အခံပါတီ အများအပြားနှင့် ညီညွတ်မှုရရှိအောင်
လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ်၏ ကြီးမားသောအခက်အခဲကို ပြက်ပြက်ထင်ထင် ဖော်ပြသည့်
စံနမူနာဖြစ်သည်။
အခြားကြီးမားသည့် တိုင်းရင်းသားလူနည်းစုပါတီများအား အုပ်ချုပ်ရေးဆိုင်ရာ ပင်မရေစီးကြောင်း
ကြီးတွင်းသို့ သွတ်သွင်းရသော လုပ်ငန်းစဉ်မှာလည်း အလားတူ စိန်ခေါ်မှုကြီးမားသော လုပ်ငန်းဖြစ်
သည်။
ယင်းသို့အုပ်ချုပ်ရေးဆိုင်ရာ ပင်မရေစီးကြောင်းကြီးတွင်းသို့ သွတ်သွင်းခံရခြင်းကြောင့် တိုင်းရင်းသား
လူနည်းစု လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ လက်ရှိတစ်ဆင့်ခံ စီးပွားရေးနှင့်
နိုင်ငံရေး ကိုယ်ပိုင်လုပ် ဆောင်ပိုင်ခွင့်အား စွန့်လွှတ်ရမည့်သဘော သက်ရောက်ပေသည်။
ထို့ ကြောင့် မြန်မာအစိုးရနှင့် ယင်းလက်နက်ကိုင် အုပ်စုများသည် ထာဝစဉ်တည်မြဲသည့် ငြိမ်းချမ်း
ရေးတည်ဆောက်မှုအတွက် နှစ်ဦးနှစ်ဝ အပြန်အလှန် အလျှော့အတင်းပြုလုပ်ကြရန် သဘောတူညီ
ကြရမည်ဖြစ်သည်။
မြန်မာအစိုးရ နှင့် မြန်မာပြည်သူတို့သည် မိမိတို့ကိုယ် ပိုင်အဖြေကို ရှာကြံပြီး ပြင်ပမှပေးသည့်
ဆေးညွှန်းကို ရှောင်ကြဉ်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်း ရင်ကြားစေ့ ရေးအစီအစဉ်သည် မြန်မာတို့၏ အေးချမ်းစွာဖြေရှင်းလိုသော ဆန္ဒနှင့်
ကွဲပြားခြားနားသည့်၊ ၎င်းတို့ကိုယ်ပိုင် ဦးစားပေးမှုများ ရှိကြသည့် ပြင်ပနိုင်ငံများမှ ကိုယ်ကျိုးရှာသူ
များဖြင့် ရှုပ်ထွေး နေမှုများ မဖြစ်စေသင့်ပေ။
ပြည်ပနိုင်ငံ များမှ ငြိမ်းချမ်းရေးလုပ်ငန်း ကျွမ်းကျင်သူများက သတ်မှတ်ဩဇာပေးသည့်၊ ကွဲအက်သံ
ပါသည့် ငြိမ်းချမ်းရေးလမ်းစဉ် အများအပြားကို ကျွန်တော်တို့တွေ ကြုံဖူးလှပြီဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ တရုတ်နှင့် အာဆီယံ နိုင်ငံများနှင့် တောင်အာရှနိုင်ငံများ၏ ဒေသဆိုင်ရာ ပူးပေါင်း
ဆောင်ရွက်ရေးအဖွဲ့ (SAARC)ဒေသတို့အား ပေါင်းကူးထားသည့် ပထ၀ီနိုင်ငံရေး အနေအထားက
ကုန်သွယ်ရေး၊ နည်းပညာနှင့် တက္ကသိုလ်ပညာရပ်ဆိုင်ရာ အဆင့်မြင့်မားမှုများအတွက် ကြီးမား
သော အသာစီးရမှုကို ဖြစ်ပေါ်စေနိုင်ပေသည်။
မြန်မာနိုင်ငံ၏ အစီအစဉ်ပြုလုပ် ထားသည့် တိုးတက်ဖြစ်ထွန်းရေး အတွက် ယင်းဒေသကြီးနှစ်ခု၏
အစဉ်တစိုက် ကြီးထွားလျက်ရှိသော စီးပွားရေးအင်အားကို အမြတ်ထုတ်အသုံးချရပေမည်။
မြန်မာနိုင်ငံအဖို့ ၎င်း၏ တိုးတက်ဖြစ်ထွန်းမှုအတွက် မီးထိုးပေးရန် ရှည်ရှည်ဝေးဝေးရှာဖွေလုပ်ဆောင်
ဖို့ လိုမည်မဟုတ်ပေ။
လက်ရှိ ပထ၀ီနိုင်ငံရေးအနေအထားအရ မြန်မာတောင်စောင်း တောင်ကမ်းပါး အချွန်အတက်များ
ထူပြောသော နယ်နိမိတ်ဒေသ ကီလို မီတာအရှည် သုံးထောင့်ငါးရာကျော်ဖြင့် ဆက်စပ်လျက်ရှိ
သော တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့၏ မြန်မာနိုင်ငံဆိုင်ရာ အခန်းကဏ္ဍအပေါ် အချို့အချို့သော
ရပ်ကွက်များက စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်ကြဖွယ် ရှိပေသည်။
အဆိုပါနှစ်နိုင်ငံနှင့် ဆက်ဆံရေးအား မြန်မာအနေဖြင့် ချိန်ခွင်လျှာညီမျှအောင် လုပ်ဆောင်နိုင်ခြင်း
မရှိပါက မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တစ်ရပ်လုံး ဇောက်ထိုးမိုးမျှော် အခြေသို့ ဆိုက်ရောက်
သွားနိုင်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ စိတ်ပျက်ဖွယ် ကောင်းလောက်အောင် မအောင်မမြင် ဖြစ်ခဲ့ရသော အလွန်အရေး
ကြီးသည့် စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု မျက်နှာစာ တစ်ခုမှာ သယံဇာတများ မျှဝေခံစားမှု ဖြစ်သည်။
မြန်မာနိုင်ငံတွင် သတ္တုတူး ဖော်ရေး၊ ရေနံနှင့် ဓာတ်ငွေ့ကဲ့သို့သော လာမည့်နှစ်ကာလများတွင်
ပိုမိုကျယ် ပြန့်များပြားလာမည်ကို ယုံမှားသံသယ ဖြစ်ဖွယ်မရှိသော တူးဖော်ထုတ်လုပ်ရေးလုပ်ငန်း
အများအပြားရှိပေသည်။
အလားတူပင် ရေနက်ဒေသသင်္ဘောဆိပ်များနှင့် စက်မှုဇုန်များ ထမြောက်အောင်မြင်လာသောအခါ
အတိုင်းအတာကြီးမားသော ဘဏ္ဍာရေးအမြတ် အစွန်းများကို ၀င်ငွေပမာဏအားဖြင့် ရရှိလာမည်
ဖြစ်သည်။
နိုင်ငံအစိုးရသည် အဆိုပါဘဏ္ဍာရေးအမြတ်အစွန်းများ၏ တစ်စိတ်တစ်ဒေသကို အဆိုပါသယံဇာတ
များ ထုတ်လုပ်ရယူသည့်ဒေသများ တွင် ရင်းနှီးမြှုပ်နှံကြောင်း သေချာမှုရှိ စေရန် လုပ်ဆောင်ရမည်
ဖြစ်သည်။
ယင်းသို့ လုပ်ဆောင်ခြင်းက အဆိုပါဒေသ၏ စီးပွားရေးကို တိုးတက်ဖွံ့ဖြိုးစေရန် ကူညီ ထောက်ပံ့
မည့်အပြင် ဒေသတွင်းပြည်သူလူထု၏ ယုံကြည်စိတ်ချမှုကို ရရှိစေလိမ့်မည်ဖြစ်သည်။
အဆိုပါဒေသများတွင် ရင်းနှီးမြှုပ်နှံမှုက တောနယ်များမှ မြို့ကြီးများဆီသို့ လူများပြောင်းရွှေ့အခြေ
ချခြင်းကိုလည်း ထိန်းချုပ်ရပ်တန့် စေလိမ့်မည် ဖြစ်သည်။
တစ်မျိုးတစ်ဖုံ သော သယံဇာတဆိုင်ရာမျှဝေအကျိုးခံစားမှုပေါ်လစီကို နိုင်ငံအုပ်ချုပ်မှု၊ အာဏာမျှ
ဝေမှုနှင့် မျဉ်းပြိုင်သဘောမျိုး တစ်ပြိုင်တည်းယှဉ်၍ ယခုကပင် လုပ်ဆောင်ရမည်ဖြစ်သည်။
သယံဇာတ ထုတ်လုပ်သောဒေသနှင့် အနီးအပါးပတ်ဝန်းကျင်ဒေသများတွင် မြို့ငယ်နှင့် မြို့ကြီးများ
ဖြစ်ထွန်းပေါ်ပေါက်လာခြင်းက နယ်အဝေးဒေသများ၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာမှုအား ကူညီ
ပံ့ပိုးပြီး ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် လူဦးရေ ပိုမိုကျပ်သိပ်များပြားလာမှုကို ရှောင်ရှားစေနိုင်
ပေလိမ့်မည်။
လူဦးရေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ရာ မြန်မာနိုင်ငံ
သားတို့၏ စီးပွား ရေးသည် မြေယာလုပ်ငန်းနှင့် နီးစပ်စွာ ထွေးရောယှက်တင်ဖြစ်လျက် ရှိပေသည်။
မြန်မာနိုင်ငံသား အများစုတွင် လယ်ယာထွန်ယက်စိုက်ပျိုးခွင့်ရှိကြသော်လည်း မြေယာပိုင်ဆိုင်ခွင့်
မရှိကြ ပေ။
နိုင်ငံအစိုးရအနေဖြင့် မြေယာထက်တွင် စိုက်ပျိုးမှုအားစီမံခန့်ခွဲခြင်းနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုတို့ကို
ကူညီအဆင့်မြှင့်ပေးမည့် လယ်ယာမြေပိုင်ဆိုင်မှု ဥပဒေပြုပြင်ပြောင်းလဲရေးအတွက် ရဲရင့်ပြတ်သား
သော ခြေလှမ်းများလှမ်းရမည် ဖြစ်သည်။
၎င်းက ကျေးလက်တွင်နေထိုင်သော လူအများစုအတွက် မြေယာပိုင်ဆိုင်ခွင့်ရှိသည်ဟူသောခံစားမှု
ကိုလည်း အသေအချာ ရရှိခံစားစေနိုင်လိမ့်မည် ဖြစ်သည်။
စီးပွားရေးကို တံခါးဖွင့်လိုက်ခြင်းကြောင့် စိုက်ပျိုးမွေးမြူရေးတွင် အလေးအနက်ထား၍ ရင်းနှီးမြှုပ်နှံမှု
များ ပေါ်ပေါက်လာပြီး ယင်းက သီးနှံစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းစုကြီးကို တွန်းအားပေးမည့် သီးနှံ
အမျိုးအစား ဈေးကွက်တောင်းဆိုမှု နှင့်အညီ ပြောင်းလဲစိုက်ပျိုးမှုများ၊ ရေသွင်းစိုက်ပျိုးမှုတိုးချဲ့ခြင်း
များနှင့် စက်မှုလယ်ယာစနစ်များ ပေါ်ပေါက်လာစေပေလိမ့်မည်။
စာရေးသူ ရာမတ်ရှ်ရှရတ်သာသည် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)၏ မြန်မာ
နိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ်ဖြစ်သည်။
- ရာမက်ရှ်ရှရက်စ်သာ
ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။