by Nyein Soe Oo on Tuesday, November 6, 2012 at 7:52pm
မိဘများ ၊ သားသမီးများ ( ၂
)
မိဘတို့နှင့် သားသမီးများကြားတွင်
ချည်နှောင်ထားသော မေတ္တာ သံယောဇဉ်ကြိုးများမှာ လူ့ဘောင်လောကအတွက် အခိုင်မြဲဆုံး
ဖြစ်မည်ဟု ထင်ပါသည် ။ ထိုကြိုးများ ခိုင်မြဲနေသရွေ့လည်း လူသားတို့၏ကမ္ဘာလောကကြီးမှာ
ငြိမ်းချမ်းသာယာနေမည်ဟု ယုံကြည်မိပါသည် ။
( က )
`` ထိုင်ဟေ့ မောင်ကျော်ထွေး ၊ လဘက်ရည်
သောက်အုံးမလား ´´
`` မသောက်တော့ဘူး ဆရာ ။ ဒီကောင်မြတ်မင်းကို ဆရာနဲ့
အတူတွေ့လို့ ၀င်လာတာပါ ။ ဒီကောင်က
ရွာကနေတက်လာရင် ကျွန်တော်တို့နဲ့ သိတ်မတွေ့ဘူးဆရာ
။ သူ စက်ကျတဲ့သူဆီကိုသာ အရောက်သွားတတ်တာ ။ အခု ဆရာနဲ့ တွေ့ရတာတောင် ထူးခြားနေသလိုပဲ
။´´
`` ကျော်ထွေးနော် ။ ပေါက်ကရတွေမပြောနဲ့ ။ ဆရာက
အဟုတ် ထင်နေအုံးမယ် ။
ငါက မင်းတို့ကိုကြည့်ပြီး အိမ်ထောင်ပြုတာကို
စိတ်ကုန်နေတာ ။ ´´
``ကဲပါကွာ ကြုံတုန်းမှာ အေးအေးဆေးဆေး
စကားပြောကြတာပေါ့ ။ ´´
`` သိတ်မအေးဘူး ဆရာရယ် ။ ဆရာ့ကိုလည်း အားနာပါတယ် ။
ဓာတ်ပုံပစ္စည်းတချို့ လာရှာရင်းနဲ့
ထွက်လာရတာမို့ နောက်မှ အေးဆေးဆုံပါ့မယ် ဆရာရယ် ။
´´
`` ကျော်ထွေးရာ ။ ငါပြောသလိုပါပဲ ။ မင်းတို့ရဲ့
မိသားစုအရေး ရှာဖွေရေးတွေက ငါ့အတွက်
ပင်ပန်းပါတယ်လို့ ငါမပြောလား ။ ´´
`` အေးပါ ။ ပြောထားအုံးပေါ့ ။ မင်း ရွာကို
မပြန်ခင်တော့ ငါ့ဆိုင်ဘက်ကို အရောက်ဝင်ခဲ့ပါအုံး ။ မှာစရာလေးတွေပြောစရာလေးတွေရှိတယ်
။ ဆက်ဆက်နော် ... ကဲ ငါသွားပြီ ။ ဆရာရေ
ကျွန်တော့်ကိုခွင့်ပြုပါအုံး ။´´
` ` အေး အေး ´´
ပြောပြောဆိုဆိုပင်မောင်ကျော်ထွေး တစ်ယောက်
စက်ဘီးကိုနင်းကာ သူ့ဆိုင်ဘက်ဆီသို့ ထွက်ခွာသွားတော့သည် ။ ကျွန်တော်လည်း
သိချင်စိတ်ဖြင့် မေးမိပြန်ပါသည် ။
``မြတ်မင်းရေ ၊ မင်း သူငယ်ချင်းက အရင် ဆိုင်ကယ်
စီးနေတာမို့လား ။ ´´
``ဟုတ်ပါတယ်ဆရာ ။ အခုတော့ သူ့ဆိုင်ကယ်က
အသိမ်းခံလိုက်ရပြီလေ ။ ဒါကြောင့် ဒီကောင် စက်ဘီးဖက်ကို ပြောင်းနေရတာ ။ ´´
`` ဘယ်သူက သိမ်းတာလည်းကွ ။ ´´
``ဒီကောင့်ကိစ္စကို အစ အဆုံးပြောပြပါမယ်ဆရာ ။
´´
မောင်ကျော်ထွေးသည်
အိမ်ထောင်ကျပြီးသည်နှင့် ဓာတ်ပုံလုပ်ငန်းတွင် ၀ါသနာပါသည့် အတိုင်း
ဓာတ်ပုံရိုက်ခြင်း ၊ ဗီဒီယို ရိုက်ခြင်းများဖြင့် အလုပ်လုပ်နေသူဖြစ်ပါသည်။
အရင်းအနှီး အချို့ကို မောင်ကျော်ထွေး၏ မိဘများက စိုက်ထုတ်ပေးပါသည် ။ ထိုငွေကိုလည်း
တတ်နိုင်သမျှ ပြန်လည် ဆပ်နေပါ၏ ။ လုပ်ငန်းအခြေအနေပေါ်တွင် မူတည်၍ အနည်းအများတော့
ရှိပါသည်။ သို့သော် တစ်နေ့တွင် မောင်ကျော်ထွေး၏ အမေနှင့် မောင်ကျော်ထွေး၏ဇနီးတို့
ငွေကြေး ကိစ္စနှင့်ပတ်သက်၍ အမြင်မတူဖြစ်ကြတော့သည် ။ မောင်ကျော်ထွေး၏
ဝင်ငွေအချို့မှာအချည်းနှီး ဆုံးရှုံးနေသည် ဟု မောင်ကျော်ထွေး၏ မိဘများက ထင်ပါသည် ။
မောင်ကျော်ထွေး၏ဇနီးကလည်း လုပ်ငန်း၏ သဘာဝမှာ
ခေတ်ပေါ်ပစ္စည်းအချို့ကိုဖြည့်စွက်မှုပြုမှ လုပ်ငန်းလည်ပတ်မှုကောင်းမည်ဖြစ်၍
ထပ်မံ
ရင်းနှီးမှုများရှိနေသဖြင့် ဆပ်ငွေများ
အခက်အခဲဖြစ်ကြောင်း ပြောဆိုပါသည် ။
မိဘ၏ သဘောကို သားသမီးများက
မနာခံဟု မောင်ကျော်ထွေး၏ မိဘများက ယူဆလာကြပါတော့သည် ။ နောက်ဆုံးတွင်
ထုတ်ပေးထားသောအရင်းအနှီး လက်ကျန်ကိုပြန်လည်ပေးဆပ်ရန် ဆိုလာသောအခါ
ရသရွေ့ငွေကြေးအချို့တွင် ဆိုင်ကယ်ကိုပေါင်း၍ ဆပ်လိုက်ကြောင်း မောင်မြတ်မင်းက
ရှင်းပြခဲ့ပါသည် ။ ထို့ကြောင့် မောင်ကျော်ထွေးမှာ
ဓာတ်ပုံလုပ်ငန်းအတွက်လမ်းပေါ်ထွက်ရန် စက်ဘီးကိုသာ အားပြုနေရတော့ကြောင်း ၊
မောင်ကျော်ထွေး၏ မိဘများမှာမူ ဆိုင်ကယ်ကို အသုံးပြု၍ နေကြကြောင်း ၊
ရုံးလုပ်ငန်းတွင်ကျင်လည်နေကြသူများဖြစ်၍ ဆိုင်ကယ်ကို ဈေးထွက်ခြင်း ၊
အလည်သွားခြင်းတို့တွင်သာ သုံးစွဲဖြစ်ပြီး ကျန်အချိန်များတွင်
ရပ်နားထားရသည်သာဖြစ်ကြောင်း သိလာရပါတော့သည် ။ မိဘဂုဏ်ကို ထိန်းသိမ်းနိုင်မှု
အားနည်းသော မိဘများအဖြစ် ပတ်ဝန်းကျင်က မြင်သည်ကိုပင်ဂရုမစိုက်နိုင်အောင် မာန
မော်ကြွားစိတ်က လွှမ်းမိုးနေသော အဖြစ်ကို ကြားသိလိုက်ရပါတော့သည် ။
( ခ )
( ၁၉၉၆ ) ခုနှစ်ခန့်တွင် ရန်ကုန်မှ
လပွတ္တာမြို့သို့ ထွက်ခွာလာခဲ့သော သင်္ဘော တစ်စင်းနစ်မြုပ်ခဲ့ဖူးပါသည် ။
တွံတေးတူးမြောင်းအနီးတွင်ဖြစ်ပါ၏ ။ လပွတ္တာမြို့သို ပြန်လာသော
လပွတ္တာမြို့သူမြို့သားများတော်တော်လေးထိခိုက်ခဲ့သော ဖြစ်ရပ်ဖြစ်ပါသည် ။
ထိုခရီးစဉ်တွင်
ကျွန်တော်၏ ကျောင်းနေဖက်ဖြစ်သူ ကိုစိန်မောင်
တစ်ယောက်လည်း ဆုံးရှုံးခဲ့ရပါ၏ ။ ကိုစိန်မောင်က တီဗီ ၊ကက်ဆက် ၊ ရေဒီယို ၊ည
စသည်တို့ကိုပြင်ဆင်မှုပြုလုပ်သူဖြစ်၍ လိုအပ်သော ပစ္စည်းများကို ရန်ကုန်မြို့တွင်
ဝယ်ယူရန်သွားခဲ့ခြင်းဖြစ်ပါသည် ။ ရန်ကုန်ရှိ ဆွေမျိုးများထံသို့ ကလေးများကို
အလည်ခေါ်သွားခဲ့သောခရီးဖြစ်ပါသည် ။ ရန်ကုန်မှ အပြန်တွင် နေရာအဆင်ပြေစေရန်
သဘေီာသားအိပ်ခန်းကို ငှား၍ကလေးများကို နေရာချထားခဲ့ပါသည် ။ ရန်ကုန် - လပွတ္တာ
ခရီးစဉ်ကို ပြေးဆွဲနေကြသော သင်္ဘောများတွင် အောက်ထပ်ပဲ့ပိုင်းမှာ
သင်္ဘောသားဝန်ထမ်းများ၏ အိပ်စင်များရှိပါသည် ။ သင်္ဘောသားတို့က
တာဝန်ချိန်နှင့်ညှိနှိုင်းပြီး အိပ်စင်များကို ခရီးသည်တို့အား ငှားလေ့ရှိကြပါသည် ။
အပိုဝင်ငွေအတွက်ဖြစ်ပါ၏ ။ ထိုနေရာတွင် ကလေးများကို နေရာချထားခဲ့သော ကိုစိန်မောင်သည်
အပေါ်ထပ်ဦးခန်းတွင် မိတ်ဆွေများနှင့် လုပ်ငန်းကိစ္စများကို ပြောဆိုနေကြစဉ် သင်္ဘောက
တိမ်းစောင်းမှုဖြစ်ခဲ့ပါ၏ ။ ထိုဦးခန်းပြတင်းပေါက်မှ ခုန်ချကူးခတ်ခဲ့သူများမှာ
အသက်ရှင်ခဲ့ကြပါသည် ။ ကိုစိန်မောင်ကတော့ ခုန်ချထွက်ပြေးသူများတွင်မပါဝင်ခဲ့ပါ ။
ကလေးများရှိရာ သင်္ဘော အောက်ထပ်ပဲ့ပိုင်းဆီသို့ အရောက်သွားခဲ့ပါသည် ။
ရင်သွေးနှစ်ဦးကို စွန့်ခွာသွားနိုင်သော စိတ်ထား
မရှိခဲ့ပါ ။ ပြန်လည်တွေ့ရချိန်တွင် သားသမီးနှစ်ဦးက
ဖက်ထားသော ကိုစိန်မောင်တို့ မိသားစုကို သွားရောက်သဂြိုလ်မှုပြုခဲ့ရသည့် အစ်ကိုက
ယခုထက်တိုင်ကြုံသည့်အခါတိုင်း ပြောပြနေဆဲဖြစ်ပါသည် ။ ကျန်ရစ်သူဇနီးကလည်း
မကိုခင်လို့ ဥကိုခင်တာ ဟု မျက်ရည်လည်ရွဲပြောပြဆဲ ဖြစ်ပါသည် ။ မိဘမေတ္တာကို
အသက်နှင့်ရေးထိုးသွားသော ကိုစိန်မောင်ကို မောင်ကျော်ထွေး၏ မိဘများကမူ ညံ့သူဟု
သဘောထားကြလေမည်လား မသိနိုင်ပါ ။
ဤလူ့လောကကြီးသည် မိဘများမှ
သားသမီးများ ၊ သားသမီးများမှ မိဘများ စသည်ဖြင့် မျိုးဆက်များဖြည့်ဆည်းကာ
လူ့ဘောင်လောကကို တိုးတက်မြင့်မားအောင်အလှဆင်နေကြရပါလိမ့်မည် ။ အပြန်အလှန်လေးစားမှု
အားနည်းခြင်းမှသည် သံယောဇဉ် နှင့် မေတ္တာတရားတို့ပျောက်ပျက်သွား မည့် လောကကြီးကို
လူသားတို့ တည်ဆောက်သင့်ပါသလားဆိုသည်ကိုမူ ကမ္ဘာစစ်ကြီးနှစ်ခုက ထင်ရှားစွာ
ပြသသွားခဲ့ပြီးဖြစ်သည်ဟု ထင်မြင်နေမိပါတော့သည် ။
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့်
ဦးဆောင်နိုင်ကြပါစေ ...
( Nov ; 7 ; 2012 )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။