ဂီတလောကမှာ ဝါသနာတစ်ခု အရင်းခံပြီး တိုးဝင် လှုပ်ရှားလာတဲ့ အဆိုရှင်အသစ် များစွာအနက်၊ ကရင်တိုင်းရင်းသား၊ အဆိုရှင်အသစ် မိုးထက်နဲ့ လျှပ်တစ်ပြက် တွေ့ဆုံခဲ့ပါတယ်။ 'မမုန်းပေမယ့်' တေးစီးရီး အခွေအသစ်ကို ပရိသတ်လက်ဝယ်သို့ ပို့ဆောင်ဖို့ အရေး VCD သီးသန့်သာ ခံစားကြည့်ရှုနိုင်အောင် ကြိုးစား ဖန်တီးထားတာကို တွေ့မြင်ရပါတယ်။ လူငယ်ပီပီ၊ တက်ကြွသော လှုပ်ရှားမှုများနဲ့ ဂီတလောကသို့ ခြေချလာခဲ့တဲ့ တေးသံရှင် မိုးထက်နဲ့ ပြောဖြစ်ခဲ့သည်များမှာ...
မိုးထက်ဆိုတဲ့ ဒီနာမည်နဲ့ Series ခွေထုတ်ဖြစ်တဲ့ အကြောင်းနဲ့၊ သီချင်း အမျိုးအစားတွေရယ် Own Tune ဆိုလည်း ကိုယ်တိုင်ရေးထားတာပါလား ဒါမှမဟုတ် သူငယ်ချင်းတွေ ရေးပေးထားတာလား။
စလုပ်ဖြစ်တာက ဝါသနာတော့ပါပေမယ့် ဒီလို မြန်မြန်ဆန်ဆန်ကြီး လုပ်ဖြစ်မယ်လို့ မမျှော်လင့်ထားဘူး။ ဒီနေ့ ဒီရက်မှာ ဒီ Series ခွေကို စဖြန့်မယ်ဆိုပြီး သေသေချာချာ လုပ်ထားတာမရှိဘူး။ Producer ပေါ်လာလို့လုပ်ဖြစ် သွားတာ။လွန်ခဲ့တဲ့သုံးလကမှစလုပ်တာ အခုဆို VCD တောင်ထွက်တော့မှာ။ သီချင်းတွေက အရင်ထဲက အဆင်သင့် ရှိနေတာပါ။ (၁၃)ပုဒ်ပါမယ်။ ကျွန်တော်ရေးတာ လေး၊ငါးပုဒ်ပါတယ်။ နာမည်ကြီး တေးရေးတွေတော့ မပါဘူး။ ကျွန်တော့် သူငယ်ချင်းတွေ၊ အစ်ကိုတွေလို ဖြစ်နေတဲ့ အဆီး၊ ကိုအောင်၊ ဂျီကိုလင်း၊ မျိုးဦး၊ ချွမ်းချွမ်း၊ ရာဇ၊ ဒီမို၊ ကိုမင်းနဲ့ ကျွန်တော်တို့ ရေးထားတာပါ။
တေးရေးဆရာ အသစ်တွေနဲ့ ဂီတလောကကို အဆိုရှင်အသစ်တစ်ယောက် အနေနဲ့ ဝင်လာတဲ့ အနေအထား တစ်ခုမှာ ပရိသတ်အတွင်း ထိုးဖောက်နိုင်အောင် ကိုယ့်အနုပညာကို ဘယ်လောက်ထိ ဆန်းပြားအောင် လုပ်ထားလဲ။ စီးရီးအခွေမှာ ထူးခြားအောင် ဘာတွေပြင်ဆင်ထားရလဲ။
ပရိသတ်ကိုတော့အကောင်း ဆုံးချပြချင်တယ်။ Producer အပေါ်လည်း မူတည်တယ်။ သူကလည်း ကျွန်တော် သီချင်းဆိုတာတွေ့ပြီး ကြိုက်သွားတာပါ။ ကိုယ်ကလည်း ပျော်တာပေါ့နော်။ အခွေထဲမှာ Rock ဘက်က အားလုံး ခွဲထွက်သွားတဲ့ပုံမျိုး ပါတယ်။ Alternative အစစ်ကြီး မဟုတ်ဘဲ Pop ပုံစံပေါ့နော်။ သီချင်းတွေကို အဆန်းအပြားကြီး လုပ်လို့လည်း သိပ်မရဘူးလေ။ ကျွန်တော်တို့က အသစ်တွေဆိုတော့ ပိုဆိုးတာပေါ့နော်။ အဆန်းတော့ လုပ်ပြချင်ပေမယ့် ကိုယ်လုပ်ပြတာကို ပရိသတ်လက်ခံ၊ မခံရှိ သေးတယ်။ အဆိုတော် အသစ်တစ်ယောက်ရဲ့ Vocal ပေါက်ဖို့ဆိုတာကလည်း ခဲယဉ်းပါတယ်။ တကယ်ပေါက်သွားတဲ့ လူတွေကဆို သူ့ရဲ့ Vocal ရိုးသားမှုကြောင့်လို့ ပါမယ်ထင်တယ်။ ကျွန်တော်လည်း အသံထွင်ဆိုမထားဘူး။ ကျွန်တော် ဆိုတတ်သလောက်ပဲ ဆိုထားတယ်။ အရှိအတိုင်းပဲ ပရိသတ်ကိုပြချင်လို့ပါ။ အဓိက,က ပရိသတ်ကို ကျွန်တော့်သီချင်းတွေ နားထောင်စေချင်တာပါ။ အဆိုတော်ဆိုတော့ Performance လည်း အများကြီး မပြချင်ဘူး။ Hip Hop နဲ့ R&B လိုလည်း Performance ပြလို့ သိပ်မကောင်းဘူးလေ။ အကောင်းဆုံးဖြစ်အောင် ဆရာတွေနဲ့ ပေါင်းပြီး လုပ်ထားပေမယ့် ပရိသတ်အမြင်မှာ ဘယ်လိုရှိမယ်မှန်းမသိဘူး။
Series Title က ဘယ်လိုပေးထားလဲ။ ပါဝင်တဲ့သီချင်းတွေ အကြောင်းလည်း ပြောပြပါဦး။
'မမုန်းပေမယ့်'လို့ ပေးထားတယ်။ ကျွန်တော့်ဆရာကိုရာဇာရေးပေးထားတာပါ။ 'လှည်းတန်းအလွမ်း'သီချင်းနဲ့ 'အကြင်နာမေဂျာ'က ကျွန်တော်ကိုယ်တိုင် ရေးထားတာပါ။ 'သူ့စတိုင်လ်နဲ့ ငါ့စတိုင်လ်'၊ 'ကြိုးစားမှု'၊ 'စိတ်နာတယ်'၊ 'အဆုံးအစ'၊ 'သတိရနေပေးပါ'၊ 'အချစ်ကမ္ဘာငယ်'သီချင်းကျ နိုဗယ်ကျော်ကျော်နဲ့ အတွဲဆိုတာပါတယ်။ 'ပျံသန်းတော့'၊ 'အသင့်ရှိနေမယ်'၊ 'မန္တလာသူသို့လွမ်းခြင်း'နဲ့ 'အလှဘုရင်'။
သီချင်းခွေ CD က မထွက်တော့ဘဲ VCD တန်းထွက်မှာပါ။ ဘာလို့လဲဆိုတော့ CD ကို လူစိတ်ဝင်စားမှု နည်းနေလို့ပါ။ ကိုယ်တိုင်ကလည်း မထုတ်နိုင်ဘူး။ Producer ကလည်း ဒီမှာမဟုတ်ဘူးလေ။ သူ့ကိုလည်း အားနာတယ်။ CD အတွက် ကုန်ကျမှုလည်း ရှိနေမှာ စိုးလို့လေ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အရမ်း crazy ဖြစ်တဲ့အဆိုတော်မှ CD ဝယ်နားထောင်ကြတာလေ။ ဒီအတိုင်းကျတော့ VCD ပဲစောင့်ဝယ်ပြီး ကြည့်ရတာဆိုတော့ သူတို့ကို VCD ပဲ တန်းပြ လိုက်တော့မယ်။
ဒါရိုက်တာ ဘယ်သူတွေနဲ့ ရိုက်ထားလဲ။ သီချင်းဘယ်နှပုဒ်ပြီးသွားပြီလဲ။
သီချင်း(၇)ပုဒ်လောက် ရိုက်ပြီးသွားပြီ။ ဒါရိုက်တာက ကိုကျော်ဇေယျ၊ကိုသုံးပေါင်၊ကိုလှသိန်း၊ကိုအဲချစ်ပါမယ်။ ကိုကျော် ဇေယျနဲ့ သုံးပုဒ်၊ ကိုသုံးပေါင် နဲ့လေးပုဒ်၊ ကိုလှသိန်းနဲ့ သုံးပုဒ်၊ ကိုအဲချစ်နဲ့က နှစ်ပုဒ်။ ဗခအသမ တွေက နိုဗယ်ကျော်ကျော်၊ ကိုဇေယျာနိုင်၊ ကိုမင်းရာဇာ၊ ခရစ္စတီးနား၊ ခိုင်ပွင့်၊ ဝတီ၊ နပန ၊ တွယ်တာထွန်း၊ မေဖြူဖြူ၊ မဆုကဗျာ၊ နန်းသူဇာတို့ပါမယ်။ ကျွန်တော့်အဆိုရုပ်နဲ့ သူတို့သရုပ်ဆောင်တာတွေပဲ ထည့်မှာပါ။ ကျွန်တော်ကိုယ်တိုင် သရုပ်ဆောင်ထားပေမယ့် သိပ်အဆင်တော့မပြေဘူး။
သီချင်းတွေကို Actor တွေနဲ့ပေါက်အောင် ဖန်တီးပြီး အကုန်ကျခံ VCD ရိုက်ထားရတော့ ပရိသတ်လက်ခံဖို့ ဘယ်လောက်ထိ မျှော်မှန်းထားလဲ။
သီချင်း(၁၃)ပုဒ်လုံးက ကျွန်တော် အရမ်းကြိုက်တာတွေကြီးပဲ။ အရင်ထဲက ရေးထားတာဖြစ်လို့ ကြာလည်းကြာနေပြီ။ တချို့သီချင်းတွေဆိုရင် ရေးထားတာ (၁ဝ)နှစ်လောက်တောင် ရှိနေပြီ။ ပရိသတ်လက်ခံဖို့ အများကြီး မျှော်လင့်ထားသလို နေရာတစ်ခုလည်း လိုချင်တယ်။ ဒါတွေကလည်း ပရိသတ်က ပေးမှသာ ရမှာလေ။ ဒီလိုဖြစ်ဖို့ဆို ကိုယ့်သီချင်းနဲ့ အသံကလည်း ကောင်းရမယ်။ အားလုံးကတော့ ဘုရားသခင် ပေးသလောက်ပဲရမှာပါ။ ကျွန်တော့် စိတ်ကူးကတော့ ပရိသတ်လက်ခံတယ် ဆိုတာထက် ကျွန်တော် ဆိုချင်တဲ့အချိန်ထိ သီချင်းဆိုနေမှာပဲ။ ကျွန်တော် မဆိုချင်တော့ရင် မဆိုတော့ဘူး။ ပရိသတ်လက်မခံလည်း ဆိုမှာပါပဲ။ ကိုယ်ဖြစ်ချင်တာကို သူတို့လက်ခံအောင် လုပ်မှာပဲ။
Series ထွက်မယ့်ရက် Target ကရော။
(၇)လပိုင်းနဲ့ (၈)လပိုင်းကို မှန်းထားတယ်။ ဆင်ဆာကျမယ့် ရက်ပေါ့နော်။
S.P


No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။