ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ added 2 new photos.
#သင့်လေထီးကို ဘယ်သူထုတ်ပိုးပေးသလဲ
ဒီအဖြစ်မှန် အကြောင်းအရာလေးကို Who Packs Your Parachute? ဆိုပြီ အင်တာနက်ပေါ်မှာ မကြာခဏ တွေ့မိပါတယ်။ ဒါပေမဲ့ ဖတ်ကြည့်တော့ သိပ်နားမလည်လို့ စိတ်မဝင်စားခဲ့ပါ။ အခု ထပ်ဖတ်ကြည့်တော့မှ အင်မတန် အဓိပ္ပာယ်ရှိတဲ့ ဆောင်းပါးလေး ဖြစ်နေတာကို တွေ့ရပါတယ်။
ချားလ်စ်ပလန့်ဘ် (Charles Plumb) ဟာ ဗီယက်နမ်စစ်ပွဲကာလအတွင်းမှာ
အမေရိကန်ရေတပ်စစ်သင်္ဘောကြီးတစ်စီးရဲ့ တိုက်လေယဉ်ပျံမောင်းတဲ့
ပိုင်းလော့တစ်ယောက် ဖြစ်နေပါတယ်။ သူဟာ သူ့တိုက်လေယဉ်နဲ့
လေယဉ်စီးချင်းတိုက်ပွဲပေါင်း ၇၄ ကြိမ်မှာ ပါဝင်ခဲ့ပြီးပါပြီ။ အခု ၇၅
ကြိမ်မြောက် လေယဉ်တိုက်ပွဲမှာ သူ့လေယဉ်ဟာ မြေပြင်က ပစ်လိုက်တဲ့
ဒုံးကျည်ထိမှန်ပြီး မီးလောင် ပျက်ကျသွားတယ်။ သူလည်း လေထီးနဲ့ ခုန်ချလိုက်တာ
လယ်ကွင်းပြင်တစ်ခုပေါ် ကျသွားတယ်။ ရန်သူဗီယက်ကောင်း စစ်သားတွေရဲ့
အဖမ်းခံရပြီး သုံ့ပန့်အကျဉ်းစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတယ်။ ၆
နှစ်ကြာမှ ပြန်လွှတ်လာခဲ့တယ်။
တစ်ညနေခင်းမှာ ချားလ်စ်ဟာ သူ့မြို့က စားသောက်ဆိုင်တစ်ခုမှာ သူ့မိန်းမနဲ့ ညစာစားနေတုန်း လူတစ်ယောက်ဟာ တခြားစားပွဲက ထလာပြီး သူ့ကို လာနူတ်ဆက်ရင်း ခုလိုပြောလိုက်တယ်။
- "ခင်ဗျား ဗိုလ်ကြီးပလန့်ဘ် မဟုတ်လား။ ခင်ဗျား ကစ်တီဟော့ စစ်သင်္ဘောကြီးပေါ်ကနေ ဗီယက်နမ်ကို တိုက်ပွဲဝင်ခဲ့တဲ့ ဂျက်တိုက်လေယဉ်မောင်းတဲ့ ပိုင်းလော့လေ။ ခင်ဗျားလေယဉ်ဟာ ဗီယက်နမ်မှာ ပစ်ချခံရတယ်လေ"
ချားလ်စ် သူ့ကို လုံးဝမမြင်ဖူးပါ။ ဒါကြောင့် သူက အဲဒီလူကို ခုလို ပြန်မေးဘိုက်တယ်။
- "ခင်ဗျား ဒီအကြောင်းတွေ ဘယ်လိုသိသလဲ"
အဲဒီလူက ပြုံးရင်းနဲ့ "ကျွန်တော် ခင်ဗျားရဲ့ လေထီးကို ထုတ်ပိုးပြင်ဆင်ပေးသူပါ" လို့ ပြန်ပြောလိုက်တယ်။ ချားလ်ဟာ သူ့ကို လက်ဆွဲနူတ်ဆက်လိုက်တယ်။
သူက "ကျွန်တော် ပြင်ပေးလိုက်တဲ့ လေထီး အလုပ်ဖြစ်ပါတယ်နော်"လို့ ပြောတော့ ချားလ်စ်က "ခင်ဗျားလေထီး အလုပ်ဖြစ်လို့ အခု ကျုပ်ကို မြင်တွေ့နေရတာပေါ့" လို့ ရယ်မောရင်း ပြန်ပြောလိုက်တယ်။
အဲဒီညမှာ ချားလ်စ် အိပ်မပျော်ဘဲ အဲဒီလူအကြောင်းကို စဉ်းစားတွေးနေမိတယ်။ သူက အဲဒီအကြောင်းကို ခုလို ပြန်ပြောပြတယ်။
- "ကျွန်တော် သူ့ပုံစံကို ပြန်စဉ်းစားကြည့်မိတယ်။ ရေတပ်သားယူနီဖေါင်းအဖြူ၊ဦးထုတ်ဖြူဖ၊ လယ်စီးအနက်နဲ့ပါ။ ကျွန်တော် သူ့ကို ဘယ်နှကြိမ်တွေ့မိသလဲ။ တွေ့လည်း ဂရုစိုက်မိမယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ရေတပ်သားတစ်ယောက်၊ ကျွန်တော်က တိုက်လေယဉ်မှူး ဗိုလ်ကြီးပါ"
နောက်ပြီး ချားလ်စ်ဟာ အဲဒီလူရဲ့ လေထီးကို သေချာထုတ်ပိုးနေတာကို မျက်စိထဲ မြင်လာတယ်။ အဲဒီလူဟာ သူနဲ့ မသိတဲ့ လူအတွက် လေထီးကို သေသေချာချာ ပြင်ပေးမေတယ်။ သူဟာ မသေမချာ လုပ်ပေးရင် ဖြစ်ဖြစ် အမှားတစ်ခုပါသွားရင် ချားလ်စ်ဟာ လေထီးမပွင့်ဘဲ မြေပြင်ပေါ် တိုက်ရိုက်ထိုးကျသေနေလောက်ပါပြီ။အဲဒီအခါကျမှ သူဟာ သူ့အသက်ကို သူမသိတဲ့ ရေတပ်သားရဲ့ လက်ထဲမှာ အပ်ထားတာကို သိနားလည်လိုက်တယ်။ သူ အဲဒါကို ကျေးဇူးတင်ရကောင်းမှန်း မသိခဲ့ပါဘူး။
ချားလ်စ်ဟာ လေတပ်က ထွက်ပြီးတဲ့အခါ အောင်မြင်တဲ့ စိတ်ဓာတ်မြှင့်တင်ရေးဟောပြောသူ motivational speaker တစ်ယောက် ဖြစ်လာခဲ့တယ်။ သူ့ဟောပြောပွဲတွေမှာ သူမေးခွန်းတစ်ခုကို အမြဲမေးလေ့ရှိတယ်။ မေးခွန်းက Who's packing your parachute? ခင်ဗျားလေထီးကို ဘယ်သူ ပြင်ပေးနေသလဲ။ ခင်ဗျားကို ဘေးအန္တရာယ်ကင်းအောင် ဘယ်သူ လုပ်ပေးနေသလဲ။ သူတို့ကို ကျေးဇူးမတင်သင့်ဘူးလားတဲ့။
မှန်ပါတယ်။ ယနေ့ ကျွန်တော်တို့ လေယဉ်စီး ခရီးသွားတယ်။ ခရီးဆုံးရောက်တဲ့အခါ အန္တရာယ်ကင်းကင်းနဲ့ ပို့ဆောင်ပေးတဲ့ လေယဉ်မှူးနဲ့ သူ့အဖွဲ့သားကို ကျေးဇူးတင်ကြောင်း ပြောဖူးသလား။ ခရီးဝေးသွားတဲ့ အမြန်ယဉ်ကြီးမောင်းတဲ့ ကားမောင်းသူကို ကားပေါ်က မဆင်းခင် ကျေးဇူးတင်စကား ပြောဖူးပါသလား။ နေ့စဉ်စီးနေတဲ့ ဘတ်စ်ကား၊ ရထား၊ တက္ကစီမောင်းသူတွေကို ကျေးဇူးတင်စကားပြောဖူးပါသလား။ နှုတ်နဲ့ ကျေးဇူးတင်စကား မပြောရင်တောင် အနည်းဆုံး သူတို့ကို မေတ္တာပို့ ဆုတောင်းပေးဖူးပါသလား။ နေ့စဉ် ကျွန်တော်တို့ရဲ့ အသက်တွေကို သူတို့လက်ထဲမှာ အပ်နှံထားတယ်ဆိုတာ မမေ့သင့်ပါ။
နောက်ပြီး သင့်ကို ကူညီပေးနေတဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောမိရဲ့လား။ သင် ကားကို ဘေးကင်းကင်း မောင်းနိုင်ဖို့ မိုးရွာရွာ နေပူပူ လမ်းခင်းပေးနေတဲ့ အလုပ်သမားတွေကို ကျေးဇူးတင်တဲ့ စိတ်မပေါ်လာဖူးဘူးလား။ ဒီဆောင်းပါးလေးဟာ အတွေးတွေ အများကြီးပေါ်လာစေခဲ့ပါတယ်။
မှတ်ချက်။ အင်တာနက်ပေါ်က ဆောင်းပါးတစ်ပုဒ်ကို မှီးရေးထားတာပါ။
ဗန်းမော်သိန်းဖေ
၀၃-၁၂-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။