ကျားနဲ့ ယုန်
ခေတ်မီတဲ့ကျားတစ်ကောင်ဟာ အမဲကောင်ကိုချောင်းပြီး အလစ်ဖမ်းစားရတာ ကြာတော့ ပျင်းလာတယ်။
အချောင်သက်သက်သာသာနဲ့ စားချင်လာတယ်။ ဒါနဲ့ ကျားဟာ အကြံထုတ်တယ်။ ကျားဆိုတော့ သိပ်ကြာကြာ မစဉ်းစားရပါဘူး၊ အကြံရတာပေါ့။ ဒါနဲ့ ကျားဟာ သူ့အကြံကို အကောင် အထည်ဖော်တော့တယ်။ ပထမဆုံး သမင်တစ်ကောင်ကို ဖမ်းလိုက်တယ်။ ပြီးတော့ မစားဘဲ ဒီလိုပြောပြီး ပြန်လွှတ်လိုက်တယ်။

“ ငါ မင်းကို စတာပါကွာ၊ ဒီနေ့ကစပြီး အသားမစားတော့ဘူး၊ သက်သတ်လွတ်အသီးအနှံစားပြီး ဥပုသ်ရက်ရှည်စောင့် အဓိဋ္ဌာန် ၀င်မလို့ကွ ” တဲ့။
ကျားပါးစပ်ထဲကထွက်လာတဲ့သမင်ဟာ ၀မ်းသာအားရပြေးလာပြီး တစ်တောလုံးကို ဒီအကြောင်း လျှောက်ပြောပြတယ်။ ဒါပေမယ့် ဘယ်သူမှမယုံပါဘူး။ သမင်က ကျိန်တွယ်ပြောတော့ ပညာရှိယုန်က စဉ်းစားတယ်။
“ ခဏနေကြအုံး ငါကိုယ်တိုင် စမ်းမယ် ” ဆိုပြီး ကျားဆီကိုထွက်သွားတယ်။ ကျားဆီရောက်တော့….
“ သမင်ပြောတာဟုတ်လား၊ ကျုပ်မယုံဘူး၊ မြက်စားပြမှယုံမယ်” လို့ပြောတယ်။ ကျားပဲ….ဒါမျိုးစမ်းလို့ ဘယ်ရမလဲ။ မြက်တွေကိုချက်ချင်းကောက်စားပြတာပေါ့။
ဒီတော့ပညာရှိယုန်အတည်ပြုလိုက်ပြီး တစ်တောလုံး ယုံသွားကြပြီပေါ့။
နေ့တိုင်းကျားရဲ့ဂူမှာ အသီးအနှံလာပို့သူတွေနဲ့ ကြက်ပျံမကျ စည်ကားနေတာပေါ့။
ဒါပေမယ့် ထူးဆန်းတာတစ်ခုက တိရ စ္ဆာန်တွေထဲက အားအရှိဆုံး၊ အသားအများဆုံးသတ္တ၀ါတွေဟာ
ကျားဂူသွားရင်း ထူးဆန်းစွာပျောက်ဆုံးသွားကြတယ်။
ဒီလိုဖြစ်ပေမယ့် ကျားကိုတော့ မယုံသင်္ကာမဖြစ်ကြပါဘူး။ တခြားအကြောင်းကြောင့်လို့ပဲ ထင်နေကြတယ်။

ကျားပါးစပ်ထဲကထွက်လာတဲ့သမင်ဟာ ၀မ်းသာအားရပြေးလာပြီး တစ်တောလုံးကို ဒီအကြောင်း လျှောက်ပြောပြတယ်။
ကျားရဲ့ပုံစံကလဲ မထင်ရက်စရာ၊ မျက်နှာလေးက အမြဲချိုပြီး စကားသံလေးက ခပ်အေးအေး၊ အမြဲတမ်း ဣနြေ္ဒအပြည့်။ ဒါပေမယ့် ပျောက်သူများလာတော့ မနေသာကြတော့ဘူး။ ပညာရှိယုန်ကိုပဲ အကျိုးအကြောင်းပြောဆိုပြီး စုံစမ်းခိုင်းကြတယ်။ အကူအညီတောင်းကြတယ်။ ယုန်လည်းစုံစမ်းဖို့ ကျားဆီ ထွက်လာခဲ့တယ်။ ကျားဟာယုန်လာတာကိုမြင်တာနဲ့ ပျာပျာသလဲကြိုဆိုတယ်။ လိုလေသေးမရှိ ဧည့်ခံတယ်။ ယုန်လည်းလာရင်းကိစ္စ မေ့သွားတယ်။
အနံ့တစ်ခုရတော့မှ သတိပြန်ရတယ်။ သေချာတယ်…ကျားရဲ့ပါးစပ်ကနံတာ။ ပညာရှိယုန်ပဲ သိပြီပေါ့။
ကျားကလဲသိပ်လျင်တော့ ယုန်အခြေအနေကို သဘောပေါက်သွားတယ်။ ကျားပဲ…ဘယ်ရမလဲ
“ ငါ့အကြောင်းကို မင်းသိပြီမဟုတ်လား၊ သူများတွေကိုမင်းလျှောက်မပြောနဲ့၊ ပြောရင် မင်းကို ငါ သတ်စားမယ်၊ မပြောရင် လူအများရှေ့မှာ မင်းကို ဆရာခေါ်မယ်” လို့ ညှိတယ်။
ဘာကောင်ဖြစ်ဖြစ် ကိုယ့်အသက်တော့ ကိုယ်မြတ်နိုးတာပဲမဟုတ်လား၊ ပြေလည်သွားတာပေါ့။
ဒီလိုနဲ့ နှစ်တွေသာကြာသွားတယ်ဒီကိစ္စ စုံစမ်းမရတော့ဘူး၊ ကျားဂူမှာ စည်ကားဆဲ၊ ကျားကလဲ သက်သတ်လွတ်စား ဥပုသ်စောင့်မြဲ။ တိရ စ္ဆာန်တွေကလည်း ပျောက်မြဲပေါ့လေ..
ဒါပေမယ့် ယုန်ကတော့ ကျားရဲ့ဆရာဖြစ်သွားပြီလေ…….
သော်ဇင်အုန်း
– ဟန်သစ် မဂ္ဂဇင်း၊ ဇူလိုင်လ ၁၉၉၂
===============================
San.

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။