အရင်ခေတ်တုန်းက လူတော်တော်များများက ထင်ပေါ်ကျော်ကြားတဲ့ ကလေးငယ်တွေဆိုရင် ရုပ်ရှင်ကလေးသရုပ်ဆောင်တွေနဲ့ တီဗီအစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ကလေးငယ်တွေကိုပဲ တွေးမြင်တတ်ကြပါတယ်။ Mary-Kate နဲ့ Ashley Olsen လိုမျိုး ကလေးသရုပ်ဆောင်တွေ ဒါမှမဟုတ် Home Alone ဇာတ်ကားနဲ့ ကျော်ကြားလာတဲ့ Macaulay Culkin တို့ကို ပြေးမြင်ကြပါတယ်။ တချို့လူတွေအတွက်တော့ Judy Garland ဒါမှမဟုတ် Shirley Temple ကို တွေးမိကြပါတယ်။
ယနေ့ခေတ်မှာတော့ ထင်ပေါ်ကျော်ကြားတဲ့ ကလေးငယ်တွေက သရုပ်ဆောင်တွေပဲ မဟုတ်တော့သလို YouTube ကြယ်ပွင့်တွေအဖြစ် ပါဝင်လာပါပြီ။
အဲဒီ YouTube ကလေးကြယ်ပွင့်တွေထဲမှာ အသက် ၆ နှစ်အရွယ် Ryan အမည်ရ ကလေးငယ်ဟာ အရုပ်တွေနဲ့ ကစားပြပြီး ကမ္ဘာတစ်ဝန်းက ကလေးငယ်သန်းပေါင်းများစွာကို ဆွဲဆောင်ထားပါတယ်။
Ryan အသက် ၃ နှစ်ပြည့်ပြီးတဲ့နောက်မှာ သူ့ရဲ့မိဘတွေဟာ အရုပ်တွေ ဖွင့်ဖောက်ပြီး ကစားတာကို ဗီဒီယိုရိုက်ကူးထားပါတယ်။ Ryan က အရုပ်တွေနဲ့ကစားပြီး သုံးသပ်ထားတဲ့ ဗီဒီယိုတွေကို “Ryan ToysReview” အမည်ရတဲ့ YouTube channel မှာ တင်ခဲ့ပါတယ်။
Ryan ရဲ့မျိုးရိုးနာမည်နဲ့ နေရပ်ကို အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ လျှို့ဝှက်ထားပါတယ်။
Forbes မဂ္ဂဇင်းရဲ့ ငွေကြေးအများဆုံးရရှိတဲ့ YouTube စွန့်ဦးတီထွင်လုပ်ငန်းရှင် စာရင်းအရ Ryan ဟာ သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာပါတယ်။ အဲဒီစာရင်းမှာ Ryan ဟာ အဆင့် ၈ နေရာမှာရှိပြီး ၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်ကနေ ၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက်အတွင်း စီမံခန့်ခွဲမှု အခကြေးငွေနဲ့ အခွန်မဆောင်ခင်မှာ ဒေါ်လာ ၁၁ သန်း ရှာဖွေနိုင်ခဲ့ပါတယ်။ Anthony Padilla နဲ့ Ian Hecox တို့ဖန်တီးခဲ့တဲ့ Smosh ဟာသ channel မှာလည်း Ryan က ပါဝင်ခဲ့ပါတယ်။
နေရာအနှံ့အပြားက ကလေးငယ်တွေဟာ Ryan ရဲ့ဗီဒီယိုကို တစ်ရက်မှာ နာရီပေါင်းများစွာ ကြည့်ရှုပြီး သူ့ပုံစံအတိုင်း ကိုယ်ပိုင် YouTube channel တွေ စတင်နေပါတယ်။ သူ့ရဲ့ ပရိသတ်လေးတွေအတွက် Ryan ဟာ သူစိမ်းမဟုတ်ဘဲ သူတို့ရဲ့ သူငယ်ချင်း ဖြစ်နေပါတယ်။
ကမ္ဘာပေါ်က ငွေကြေးအများဆုံးရရှိနေတဲ့ YouTube ကြယ်ပွင်တွေရဲ့ စုစုပေါင်းဝင်ငွေက ဒေါ်လာ ၁၂၇ သန်း ရှိတဲ့အတွက် အရင်နှစ်ကထက် ၈၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ကြည့်ရှုသူတွေ များပြားလာမှုနဲ့ ကြော်ငြာဝင်ငွေရရှိလာမှုတို့ကြောင့် YouTube ကြယ်ပွင့်တွေရဲ့ ဝင်ငွေ တိုးတက်လာတယ်လို့ Forbes က ဖော်ပြခဲ့ပါတယ်။ “Ryan ToysReview” ကရရှိတဲ့ ဝင်ငွေကလည်း တိုးတက်လာပါတယ်။
Ryan ဟာ Lego Duplo ရထားအရုပ်တွေနဲ့ပတ်သက်တဲ့ ရိုးရှင်းတဲ့ ၁၅ မိနစ်စာ ဗီဒီယိုကနေ အင်တာနက်ပေါ်မှာ လူသိများလာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့မိသားစုဟာ ဗီဒီယိုရိုက်ကူးပြီး တင်တာကို ၂၀၁၅ ခုနှစ် မတ်လမှာ စတင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ၃ နှစ်အရွယ် Ryan ရဲ့ဗီဒီယိုက ကြည့်ရှုသူက အလွန်နည်းပါးပါတယ်။ ပထမဆုံးဗီဒီယိုမှာ သူက Lego box ကိုဖွင့်ပြီး block တွေကိုဆက်ပြီး ကစားနေတာ ဖြစ်ပါတယ်။
“Ryan က အရုပ်နဲ့ ပတ်သက်တဲ့ သုံးသပ်ချက် channel တွေအများကြီးကြည့်တယ်လေ။ သူ့အကြိုက်တွေက EvanTubeHD နဲ့ Hulyan Maya တို့ပဲ။ သူတို့က Thomas the Tank Engine ဇာတ်ကောင်နဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေ လုပ်လေ့ရှိတယ်။ ဒါကြောင့်ပဲ Ryan က Thomas ကိုအရမ်းနှစ်သက်တာ” လို့ Ryan အမေဖြစ်သူက ပြီးခဲ့တဲ့နှစ်အတွင်း TubeFilter ကိုပြောခဲ့ပါတယ်။
“တစ်ရက်မှာ သူက ကျွန်မကို မေးတယ်။ အခြားကလေးတွေ အားလုံး YouTube ပေါ်မှာ ရှိနေချိန်မှာ သူဘာလို့ မရှိတာလဲတဲ့။ ဒါနဲ့ ကျွန်မတို့က ဆုံးဖြတ်လိုက်တယ်။ ဒါကို လုပ်နိုင်တယ်ဆိုပြီး သူ့အတွက် ပထမဆုံး အရုပ်ဝယ်ပေးဖို့ စတိုးဆိုင်ကို ခေါ်သွားလိုက်တယ်။ အဲဒါက Lego train set လို့ကျွန်မထင်တယ်။ အဲဒီကနေ စတာပါပဲ”
သိပ်မကြာခင်မှာပဲ Ryan ဟာ တစ်ခါမှာ အရုပ်တစ်ရုပ်တည်းနဲ့ မကစားတော့ဘဲ နှစ်ရုပ်ကနေ နောက်ပိုင်းမှာ အရုပ်ဒါဇင်ပေါင်းများစွာနဲ့ ကစားလာပါတယ်။ လေးလလောက်အကြာမှာတော့ သူ့ channel မှာကြည့်ရှုသူတွေ များလာပြီး တစ်ကြိမ်တည်းမှာ အရုပ်ရာပေါင်းများစွာကို Ryan ကသုံးသပ်တဲ့ ဗီဒီယိုက အင်တာနက်မှာ အရမ်းကို ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီ ဗီဒီယိုရဲ့ခေါင်းစဉ်ကို “100+ cars toys GIANT EGG SURPRISE OPENING Disney Pixar Lightning McQueen kids video Ryan ToysReview” လို့ပေးခဲ့ပါတယ်။
“Ryan ToysReview” ဟာ အောင်မြင်မှု ရရှိလာပါပြီ။ လစဉ်ကြည့်ရှုသူဦးရေကလည်း နှစ်ဆရှိလာပါတယ်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ channel ကို subscribe ပြုလုပ်သူ တစ်သန်းပြည့်မြောက်ခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ subscribe ပြုလုပ်သူ ငါးသန်းရှိလာပြီး အခုဆိုရင် ၁၀ သန်းကျော်ရှိလာပါပြီ။
ဇွန်လအတွင်းမှာ “Ryan ToysReview”ဟာ အမေရိကန်နိုင်ငံမှာ ရက်သတ္တပတ် ၄၀ ဆက်တိုက် လူကြည့်အများဆုံး YouTube channel အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ စက်တင်ဘာလအတွင်းက Ryan ရဲ့ကလေးငယ်တစ်ယောက်ရဲ့ သိပ္ပံစမ်းသပ်မှုကို ပြသထားတဲ့ ဗီဒီယိုတွေထဲက တစ်ခုမှာ NBA ကစားသမား ကီဗင်ဒူရန့် ပါဝင်လာပါတယ်။
Ryan ရဲ့ကျော်ကြားမှုက သဘာဝကျပါတယ်။ နေ့တိုင်းလိုလို အရုပ်ကို ဖွင့်ပြီး ကစားရတဲ့ ကလေးငယ်တိုင်း မက်မောရတဲ့ အလုပ်တစ်ခုကို သူရရှိထားပါတယ်။ Ryan က မျက်နှာချိုတဲ့အတွက် မိဘတွေနဲ့ ကလေးတွေက သဘောကျကြပါတယ်။
တစ်ကိုယ်ရေ vlog နဲ့ unboxing ဗီဒီယိုတွေ ပေါင်းစပ်ထားတဲ့ channel တစ်ခုဖြစ်တယ်လို့ Ryan ToysReview နဲ့ပတ်သက်ပြီး The Verge ကပုံဖော်ခဲ့ပါတယ်။
“Unboxing” ဟာ ဒီနေ့ခေတ် YouTube မှာ အထူးဆန်းဆုံးနဲ့ အမြတ်အများဆုံး ရရှိနေတဲ့ ဗီဒီယိုအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အဲဒီ ဗီဒီယိုဟာ လူတွေက အသစ်ဝယ်ယူထားတဲ့ ထုတ်ကုန်တွေဖြစ်တဲ့ နောက်ဆုံးပေါ် Apple ထုတ်ကုန်တွေနဲ့ Chanel,Louis Vuitton ဘူးတွေ ဖွင့်ပြတာကို ရိုက်ထားတဲ့ ဗီဒီယိုလို့ The Washington Post ရဲ့ ရော်ဘင်ဂစ်ဟန်က ရှင်းပြခဲ့ပါတယ်။
တစ်စုံတစ်ယောက်က Ryan ရဲ့ဗီဒီယိုတွေထဲက တစ်ခုကို click နှိပ်လိုက်တာနဲ့ သူ့မိသားစုက ငွေကြေး ရရှိနေပါတယ်။ အဲဒီ channel မှာ ကြော်ငြာနဲ့ ကြော်ငြာတွေဆီရောက်နိုင်တဲ့ လင့်ခ်တွေ ရှိပါတယ်။
“တကယ်လို့ ထုတ်ကုန်တစ်ခုကို ကြည့်ရှုတဲ့ အရေအတွက် ၁၀ သန်း၊ သန်း၂၀ ရှိတယ်ဆိုရင် Ryan ကလည်း နှစ်သက်သလို အခြားကလေးတွေကလည်း နှစ်သက်တယ်ဆိုရင် လက်လီဆိုင်တွေမှာ သက်ရောက်မှုအား ကြီးမားပါတယ်” လို့ Toys, Tots, Pets နဲ့အခြား review ဆိုက်တွေရဲ့ အမှုဆောင်အရာရှိချုပ် Jim Silver က Ryan အသက်ငါးနှစ်အရွယ်မှာ ပြောခဲ့ဖူးပါတယ်။ “ကျွန်တော်တို့ မြင်ရသလောက် သူဟာ အလွန်ငယ်ရွယ်တဲ့ အရွယ်မှာပဲ အောင်မြင်မှု ရနေပါတယ်။ ကလေးတော်တော်များများက သုံးသပ်မှုတစ်ခု ပြုလုပ်ဖို့ ဝေါဟာရနဲ့ ရင့်ကျက်မှုက ခြောက်နှစ်ကျော်လောက်မှာ ရတာပါ”
Ryan အနေနဲ့ channel ရဲ့ဗီဒီယို ၉၉ ရာခိုင်နှုန်းလောက်က ကြော်ငြာတွေ မဟုတ်ပါဘူး။ အဲအချိန်မှာ Ryan သုံးသပ်ခဲ့တဲ့ အရုပ်တွေကို မိဘတွေက ဝယ်ယူပေးခဲ့ရတာဖြစ်ပါတယ်။ Ryan အနေနဲ့ အရုပ်အရေအတွက် ဘယ်လောက်များများ သုံးသပ်ခဲ့တာကြောင့် စပွန်ဆာရရှိခဲ့တယ်ဆိုတာ သေချာမသိရပါဘူး။ ဒါပေမဲ့ သူ့ဗီဒီယိုမှာ အရုပ်တွေကို ညွှန်းထားတဲ့ လင့်ခ်ဒါဇင်ပေါင်းများစွာ ပါဝင်ပါတယ်။ ဒါ့အပြင် channel ရဲ့ about စာမျက်နှာမှာ Ryan သုံးသပ်ခဲ့တဲ့ အရုပ်အများစုကို လှူဒါန်းခဲ့တယ်လို့ ဖော်ပြထားပါသေးတယ်။
“ကျွန်မတို့တွေ နေ့တိုင်း ဗီဒီယိုအသစ်တွေတင်ပါတယ်။ တစ်ပတ်မှာ သုံးကြိမ်ကနေ နှစ်ကြိမ်လောက်ရိုက်ကူးပါတယ်။ တစ်ကြိမ်ကို ဗီဒီယို နှစ်ခုကနေ သုံးခုလောက် ရိုက်လေ့ရှိပါတယ်။ ကျွန်မတို့က Ryan ရဲ့နေ့ကလေးထိန်းကျောင်း တက်ချိန်နဲ့ မတိုက်မိအောင် ကြိုးစားပါတယ်။ ဒါကြောင့် ဗီဒီယိုရိုက်ကူးချိန်က အားလပ်ရက်အတွင်းမှာ ပြုလုပ်လေ့ရှိပါတယ်။ သူကျောင်းတက်နေချိန်မှာ ကျွန်မတို့က တည်းဖြတ်ပါတယ်” လို့ Ryan အမေက TubeFilter ကိုပြောခဲ့ပါတယ်။
Ryan ရဲ့ YouTube channel မှာ အခြားမိဘတွေကလည်း ကျေးဇူးတင်တဲ့အကြောင်းကို message ချန်ထားတတ်ပါတယ်။ သူတို့ကလေးတွေက Ryan ဗီဒီယိုကို တစ်ရက်မှာ နာရီပေါင်းများစွာ ကြည့်တဲ့အကြောင်း ပြောကြပါတယ်။
မိဘတစ်ဦးက အခုလိုရေးထားပါတယ်။
“ကျွန်မသားက အော်တစ်ဇင်ရောဂါ ရှိပါတယ်။ Ryan ဗီဒီယိုတွေက သူ့ကို စကားပြောဖို့နဲ့ စိတ်ကူးဉာဏ်သုံးဖို့ အထောက်အပံ့ပေးပြီး အရုပ်တွေနဲ့ ကစားတတ်နေပါပြီ။ အဲဒီဗီဒီယိုတွေကို တစ်ရက်မှာ ကြိမ်ဖန်များစွာ ကြည့်လေ့ရှိပါတယ်။ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်”
အခြားမိဘတစ်ဦးကလည်း “ဟေး Ryan ToysReview ရေ။ ကျွန်မသား ၃ နှစ်အရွယ် အက်စ်ဟာ့ဇ်က မင်း ဗီဒီယိုတွေကို သဘောကျနေတယ်။ သူက မင်းကို နှုတ်ဆက်ချင်နေတယ်။ ပြီးတော့ သူ့ရဲ့ညီလေးလို့ ပြောပါတယ်။ ကျွန်မတို့က အိန္ဒိယကပါ။ ရှင်တို့မိသားစုအပေါ် ဆုတောင်းပေးနေပါတယ်” လို့ ဒီလိုရေးထားပါတယ်။ ကလေးတွေကိုယ်တိုင်ကလည်း မှတ်ချက်တွေ ရေးသားထားပါတယ်။
ကလေးတစ်ဦးက “ဟယ်လို ryan ရေ။ ငါ့အသက်က ၅ နှစ်ရှိပြီ။ င့ါအဖေ account နဲ့သုံးနေတာပါ။ မင်းရော အသက်ဘယ်လောက် ရှိပြီလဲ။ မင်းဗီဒီယိုတွေကို ကြိုက်တယ်” ဆိုပြီး ရေးသားထားပါတယ်။
copy @ internetjournal/စိုးထက်
Ref: TheWashingtonPost
http://www.focusmyanmar.net
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။