Bamaw Thein Pe added 2 new photos.
ကြီးပွားအောင်မြင်ရေးအကျင့် (၂၈)
#လူတွေလိုချင်တာကို_ဖြည့်ဆည်းပေးပါ
ဘီလျံနာသူဋ္ဌေးကြီး ၂ ယောက် ဖြစ်ကြတဲ့ ဘီလ်ဂိတ်နဲ့မတ်ဇာကားဘတ်တို့ ဘာကြောင့် ချမ်းသာနေကြသလဲဆိုတာ ဆန်းစစ်ကြည့်မိပါသလား။
ဘီလ်ဂိတ်ဟာ ငယ်စဉ်ကတည်းက တစ်နေ့မှာ သူတီထွင်လိုက်တဲ့ Microsoft Windows
ဆော့ဖ်ဝဲလ်ဟာ ကမ္ဘာပေါ်မှာ ရှိကြတဲ့အိမ်တိုင်း၊ ရုံးတိုင်းက ကွန်ပျူတာတွေမှာ
သုံးဖို့ရည်မှန်းချက်ပန်းတိုင် ရှိခဲ့တယ်။ နောက်ဆုံး Microsoft Windows
ဆော့ဖ်ဝဲလ်တွေ အောင်မြင်သွားပြီး နိုင်ငံပေါင်းစုံက အဲဒါတွေ ၀ယ်သုံးကြလို့
ဘီလ်ဂိတ်ဟာ အရမ်းချမ်းသာတဲ့ ဘီလျံနာသူဋ္ဌေးကြီး ဖြစ်သွားခဲ့တယ်။
ဒါက ပစ္စည်းတစ်ခုကို ထုတ်လုပ်ရောင်းလိုက်လို့ ၀ယ်သူများပြီး ၀ယ်ကြတာမို့ အမြတ်အစွန်းတွေ ရသွားကြတာပါလို့ လွယ်လွယ်ကူကူ တွေးလိုက်ကြမှာပါ။ တစ်ကယ် စေ့စေ့တွေးကြည့်ရင် ဘီလ်ဂိတ်တီထွင်လိုက်တဲ့ Windows စံနစ်နဲ့ Microsoft ဆော့ဝဲတွေကြောင့် ကွန်ပြူတာ အသုံးပြုရတာ အရမ်းလွယ်ကူ မြန်ဆန်သွားတယ်။ အရင်တုန်းကဆိုရင် ကွန်ပြုတာနဲ့တွက်ချက်ချင်ရင် ခက်ခဲရှုပ်ထွေးလှတဲ့ ပရိုဂရမ်နည်းတွေ တတ်သူသာ လုပ်တတ်တယ်။ အခုတော့ ကလေးကစပြီး အဖိုးကြီး၊ အဖွားကြီးအထိ လူတန်းစားမရွေး Windows ကွန်ပျူတာကို သုံးတတ်ကြတယ်။ သုံးနေကြတယ်။ ဘီလ်ဂိတ်ဟာ လူတွေ ကွန်ပျူတာသုံးရတဲ့ အခက်အခဲကို ဖြေရှင်းပေးလိုက်လို့ ၀ယ်ယူအားပေးမှုနဲ့ကြီးပွားချမ်းသာသွားတာပါ။ ကြီးပွားအောင်မြင်ရင် သူများရဲ့ပြဿနာတွေကို ပြေလည်စေမယ့် နည်းလမ်းမျိုး လုပ်ပေးပါ။
မတ်ဇာကားဘတ်ကျတော့ သူဝါသနာပါတဲ့ ကွန်ပျူတာကို ပရိုဂရမ်နည်းတွေနဲ့ အမျိုးမျိုး ဆော့ကစားတယ်။ ဟားဗတ်တက္ကသိုလ် ဒုတိယနှစ်မှာ facemash ဆိုတဲ့ တက္ကသိုလ်က အချောဆုံးအလှဆုံး အမျိုးသမီး ရွေးချယ်တဲ့ ဂိမ်းတစ်မျိုးကို တက္ကသိုလ်ကျောင်းသားတွေ ကစားဖို့ အပျော်တီထွင်လိုက်တယ်။ အဲဒီ ဂိမ်းဟာ အရမ်းရေပန်းစား ကျော်ကြားသွားတယ်။ တက္ကသိုလ် ဒုတိယနှစ်ကထွက်လိုက်ပြီး facemash ကို နာမည်ပြောင်းထားတဲ့ Facebook ကို တီထွင်လိုက်တယ်။ အဲဒီ Facebook ကြောင့် ကမ္ဘာပေါ်က ဘယ်သူနဲ့မဆို မိတ်ဆွေဖွဲ့လို့ရတယ်။ မိတ်ဆွေအချင်းချင်း သတင်းဖလှယ်လို့ရတယ်။ ဓာတ်ပုံတွေရိုက်ပြီး မိတ်ဆွေတွေ ကြည့်လို့ရအောင် တင်ပေးလို့ရတယ်။ မိတ်ဆွေအချင်းချင်း စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ဆက်သွယ်လို့ ရကြတယ်။ လူကြိုက်များလာတယ်။ ယနေ့ ကမ္ဘာပေါ်မှာ Facebook သုံးသူပေါင်း နှစ်ဘီလီယံနီးပါး ရှိနေပါပြီ။ လူတွေ တောင့်တနေကြတဲ့ ဆိုရှယ်မီဒီယာတစ်ခုကို တီထွင်လိုက်တဲ့ မတ်ဇာကားဘတ်ဟာ အသက် ၃၀ အရွယ်မှာ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာသူဋ္ဌေးကလေး ဖြစ်လာခဲ့ပါတယ်။
Brian Tracy, Jim Rohn နဲ့ Authony Robbin စသူတွေဟာ သူတို့ရဲ ဘယ်လိုချမ်းသာလာတယ်။ ချမ်းသာအောင် လုပ်ရမယ့် နည်းတွေကို စာအုပ်ရေးပြီး ရောင်းတယ်။ စာအုပ်ပေါင်းများစွာ သန်းချီရောင်းရတယ်။ လူတွေကို ဟောပြော ရှင်းပြပေးတယ်။ သူဟောပြောထားတာကို ရိုက်ကူးအသံသွင်းထားတဲ့ စီဒီခွေ၊ ဗီဒီယိုခွေတွေကိုလည်း ရောင်းတယ်။ ဒေါ်လာသန်းချီပြီး ရောင်းရတယ်။ ဟောပြောပွဲတစ်ခု လုပ်ပေးရင်လည်း တစ်ပွဲကို ဒေါ်လာ သိန်းချီရတယ်။ ဘာကြောင့် သူတို့ အောင်မြင်နေရတာလဲ။ သူတို့ဟာ သူတို့ သိသမျှ၊ ကြုံခဲ့သမျှကို မချွင်းမချန် ရေးသားပြောပြခဲ့လို့ အဲဒီနည်းတွေကို လူတွေဟာ ကျင့်သုံးလိုက်တာကြောင့် အဲဒီလူတွေလည်း မီလျံနာသူဋ္ဌေးတွေ ဖြစ်သွားကြတယ်။ လူတွေဖြစ်ချင်တဲ့ လူတွေလိုချင်နေတဲ့ ဆန္ဒကို ဖြစ်အောင် ရအောင် လုပ်ပေးနိုင်သူဟာ ကြီးပွားချမ်းသာနိုင်ပါတယ်။
ဒါကြောင့် သင်စီးပွားရေးတစ်ခုလုပ်တော့မယ်ဆိုရင် ဒီအလုပ်ဟာ လူတွေကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါ့မလား။ ဒါမှမဟုတ် ဒီအလုပ်ဟာ လူတွေလိုချင်နေတာကို ဖြည့်ဆည်းပေးနိုင်မလား။ လူတွေ ဖြစ်ချင်နေတဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်မလား။
ဒီရည်ရွယ်ချက်တွေမပါပဲ မိမိကိုယ်ကျိုးတစ်ခုထဲကြည့်ပြီး အမြတ်ရအောင်လုပ်မယ်ဆိုရင်တော့ အဲဒီလုပ်ငန်းဟာ မအောင်မြင်နိုင်သလို သင်လည်း အဲဒီလုပ်ငန်းနဲ့ ကြီးပွားအောင်မြင်သူဖြစ်လာမှာ မဟုတ်ပါဘူး။
ဗန်းမော်သိန်းဖေ
၁၀-၀၂-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။