The Melting Pot 4 U added 3 new photos.
ဆင်းရဲမွဲတေ စုတ်ပြတ်တဲ့ မြန်မာနိုင်ငံလို တိုင်းပြည်ကနေ ခေတ်မီတိုးတက်တဲ့ စင်ကာပူကို ပထမဆုံးအကြိမ် ရောက်လာတဲ့ ကျနော့အတွက် အရာရာ အထင်ကြီးစရာ ဖြစ်နေပါတော့တယ်။ ပိုပြီးတော့ စိတ်ကြီးဝင်စရာ ဖြစ်ရပုံက ကျနော်တည်းတဲ့ ရစ်ဗားစီးတီး ကွန်ဒိုအခန်းကလည်း အထပ်မြင့် တိုက်ကြီးရဲ့ ၂၃ ထပ်မှာလေ။ အဲဒီလို အထပ်မြင့်မြင့်ကြီးမှ အဆင့်အတန်းမြင့်တယ်လို့ ထင်တဲ့ နိုင်ငံခြားရောက်စ မြန်မာတောသားလေးပါ။
ညဖက် စင်ကာပူရောက်ပြီး နောက်နေ့မနက် မြို့ထဲ လျှောက်ကြည့်မလို့ အသားကုန်
ရှိုင်းပြီး ထွက်ခဲ့ပါတယ်။ ကွန်ဒိုကအဆင်း ဓာတ်လှေကားအတူတူစီးလာတဲ့
အမျိုးသမီး အမျိုးသားတွေကြားမှာ နှုတ်ခမ်းမွေးစစ မလေးကုလားပုံ လူတစ်ယောက်က
ကျနော့ကို စူးစူးစိုက်စိုက် ကြည့်နေတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်။
သူကြည့်နေတာက ခါးပတ်အောက် အရှေ့အလယ်ပိုင်းနေရာဆိုတော့ ယောက်ျားချင်း
ဘယ်လိုကြီးပါလိမ့်လို့ ထင်မိတာပေါ့။
ခဏနေတော့ သူက ပြုံးစိစိ အနားကို ကပ်လာပြီး မကြားတကြားလှမ်းပြောတယ်။ "Your zip sir, check your zip sir" လို့ အင်္ဂလိပ်လို ပြောတော့ ကိုယ့်ဖာသာ ငုံ့ကြည့်မှ မြတ်စွာဘုရား၊ ဘောင်းဘီဇစ်မဆွဲမိလို့ ဟောင်းလောင်းပွင့်နေတာ ဘွားကနဲ တွေ့မိတယ်။ သိုင်းကယူးပြောပြီး ကပျာကယာ ဇစ်ဆွဲတင်လိုက်ရတာပေါ့ဗျာ။
ညနေအိမ်ပြန်ရောက်လို့ တည်းတဲ့ အိမ်ရှင်ကို အကျိုးအကြောင်း ပြောပြတော့ မောင်ရင်ကံကောင်းတယ်၊ မြို့ထဲမှာ ရဲနဲ့တိုးရင် စင်ကာပူဒေါ်လာ ၅၀၀ ဒဏ်ငွေ တပ်လို့ရတယ်တဲ့ဗျ။ ဟင်… ဘောင်းဘီဇစ်ပွင့်နေတာ ဘာအပြစ်ရှိလို့ ဒဏ်ငွေဆောင်ရမှာလဲလို့ ကျနော်က လျှာရှည်ပြီး ပြန်မေးတာပေါ့။ ဖြားယောင်းမြှူဆွယ်မှုတဲ့။ ဟာ မဟုတ်တာဗျာ… ကျနော်ဇစ်ပွင့်တာမြင်ပြီး ဘယ်မိန်းကလေးမှ တန်းတန်းစွဲ လိုက်လာမှာ မဟုတ်ဖူးလေ။ မသကာ အများပြည်သူ အထိတ်တလန့်ဖြစ်စေမှုဆို တော်သေး။
စင်ကာပူဆိုတာ အဲလိုနိုင်ငံဗျ။ စည်းကမ်းဖောက်ဖျက်တဲ့ အသေးအဖွဲလေးကအစ ဒဏ်ရိုက်တာပဲ။ အမှိုက်ပစ်ရင်၊ ဆေးလိပ်သောက်ရင်၊ တံထွေးထွေးရင်၊ စည်းကမ်းမဲ့ လမ်းကူးရင်၊ မြန်မာတွေ ပီကေလို့ခေါ်တဲ့ ဂမ်းဝါးပြီး လမ်းပေါ်ထွေးချရင်၊ နံရံတွေပေါ် တောင်ခြစ်မြောက်ခြစ် လျှောက်ရေးရင် ဒဏ်ငွေသာမက ကြိမ်ဒဏ်ပါပေးတဲ့ နိုင်ငံပါ။ ဒါကြောင့် Singapore is a fine country ဆိုတဲ့ စကားဟာ အဓိပ္ပာယ်နှစ်ခွထွက်တယ်။ Fine ဆိုတာ ကောင်းမွန်သာယာသော ဆိုတဲ့ အဓိပ္ပာယ်အပြင် ဒဏ်ရိုက်တာလည်း ဖြစ်တယ်။ စင်ကာပူသည် ကောင်းမွန်သာယာသော တိုင်းပြည်ဖြစ်သည်၊ နောက်အဓိပ္ပာယ်ကတော့ စင်ကာပူသည် ဒဏ်ရိုက်သော တိုင်းပြည်ဖြစ်သည်လို့ ဆိုလိုတာပါ။
စင်ကာပူဟာ ဒီလို ထောင်ဒဏ်၊ ငွေဒဏ်၊ ကြိမ်ဒဏ်တွေနဲ့ ထိန်းကွပ်ထားလို့ စည်းကမ်းရှိနေတာပေါ့။ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်၊ ၁၉၆၅ ခုနှစ်မှာ သီးခြားနိုင်ငံထူထောင်တော့ စင်ကာပူဆိုတဲ့ နိုင်ငံသစ်ဟာ စုတ်ပြတ်ရှုပ်ပွနေတာပဲ။ ၃ နှစ်အကြာ ၁၉၆၈ ခုနှစ်ကျတော့ စင်ကာပူသန့်ရှင်းလှပစေဖို့ "တံမြက်စည်းစစ်ဆင်ရေး" (Operation Broomstick) ဆင်နွှဲပြီး ဝန်ကြီးချုပ် လီကွမ်ယုကိုယ်တိုင် အမှိုက်ရှင်းခဲ့ပါတယ်။ စုတ်ပြတ်နေတဲ့ စင်ကာပူက လမ်းပေါ်မှာ ဝန်ကြီးချုပ် လီကွမ်ယု တံမြက်စည်းလှဲနေတဲ့ ဓာတ်ပုံကို မြင်ဘူးမှာပေါ့။
ဒါပေမယ့်၊ အဲဒီအချိန်က စင်ကာပူဆိုတာ ကျနော်တို့ မြန်မာပြည်ထက်တောင် အဆင့်အတန်းနိမ့်တော့ အစိုးရမှာ လုပ်ရကိုင်ရတာ မလွယ်ဘူး။ စင်ကာပူမှာ ပြည်သူတွေ အဆင့်အတန်းမြင့်စေချင်လို့ ကျူးကျော်တဲအိမ်တွေကို ဖျက်ပြီး တိုက်တန်းအိမ်ရာ ဆောက်ပေးတော့လည်း တိုက်ခန်းတွေမှာ ကြက်တွေ ဝက်တွေ မွေးကြတယ်၊ အိမ်ဝရန်တာမှာ အဝတ်တွေ လှမ်းကြတယ်။
သန့်ရှင်းသပ်ယပ်တဲ့ နိုင်ငံဖြစ်လာအောင် စည်းမျဉ်းဥပဒေတွေ ထုတ်ရုံနဲ့တင် မလုံလောက်တော့ လီကွမ်ယုက ထောင်ဒဏ်၊ ငွေဒဏ်၊ ကြိမ်ဒဏ်တွေနဲ့ ကောင်းကောင်းဆော်တော့တာပဲ။ ဗြိတိသျှ ကိုလိုနီဖြစ်ခဲ့တဲ့ စင်ကာပူလိုပဲ မြန်မာနိုင်ငံမှာလည်း ရှေးတုန်းက ကြိမ်ဒဏ်ပေးတဲ့ စနစ်ရှိခဲ့ဘူးပါသတဲ့။ ဘယ်တုန်းက ဖျက်သိမ်းလိုက်သလဲတော့ မသိဘူး။ (ကြိမ်ဒဏ်စနစ်ကို ပြန်အသက်သွင်းဖို့ ပြောနေတာ မဟုတ်ဖူးနော်။)
စင်ကာပူမှာ ပြစ်ဒဏ်ပေးပြီး တင်းတင်းကျပ်ကျပ် ပြတ်ပြတ်သားသား နှိပ်ကွပ်တော့မှ စည်းကမ်းမဲ့ လမ်းဘေးဈေးဆိုင်တွေ၊ ကျူးကျော်တဲအိမ်တွေ၊ တွေ့ကရာအမှိုက်ပစ်တာတွေ ပျောက်ကွယ်သွားတော့တယ်။ ဒီနေရာမှာ အရေးအကြီးဆုံးအချက်တစ်ခုက ဥပဒေစိုးမိုးရေးပါပဲ။ စင်ကာပူမှာ လာဘ်ပေးလာဘ်ယူကိုလည်း ပြင်းပြင်းထန်ထန် အရေးယူတယ်။ အပြစ်ကျူးလွန်သူက အစိုးရအမှုထမ်းကို လာဘ်ပေးဖို့ ကြိုးစားရင် တစ်ပြစ်က နှစ်ပြစ်ဖြစ်တယ်။ လာဘ်ယူတဲ့ အမှုထမ်းကိုလည်း မှတ်လောက်အောင် အပြစ်ပေးတယ်။ မြန်မာပြည်လို ညှိလိုက်မယ်ဆိုရင် ညှိပေးသူကိုပါ ဖမ်းတော့ အကုန်လန့်တာပေါ့။
ကျနော်တို့ မြန်မာပြည်မှာတော့ အလိုလိုက်တဲ့ အမေနဲ့ သဘောကောင်းတဲ့ အစ်ကိုအစ်မတွေရဲ့ အလယ်မှာ သားဆိုးသမီးမိုက်တွေက အမျိုးမျိုး ဆိုးလို့ကောင်းနေတုန်းပါ။ အမေက အမှိုက်ကောက်ပြလည်း ကိုယ်တိုင်ကတော့ တွေ့ရာနေရာမှာ လွယ်လွယ်အမှိုက်ပစ်၊ ကွမ်းတံထွေး ထွေးကြတာပဲ။ နောက်ဖေးလမ်းကြားတွေ သန့်သွားအောင် အမှိုက်ရှင်းပေးလိုက်တော့ အခွင့်ကောင်းယူပြီး ဈေးဝင်ရောင်းကြတယ်။
စည်းကမ်းဥပဒေတွေ ထုတ်ပြန်ပေမယ့်၊ ဘုမှဂုမစိုက်ဖူး ဆိုတဲ့ လူတွေက မထီလေးစား လုပ်ကြတာပဲ။ ခုလည်းကြည့်ပါလား၊ ကွန်တိန်နာယာဉ်တွေ၊ ကုန်တင်ယာဉ်တွေ ညဖက်သာမောင်းဖို့ အမိန့်ထုတ်တော့ အရွဲ့တိုက်ပြီး မနက်မှာ လမ်းပိတ်အိပ်ကြတယ်။ နောက်တစ်ခါ လာပြန်ပြီတစ်မျိုး။ လမ်းဘေးမှာ စည်းမဲ့ကမ်းမဲ့ ဈေးရောင်းချင်လို့ ဆန္ဒပြကြပြန်သတဲ့။ ကြားဘူးသလား အရပ်ကတို့။ အဲဒါမျိုး မြန်မာပြည်မှာ တကယ်ရှိပါသည်ပေါ့ခင်ဗျာ။
ပြည်သူတင်မြှောက်တဲ့ အစိုးရသစ်အနေနဲ့ ချော့သင့်တာချော့ပြီး ခြောက်သင့်တာတွေလည်း လုပ်ဖို့အချိန်တန်ပြီ။ မှတ်လောက်သားလောက် အရေးယူမှ အမြီးကုပ်မယ့်သတ္တဝါတွေကို ဇစ်ဖြုတ်ပြလိုက်ပါတော့ဗျာ။ အဲလေ မွှားလို့၊ အမြစ်ဖြုတ်ဖို့ ပြောတာပါ။
Min Myat Maung

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။