၁၉၇၈
ခုနှစ်မှာ တရုတ်ခေါင်းဆောင် တိန့် ရှောင်ဖိန် လက်ထဲ အကြွင်းမဲ့ အာဏာ
ရောက်လာတယ်။ တိန့် က မကြာခင် သမိုင်းဝင်တဲ့ စကားတစ်ခွန်း ပြောတယ်။
"တချို့ လူတွေကို အရင်ပေးချမ်းသာလိုက်ပါ၊ ချမ်းသာတာ ကျက်သရေ ရှိပါတယ်"တဲ့။
ပစ္စည်းမဲ့ ဝါဒကို ခေါင်းပေါ်တင်ထားတဲ့ နိုင်ငံမှာ စီးပွားရေး လုပ်ဖို့ လှုံ့ ဆော်တဲ့ စကား ကြားရတာ ထူးဆန်းတယ်။ ပြီးတော့ ဒီစကားကို ပြောတဲ့သူက တသက်လုံး ဦးထုပ်နီ ဆောင်းထားတဲ့ ကွန်မြူနစ်ကြီး။ အဲဒီအချိန်မှာ တပ်ပျက်ကို ဦးဆောင်ရမယ့် တိန့်  အသက်က ၇၄ နှစ် ရှိပြီ။
တရုတ်ပြည် အဲတုန်းက အခြေအနေ နည်းနည်းပြောပြမယ်။ ကိုရီးယားစစ်မှာ ဝင်ပါထားလို့  စစ်စရိတ် အများကြီး ကုန်ထားတယ်။ ကမ္ဘာ စစ်အင်အား အကြီးဆုံး နိုင်ငံတစ်ခု ဖြစ်တဲ့ ဆိုဗီယက်က နယ်စပ်လုံခြုံရေးကို တောက်လျှောက် ခြိမ်းခြောက်နေတယ်။ မဟာဗျူဟာ ရန်ဘက်ကြီး အမေရိကန် ကလည်း ကွန်မြူနစ် နွားနှစ်ကောင် အကွဲ ကျားဆွဲဖို့  ချောင်းနေချိန်။ သမိုင်းရန်ကြွေး အကြီးဆုံး ဂျပန်က တဟုန်ထိုး တိုးတက်နေတယ်။
ပြည်တွင်းမှာ စီးပွားရေး မူဝါဒပိုင်းမှားယွင်းလို့  စားနပ်ရိက္ခာ ပြတ်လပ်ပြီး လူသန်း ၃၀ ကျော် ငတ်သေထားတယ်။ ဆန်ပြုတ် တခွက်ကို ဆားခတ်ပြီး မိသားစုလိုက် သောက်ရတဲ့ အခြေအနေ ရှိတယ်။ စိုက်ပျိုးမြေ ရှားပါးတယ်။ တနိုင်ငံလုံး ဧရိယာရဲ့  ၁၀ ပုံ ၁ ပုံ လောက်ပဲ စိုက်လို့  ဖြစ်ထွန်းတယ်။ ကုန်ထုတ် လုပ်ငန်း မဖွံ့ ဖြိုးဘူး။ ထမင်းကြွေးရမယ့် ပါးစပ်ပေါက် သန်း ၉၀၀ ရှိတယ်။ ယဉ်ကျေးမှု တော်လှန်ရေးရဲ့  ပေးခဲ့တဲ့ ဆယ်နှစ်တာ ဒဏ်ရာ တွေက ဗလပွ။
ဒီစကားနဲ့  စီးပွားရေးလုပ်ဖို့  ဆော်သြလိုက်ပြီး နောင် ၈ နှစ်အကြာ ၁၉၈၆ မှာတော့ တရုတ်ပြည်မှာ ပုဂ္ဂလိက လုပ်ငန်းပေါင်း ၁.၆ သန်းပေါ်လာတယ်။ သမဝါယမ လုပ်ငန်း ၁.၇ သန်း ပေါ်လာတယ်။ ဒီနှစ်ခု ကနေ ဝန်ထမ်း ၁၁၅ သန်းကို အလုပ်ပေးခဲ့တယ်။ မိသားစု များစွာ မှီခိုရာ ရခဲ့တယ်။ နိုင်ငံပိုင် စီးပွားရေး စုစုပေါင်း ၈၅၀၀၀ ပေါ်ပေါက်ခဲ့တယ်။ ဒီကနေလည်း ဝန်ထမ်းများစွာ အလုပ်ရခဲ့တယ်။
ဒီကနေစပြီး တရုတ် လူငယ်တွေ ကွန်မြူနစ် ခြေမန်းကွင်း ကျွတ်လို့ ထပြေးရာကနေ အပြောင်းအလဲကို ဆက်တိုက် ဖြစ်ပေါ်စေခဲ့တယ်။ ခုချိန်မှာတော့ တချိန်က အဆင်းရဲဆုံး နိုင်ငံ တရုတ်ဟာ ရာစုသစ်ရဲ့  စူပါပါဝါ နေရာ ပြောင်းယူဖို့  အဆင်သင့် ဖြစ်နေပါပြီ။
၂၀၁၆ ခုနှစ် စင်္ကာပူ လုပ်ငန်းရှင်တွေနဲ့  တွေ့ ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်းပြောတယ်။
“နောင်နှစ်နှစ်ဆယ်မှာ စင်ကာပူကို ကျော်တက်မယ်” တဲ့။
ကမ္ဘာအဆင်းရဲဆုံးနဲ့  ပြည်တွင်းစစ် အရှည်ကြာဆုံး နိုင်ငံရဲ့  လုပ်ပိုင်ခွင့် အပြည့်အဝ မရှိသေးတဲ့ ခေါင်းဆောင်ကပြောတော့ မဖြစ်နိုင်ဘူး ထင်ကြတယ်။ ကျနော် အနေနဲ့ တော့ ဒီစကားကို အပြည့်အဝ ယုံကြည်တယ်။ မြန်မာပြည် တိုးတက်ဖို့ ဆိုတာ တိန့် ရဲ့  တရုတ်ပြည် နဲ့  ယှဉ်ရင် ဘယ်လောက်များ ပိုခက်ခဲလို့ လဲ။
မြန်မာပြည်မှာက လူဦးရေ ၅၁ သန်း ပဲရှိတယ်။ စိုက်ပျိုးမြေ နေရာ အကျယ်ကြီး ရှိတယ်။ ကျောက်တောင်ထိပ်နဲ့  ရေခဲတောင်တွေက လွဲရင် ကျန်တဲ့နေရာ အကုန် စိုက်ပျိုးလို့ ရတယ်။ ရေချို မြစ်ကြီး ၄ စင်းနဲ့  မြစ်ငယ် အများကြီး ရှိတယ်။ သစ်တောနဲ့  မြေအောက် သယံဇာတ (ရေနံ၊ ဓာတ်ငွေ့ ၊ ကျောက်မျက် နှင့် တွင်းထွက် ဓာတ်သတ္ထုများ) တွေ ကျန်သေးတယ်။ ပင်လယ် သယံဇာတ နှင့် ပထဝီ အနေအထား အချက်အခြာ ကျမှု ပါထည့်တွက်ရင် ဘာ မဖြစ်နိုင်စရာ ရှိလည်း။
မြန်မာပြည်ရဲ့  အဓိက ပြဿနာက ကိုယ်ကျိုး အတွက် မရပ်ချင်လို့ ကို မရပ်သေးတဲ့ စစ်ပွဲတွေရယ်၊ အရင် အစိုးရ အဆက်ဆက် မဲလိုချင်လို့  မီးမွှေးထားခဲ့တဲ့ အနောက်တံခါး ပြဿနာနဲ့  လူစွမ်းအား အရင်းအမြစ် ရှားပါးတာပဲ ရှိတယ်။
တိန့်  ကတော့ တရုတ်ပြည်ကို မျက်လှည့်ပြသလို တိုးတက်အောင် အကောင်အထည် ဖော်နိုင်ခဲ့တယ်။ တိန့်  ၁၉၇၈ မှာ ရခဲ့တဲ့ အာဏာက အကြွင်းမဲ့ အာဏာ လို့  ခေါ်တယ်။ ပါတီ၊ စစ်တပ်၊ အုပ်ချုပ်ရေး အာဏာ အပါအဝင် တရားစီရင်ရေး ကအစ အကုန် သူ့  သြဇာ အောက်မှာ ရှိတယ်။ သူ့ နောက်မှာ အရည်အချင်း ရှိတဲ့ ကွန်မြူနစ် ခေါင်းဆောင်တွေ ရှိတယ်။ တနေ့ ကို ၁၆ နာရီ လောက် အလုပ်လုပ်နိုင်တဲ့ တရုတ် လူငယ် မျိုးဆက် ရှိတယ်။ ဒီထဲမှာမှ တရုတ်ပြည်သူတွေရဲ့  ဆင်းရဲတွင်းထဲက ခုန်ထွက်ချင်စိတ်က အဓိကပဲ။
အန်တီ အတွက် နိုင်ငံတော် အကြီးအကဲ အနေနဲ့  လုပ်ပိုင်ခွင့် အပြည့်အဝ ရမယ်။ ကျားကုတ်ကျားခဲ လုပ်မယ့် နောက်လိုက် ခေါင်းဆောင်တွေ ရှိမယ်။ လူစွမ်းအား အရင်းအမြစ်ကို အချိန်တို အတွင်း မြင့်တင်နိုင်ရင် ပထဝီ အနေအထား အရ ဂိတ်ဆုံးနေတဲ့ စင်ကာပူကို နောင်နှစ်ဆယ်မှာ ဘာလို့  မကျော်နိုင်ရမလဲ။
ဦးပေါ်ဦး ဆင်ဖြူတော် ပုံပြင်နဲ့  နှစ်နှစ်ဆယ်ကို ဟာသ ထုတ်နေသူတွေကို ပြောရရင် တရုတ်ပြည် စူပါပါဝါ ဖြစ်ချိန်မှာ အပြောင်းအလဲ အတွက် နှစ် ၃၀ စီမံကိန်း ဆွဲခဲ့တဲ့ တိန့်  မရှိတော့ဘူး။ ဒါပေမယ့် တရုတ် လူငယ်တွေရဲ့  စိတ်ထဲကို တိန့်  ရိုက်သွင်းပေးခဲ့တဲ့ စကားလုံးရဲ့  ဆင့်ကဲ ဖြစ်စဉ်ကနေ ဧရာမ စီးပွားရေး ဘီလူးကြီးကို မွေးဖွားခဲ့တယ်။
ခု အန်တီ ပြောခဲ့တဲ့ စကားကိုလည်း ဒီသဘောပဲ ခံစားတယ်။ မြန်မာ လူငယ်မျိုးဆက်ရဲ့  စိတ်ထဲကို “ ဒီနေ့  ပြိုင်ပွဲ စပြီ၊ မင်းတို့  စကြိုးစားတော့၊ အန်တီ မရှိရင်တောင် ဆက်ကြိုးစားတော့“ လို့ အချက်ပေးတယ်လို့  ခံစားရတယ်။ နှစ်နှစ်ဆယ် ဆိုတာ ကြိုးစားမယ်ဆို လုံလောက်တဲ့ ပမာဏပဲ။
မဖြစ်နိုင်ဘူး ပြောနေတာထက် ကိုယ်နဲ့ ဆိုင်တဲ့ တာဝန် ကိုယ်ထလုပ်တာ ကောင်းတယ်။ အုပ်ချုပ်ရေး ကိစ္စ၊ ငြိမ်းချမ်းရေး ကိစ္စနဲ့  စီးပွားရေး မူဝါဒပိုင်းတွေက အန်တီ လုပ်ရမယ့် ကိစ္စ။ ကိုယ်ကိစ္စက ကို်ယ်နဲ့  သက်ဆိုင်တဲ့ နယ်ပယ်မှာ စင်ကာပူက လူတွေထက် နှစ်နှစ်ဆယ် အတွင်း သာအောင်လုပ်ဖို့ ပဲ။ နိုင်ငံတစ်နိုင်ငံကို ထူထောင်ဖို့  လူတစ်ယောက်တည်းမှ လုပ်လို့ မှ မရဘဲ။ အားလုံး ကိုယ်တာဝန် ကိုယ်ကြေရင် ဘာလို့  မကျော်နိုင်ရမလဲ။
လက်နက်ကိုင်ထားတဲ့ ခေါင်းဆောင်တွေ ရိုးသားဖို့ သာ အဓိကလိုတယ်။ သူတို့ ရိုးသားရင် တိုင်းပြည်ရဲ့ ပြဿနာ တဝက်လောက် ပြေလည်သွားလိမ့်မယ်။ လူများစုရဲ့ တာဝန်ဝင်ယူမှုက တိုင်းပြည် အနာဂါတ်ကို ဆုံးဖြတ်လိမ့်မယ်။ မဖြစ်နိုင်ဘူး ထင်ရင် နေခဲ့ပေါ့။ ဖြစ်နိင်သူတွေ အတွက်ကတော့ အန်တီ စကားက ပခုံးပေါ် တင်ထမ်းပြီး လက်တွေ့  အကောင်အထည် ဖော်ရမယ့်၊ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းရမယ့် တာဝန်လို့ ပဲ စိတ်ထဲက ဆုံးဖြတ်ပါတယ်။
Credit- Phyo Ko Ko Naing

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။