မင်းကိုနိုင်တဲ့ မင်းကိုနိုင်
************************
ကဗျာဆရာတွေက သူရဲကောင်းတွေရဲ့အသားကိုကြိုက်တယ်
အသေရရ အရှင်ရရ။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးသလို သူတို့ကိုကဗျာရေးကြတယ်။
ကိုပေါ်ဦး
ခင်ဗျားလာမယ်ဆိုလို့
ကျွန်တော် ကဗျာတစ်ပုဒ်လုပ်ထားတယ်
ကဗျာတစ်ပုဒ်လာမယ်ဆိုလို့
ကမ္ဘာမြေဟာ သူ့ခေါင်းကိုရှင်း သူ့အခန်းကိုရှင်း
သူ့စာကြည့်စားပွဲကိုရှင်း လင်းထားလိုက်သလိုပေါ့။
ခင်ဗျားမလာခင် သွေးကြောထဲ message တွေအလုအယက်ဝင်လာတယ်။
ဒါနဲ့ ဗလာစာရွက်တစ်ရွက်ကို ဗြိကနဲဆွဲဆုတ်
စကားလုံးတွေကိုထုတ်ထားလိုက်တယ်
မျိုးစပါးတွေကျဲသလို လူအုပ်ကြီးထဲကျဲချဖို့
ကျွန်တော် လူတစ်ယောက်လိုထွန်ထားပြီး ကြက်တစ်ကောင်လိုယက်ထားတယ်။
ခင်ဗျားဟာ
ကျောက်ဂူအ၀က လျှောကျလာတဲ့ပင့်ကူတစ်ကောင်လို
ဂူနံရံတွေအပေါ်ပြန်တက်နိုင်ခဲ့၊ တိုက်ပွဲတွေကိုပြန်စနိုင်ခဲ့တယ်။
ခင်ဗျားဟာ
ခင်းဗျားကွန်ယက်ကြီးထဲမှာ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကိုထည့်
လုံခြုံရေးစံနစ်ကြီးတစ်ခုတည်ဆောက် ထွေးပွေ့နွေးထွေးထားလိုက်ချင်သူတစ်ယောက်ပဲ။
ခင်ဗျားဟာ ပန်းခင်းကြီးတစ်ခုရဖို့အတွက်
ခရောင်ကြမ်းတောကြီးထဲ မြင်းစီးလာခဲ့သူ။
ခင်ဗျားဟာ ဂစ်တာတီးပြမှပွင့်မယ့်ပန်းတွေအတွက်
ခင်ဗျားလက်တွေပြတ်ထွက်သွားတဲ့အထိ ဂစ်တာတီး ပြမယ့်သူ။
တစ်ထောင့်တစ်ဘ၀စိုက်မှရမယ့်အောင်ပွဲတွေအတွက်
ခင်ဗျားက
တစ်ထောင့်တစ်ဘ၀မကစိုက်ဝင်နေမယ့်ဓါးကို
ခင်ဗျားရင်ဘတ်ပေါ်က မနှုတ်ပဲလည်းသွားမယ့်သူ။
ကျွန်တော်သိတယ်
ခင်ဗျားဆွဲမယ့်ပန်းချီကားတွေက
အနီရောင်ရဲရဲ ခရမ်းရောင်စုတ်ချက်တွေနဲ့ အပြာရောင်လွှမ်းနေမယ့်ကမ္ဘာကြီး။
မီးတောက်တွေနဲ့လှမ်းပက်ပြီးမှရလာမယ့်
လရောင်ဆမ်းထားတဲ့ ရှုမျှော်ခင်းတွေ
ရှုမျှော်ခင်းတွေနမ်းထားတဲ့စမ်းချောင်းတွေနဲ့ကမ္ဘာကြီး။
လွတ်လပ်မှု တရားမျှတမှုနဲ့ အလုခံလိုက်ရတဲ့ လူ့အခွင့်အရေးအားလုံးအတွက်
ခင်ဗျားဟာ အဲ့ဒီပန်းချီကားကိုရေဆေးနဲ့ ရေးချလိုက်မယ်။
Block အားလုံးအတွက်တော့
ခင်ဗျားခန္ဓာကိုယ်ထဲက သွေးအားလုံးကိုဖေါက်ချ
ခပ်ပျစ်ပျစ်ဆွဲ ခပ်ကြမ်းကြမ်းဖွင့်ရေးချလိုက်မယ်မဟုတ်လား။
ကျွန်တော်ထင်တယ်
ခင်ဗျားဟာ
ခင်ဗျားခြေထောက်အောက်က ဖြတ်ပြေးသွားတဲ့အင်းဆက်လေးတစ်ကောင်အတွက်
ရတက်မအေး ခင်ဗျားဘရိတ်ကိုစောင့်ဆွဲ ဂျွမ်းပြန်ချင်ပြန်။
ခင်းဗျားခေါင်းပေါ်က ဖြတ်ပြေးသွားတဲ့ ချိုးငှက်ကလေးအတွက်ဆိုရင်တော့
အရိုးကြေကြေ အရေခန်းခန်း
ကောင်းကင်ကို ထက်ခြမ်းခွဲပစ်ဖို့ ၀န်မလေးသူပဲ။
ခင်ဗျားဟာ ညအိပ်ရင်တောင် ယင်ကောင်တွေအကြောင်းစဉ်းစား
ကမ္ဘာမြေလုံခြုံရေးအတွက်
တစ်တီတူးငှက်တစ်ကောင်လို ခြေထောက်တစ်ချောင်း မိုးပေါ်ထောင်အိပ်မယ့်သူပဲ။
လိုအပ်ရင်
ဓါးအိမ်ထဲက ဓါးတစ်လက်လို ခုန်ထွက်လာနိုင်ပြီး
မလိုအပ်ရင်
အရှက်နဲ့ဂုဏ်သိက္ခာအတွက်
လူတစ်ယောက်ရဲ့ခါးပေါ်မှာ ခါးပတ်တစ်ခုလိုခွေနေမယ့်
သံမဏိဓါးသွားတစ်ခု။
ခင်ဗျား ကဗျာတွေရေးမလို့လား
ရေးပေါ့ ။ မရေးလည်း
ခင်ဗျားကိုယ်တိုင်က ကဗျာပဲ
ခင်ဗျားကို ကျွန်တော်တို့ဖတ်မှာပေါ့။
ခင်ဗျားကို ကျွန်တော်တို့ လွယ်လွယ်နဲ့ရခဲ့တာလား
ခင်ဗျားကိုရဖို့ ခင်ဗျားရှေ့မှာ ခင်ဗျားသူငယ်ချင်းတွေ ဘယ်နှစ်ယောက်
ခင်ဗျားကိုရဖို့ ခင်ဗျားရှေ့မှာ ခင်ဗျားပြည်သူတွေ ဘယ်နှစ်ယောက်
ခင်ဗျားကိုရဖို့ ခင်ဗျားရှေ့မှာ ခင်ဗျားရဲ့ခင်ဗျားတွေ ဘယ်နှစ်ယောက်
ချကြွေး သွေးမြေကျခဲ့ရသလဲ။
အဲ့ဒီအတွက်
ခင်ဗျားရဲ့ဆောင်းတွင်းအိပ်မက်တွေထဲ
ခင်ဗျား ဘယ်လောက် ကယောက်ကယက်နဲ့ ခြောက်ခြားခဲ့ရသလဲ။
ခင်ဗျားရဲ့ နွေလယ်အိပ်မက်တွေကရော
လျှပ်လက်သလို ခင်ဗျားမျက်လုံးတွေကို ဓါးသွားတစ်ခုလိုပွတ်ဆွဲ
အမှောင်ထုထဲထိုးကျ
ဥပုသ်နေ့တွေ ဘယ်လောက်သွေးစွန်းခဲ့ရသလဲ။
ကျွန်တော်တို့ရဲ့
မိုးညအိပ်မက် တစ်ရှိုက်မက်တွေအတွက်
ခင်ဗျား လှိုင်းကြီးလေထန်
သေနတ်သံ ဗုံးဆံတွေကြား ဘယ်လောက် ထိုးဖေါက်ခဲ့ရသလဲ။
မချစ်ပဲနေလို့မရအောင်
ခင်ဗျားအရုပ်နဲ့ ခင်ဗျားအရည်ဟာ ၁၅ဲ ရည်အပြည့်ပဲ။
လူတွေက
ခင်ဗျားအမေက ခင်ဗျားကိုချစ်သလို
ရှေ့တိုးလာကြတယ်။
ခင်ဗျားကလည်း
နေ့ဖို့ညစာမချန် မျက်ကန်းဟာတစ္ဆေမကြောက်သလို
သူတို့အတွက်ဆို
မုဆိုးခြေထောက် ဆူးမကြောက်သလို လျှောက်နေတော့တာပဲ။
ခင်ဗျားကိုကျွန်တော်သိတယ်
ခင်ဗျားဟာ အကျိုးလိုလို့ ညောင်ရေလာလောင်းတဲ့သူမဟုတ်မှန်း။
ခင်ဗျားဟာ သမိုင်းအပြင်ကနေ
သမိုင်းကိုစောင့်ရှောက်ရင်း ကျေနပ်နေမယ့် ပြတိုက်လိုလူတစ်ယောက်
ခင်ဗျားဟာပြတိုက်ပဲ။
ခင်ဗျားဟာ စက်ရုံထဲဝင်သွားတဲ့
ကျွန်တော်တို့ရဲ့ ညီငယ် ညီမငယ်လေးတွေရဲ့ထမင်းဘူးထဲက
အမှောင်လွှမ်းနေတဲ့ဘဲဥတစ်ခြမ်းနဲ့
အလင်းပျောက်နေတဲ့ သူတို့ရဲ့မိသားစုအိမ်ကလေးတွေကိုလှမ်းမြင်ခဲ့သူပဲ။
ခင်ဗျားဟာ
စပါးခင်းတွေ စစ်တလင်းဖြစ်သွားလို့
ပြတ်သွားရတဲ့ လယ်သမားတွေရဲ့လက်တွေ။
ရေစီးကမ်းပြို သွားဖုံးတွေကြွေကျသွားလို့
ပြတ်သွားရတဲ့ လှေသမားတွေရဲ့ခြေထောက်တွေအတွက်
ဆက်သွယ်ရေးဆက်သားတစ်ယောက်လို
နေနဲ့ကမ္ဘာ
ကမ္ဘာနဲ့ လအကြားပြေးလွှားနေသူပဲ။
ခင်ဗျားဟာ ခင်ဗျားအတွက်
လူဦးရေမနိုင်မနင်းဖြစ်နေတဲ့ မြို့တစ်မြို့ရဲ့သန်းခေါင်စာရင်းမှာ
ကိုယ့်နာမည်ကိုယ် မင်နီတားထွက်သွားနိုင်ပေမယ့်
လိုအပ်ရင် သူတို့အတွက်
အနှစ် ၂၀၀၀ ။
ထောင်နံရံတွေကြား ပျော်ရွှင်စွာဖြတ်သန်းမြုပ်ဝင်သွားနိုင်တဲ့သူပဲ။
ခင်ဗျားဟာ
ကျောင်းနံရံတစ်ဝိုက်မှာ ဒေါင်းအလံပြန်စိုက်ဖို့ရောက်လာတဲ့သူ
ခင်ဗျားစိတ်မချတဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးအတွက်
ခင်ဗျားဟာ
စောင်းသံနဲ့ချော့သိပ်လည်း အိပ်မယ့်သူမှမဟုတ်ပဲ။
ခင်ဗျားဟာ
ဖိတ်ကျနေတဲ့ ကျောက်သံ ပတ္တမြားတွေထက်
ဝေကျသွားတဲ့ လူ့အရင်းအမြစ်တွေကို လိုက်လံသိမ်းဆည်း
အင်ဂျင်တစ်ခုတည်ဆောက် ကျွန်တော်တို့ကို
ခေတ်အသစ်ကြီးဆီအရောက်ပို့ဖို့
ဆန္ဒနဲ့ အာသီသတို့ကြားလုံးထွေးနေတဲ့သူ။
မျက်ရည်နဲ့သွေးတွေကိုသုတ်ဖို့
ခင်ဗျားဟာ လက်ခုပ်သံတွေနဲ့လေယာဉ်ပျံကြီးကိုပစ်ပြီး
စစ်တလင်းတွေဆီ ချီတက်လာနိုင်ခဲ့တဲ့သူ။
ခင်ဗျား ဖျားလို့မဖြစ်ဘူး
ခင်ဗျားကျန်းမာရေးဟာ တိုင်းပြည်ရဲ့ကျန်းမာရေး
တိုင်းပြည်ရဲ့ကျန်းမာရေးဟာ
ကျွန်တော်တို့အားလုံးရဲ့ကျန်းမာရေးပဲမဟုတ်လား။
ကိုယ့်လူရေ ကိုယ့်လူမို့လို့ ကိုယ့်လူကို သတိပေးပါရစေ
သတ္တိဟာကောင်းပါတယ် ဒါပေမယ့်
‘‘သတိ’’ဟာ သတ္တိထက်ပိုကောင်းကြောင်း
ရှေးဟောင်းပုရပိုဒ်နဲ့ အရိုးစုတွေမှာကျွန်တော်တွေ့ခဲ့ရ။
ကျွန်တော် စစ်ချီသလို သမိုင်းချီသလို ခင်ဗျားကိုမပြောချင်ပါဘူး
ကျွန်တော် ကလေးချီထားသလိုသာခင်ဗျားကိုပြောရတယ်။
လမ်းဘေးလ္ဘက်ရည်ဆိုင်နဲ့ တော်ဝင်နန်းတော်ကြီး
ကျွန်တော်တို့အတွက်တော့ အတူတူပါပဲ။
ခင်ဗျားနဲ့ကဗျာတစ်ပုဒ် ကဗျာတစ်ပုဒ်နဲ့ခင်ဗျားဟာလည်း
ကျွန်တော်တို့အတွက် အတူတူပါပဲ ကိုပေါ်ဦး။
မနက်ဖြန် အစာလာကောက်မဲ့ငှက်ကလေးတွေအတွက်
ပဲစေ့ စပါးစေ့လေးတွေ ကျွန်တော်တို့ပြင်ထားတယ်
လိုအပ်ရင်
ကျွန်တော်တို့ ကျောပြင်မှာလွယ်ထားတဲ့နံရိုးတွေကို
ဓါးလိုထုတ်သုံးဖို့လည်း အဆင်သင့်လို့ပေါ့။
ကျွန်တော်စိုးရိမ်မိတာက
မနက်ဖြန်မှာ အရေအတွက်မှန်မှန်နဲ့ ငှက်တွေပျံလာနိုင်ကြမလားဆိုတာကိုပါပဲ။
ကျွန်တော်တို့ဟာ
‘‘ယိုးဒယား ကစ်ဘောက်စ်ဆာ’’တွေမကြိုက်ကြဘူး။
ကျွန်တော်တို့ဟာ
‘‘စပိန်နွားရိုင်းသတ်ပွဲ’’တွေမကြိုက်ကြဘူး။
ကျွန်တော်တို့ဟာ
‘‘ရောမခေတ်ကျေးကျွန်တွေရဲ့လူသတ်ပွဲ’’တွေကိုမကြိုက်ခဲ့ကြသလို
ကျွန်တော်တို့ဟာ
‘‘အိမ်ကြက်ချင်းအိုးမဲသုတ်ခွပ်တဲ့ပွဲ’’တွေကိုလည်းမကြိုက်ခဲ့ကြပါဘူး။
ကားဘီးပေါက်တာတောင်
ရင်ဘတ်ထဲကနှလုံး ခုန်,ခုန်ထွက်သွားတတ်လို့
လမ်းပေါ်လိုက်,လိုက်ကောက်ရတဲ့ကျွန်တော်တို့ဟာ
သေနတ်သံ ဗုံးသံဆိုရင် ခင်ဗျားတွေးကြည့်တော့။
ကျွန်တော်တို့ဟာ
အရာရာကိုခွင့်လွှတ်ဖို့စောင့်နေကြတယ်။
ကျွန်တော်တို့ဟာ
အရာရာကို အကောင်းမြင်ဖို့စောင့်နေကြတယ်။
ပြီးတော့ ကျွန်တော်တို့ဟာ
အရာရာကိုတော်လှန်ဖို့လည်းအဆင်သင့်ဖြစ်နေကြတယ်ကိုပေါ်ဦး။
ကိုပေါ်ဦးရေ
ခင်ဗျားရဲ့ဗဟိဒ္ဓဟာ
ကျောင်းသင်္ခန်းလေးတစ်ခုလိုအေးချမ်းနေပေမယ့်
ယုံကြည်မှုအတွက်
ခင်ဗျားရဲ့အဇ္ဈတ္တဟာ
ပင်လယ်လို လှိုင်းထန်နေလိမ့်မယ်ဆိုတာ ကျွန်တော်တို့သိနေတယ်။
ကိုပေါ်ဦးရေ
ကျွန်တော်တို့သတိရခဲ့သလို ခင်ဗျားလည်းသတိရလိုက်ပါ။
ကျွန်တော်တို့တစ်ခေတ်မှာ တစ်ယောက်ရဖို့အတွက်
အသက်တွေ သွေးတွေစိုက်ခဲ့ရသလို
ကျွန်တော်တို့တစ်သက်မှာ တစ်ယောက်မြင်လိုက်ရဖို့
ဘုရားတစ်ဆူထပွင့်သလို ဒုလ္လာဘနဲ့
ကျွန်တော်တို့စောင့်ခဲ့ရ ။ ခင်ဗျားသတိရနေလိုက်ပါ။
ဒီလို ကျွန်တော်တို့အတွက်ခင်ဗျား
ခင်ဗျားအတွက်ကျွန်တော်တို့
အလံတော်တစ်ခုအောက်မှာ ခရီးတစ်ခုတည်းသွားကြဖို့
သွေးကိုဖေါက် သစ္စာရေသောက်
မေတ္တာတွေအပြန်အလှန်ဝတ်မှုန်ကူး ဆောင်းထဲမှဆုတောင်းလိုက်ကြပါစို့
မြန်မာပြည်နဲ့ ကမ္ဘာမြေကြီးငြိမ်းချမ်း
စစ်စခန်းတွေထာဝရဇာတ်သိမ်း ငြိမ်းသွားကြပါစေ…လို့။ ။
( ကျွန်တော့်ရဲ့ စတုတ္ထမြောက် သူရဲကောင်းသို့…)
ခရမ်းပြာထက်လူ
၁၉/၁၂/၂၀၁၂
.
Credit : Helen Ayekyaw

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။