ကြက်ခြံထဲက မြေခွေး
--------------------
တစ်ခါတုန်းက ကြက်ခြံတစ်ခြံထဲကို မြေခွေးတစ်ကောင်ဟာ ညတိုင်း ဝင်ပြီးတော့ ကြက်တွေကို တစ်ကောင် တစ်ညနှုန်းနဲ့ သတ်ဖြတ် စားသောက်နေခဲ့တယ်။ ဒီလိုနဲ့ ကြက်တွေ လျော့လာတာကို သတိထား မိလာတဲ့ ခြံပိုင်ရှင်ဟာ တစ်ညမှာတော့ ကြက်သူခိုးကို ဖမ်းမယ်ဆိုပြီးတော့ ထောင်ချောက် ဆင်ထားလိုက်တယ်။
ဒီလိုနဲ့ ညဘက် လူခြေတိတ်ချိန် ရောက်တဲ့အခါ မြေခွေးဟာ ထုံးစံအတိုင်း ကြက်ခြံထဲကို လာရော။ လာတော့ ထောင်ချောက်မှာ ကွိခနဲ မိတော့တာပေါ့။ ထောင်ချောက်မှာ မြေခွေးမိလို့ အသံတွေ ကြားရတဲ့အခါ ကြက်တွေဟာ ဝမ်းသာအားရ ထွက်ကြည့်ပြီးတော့ မြေခွေးအနားမှာ ပျော်ရွှင်လို့ ခုန်ပေါက်နေကြတယ်။
မနက်ကျရင် ခြံရှင်က သူ့ကို တွေ့တဲ့အခါ သတ်မယ်ဆိုတာကို တွေးမိလို့ နောင်တ အကြီးအကျယ် ရနေတဲ့ မြေခွေးဟာ "ကျုပ်ကို လွှတ်ပေးကြပါဗျာ..။ ကျုပ် ဘာမဆိုလုပ်ပေးပါ့မယ်။ ကျုပ် မသေချင် သေးဘူးဗျာ။ ကျုပ်ကို လွှတ်ပေး ကြပါ။" နဲ့ ကြက်တွေကို တတွတ်တွတ် တောင်းပန်တာပေါ့။
ကြက်တွေဟာ မြေခွေးစကားကို မယုံဘူး။ ဒီကောင် မြေခွေးပေါ့။ ကောက်ကျစ်တယ်။ လွှတ်ပေးလိုက် တာနဲ့ ငါတို့ကို စားတော့မှာ။ ဒီတော့ မလွှတ်ဘူး။ သေပေ့စေ ဆိုပြီး ဆက်လက် ခုန်ပေါက် ပျော်ရွှင် နေကြတယ်။
ဒီအားလုံးထဲကမှ အသက်အကြီးဆုံး ကြက်တစ်ကောင်ကပဲ မြေခွေးနားကို လာလို့ စကား စပြောတယ်။
"မြေခွေး... စောစောက ပြောတဲ့ ကျုပ်ဘာမဆို လုပ်ပေးပါ့မယ် ဆိုတဲ့ စကားက မြေခွေး အတည်ပြော နေတာလား။"
"တကယ်ပါ။ ကျုပ် ဘာမဆို လုပ်ပေးပါ့မယ်။"
"ဒါဆိုရင်... ဘာမဆို လုပ်ပေးမယ် ဆိုတာ ခင်ဗျားအတွက်ပဲ ဖြစ်ပါစေ ကျုပ်တို့ အတွက်ပဲ ဖြစ်ပါစေ ကို ပြောတာလို့ ဆိုနိုင်သလား။"
"ဆိုနိုင်ပါတယ်။"
"ဒါဆိုရင် ခင်ဗျားအနေနဲ့ ကြက်ခြံထဲက ထွက်မသွားပဲ ကျုပ်တို့ကို တခြားမြေခွေးတွေ ရန်က တသက်လုံး ကာကွယ် သွားပေးပါ။"
ထင်မှတ်မထားတဲ့ တောင်းဆိုမှုကြောင့် မြေခွေးဟာ အံ့အားသင့်သွားတယ်။ ဒါပေမယ့် သိပ်ရှည်ရှည်ဝေးဝေး မစဉ်းစားနေတော့ပဲ သဘောတူလိုက်တယ်။
"ဟုတ်ကဲ့ပါဗျာ။ နေပေးပါ့မယ်။ အခုတော့ ဘာပဲ ဖြစ်ဖြစ်ပါဗျာ။ ကျုပ်ကို လွှတ်ပေးပါ။"
"နေဦးလေ။ လွှတ်ပါ့မယ်။ ခင်ဗျားကတိသာ တည်ပါစေ။" လို့ ပြောပြီး ကြက်တွေနဲ့ တိုင်ပင်လိုက်တယ်။ အကြိတ်အနယ် တိုင်ပင်ပြီးတဲ့ အချိန်မှာတော့ အာရုဏ်တက်စပြုနေပြီ ဖြစ်လို့ မြေခွေးဟာ အရမ်းကို တုန်လှုပ်နေပြီ။ ဒီအချိန်ရောက်တော့မှ ထောင်ချောက်တွေကို ကြက်တွေဟာ ဝိုင်းလို့ ဖြုတ်ပေး လိုက် ကြတယ်။
မြေခွေးဟာ အရမ်းကို ဝမ်းသာပြီး ကျေးဇူးတင်လွန်းလို့ ကြက်တွေတောင်းတဲ့ ကတိအတိုင်း လုပ်ပေး မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကြက်ခြံပိုင်ရှင် နိုးလို့ ခြံထဲကို ဆင်းကြည့်တဲ့အခါမှာတော့ ခြံထဲမှာ ထောင်ချောက်ကလွတ်နေတဲ့ မြေခွေးဟာ ကြက်တွေနဲ့ အတူတကွ ပျော်ရွှင်လို့ ကစား နေတာကို တွေ့လိုက်ပါတော့တယ်။
မြေခွေးဟာ ကြက်ခြံထဲကို ခြံပိုင်ရှင်ကလွဲလို့ ဘယ်သူ့ကိုမှ အဝင်မခံတော့ပါဘူး။ တစ်ရွာလုံးက လူတွေ လာကြည့်ကြတယ်။ ထူးဆန်းတဲ့ ဒီဖြစ်စဉ် ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာကို ဘယ်သူမှ မစဉ်းစားတတ် သလို မြေခွေး ဘာ့ကြောင့် ဒီလို ပြောင်းလဲ သွားတယ် ဆိုတာကို တစ်ရွာလုံး ဘယ်သူမှ အဖြေ မထုတ်နိုင် သေးပါဘူး။
- မှတ်စုကြမ်း #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။