ဆရာဦးဇော်ဝေ
Credit
အင်္ဂလန်လား ဗြိတိန်လား ဂရိတ်ဗြိတိန်လား ယူကေလား
အဲ့ဒီနာမည်တွေက ဘာကွာလဲ ကွီးတဲ့
Brexit ဆိုတာကရော ဘာလဲတဲ့...
သူမေးလည်း မေးချင်စရာပါ
အဲ့ဒီနာမည်တွေက တော်ရုံတန်ရုံ သတိမထားမိပါဘူး
မြင်တွေ့နေကြဆိုပေမဲ့ အမှုမဲ့အမှတ်မဲ့ရယ်ပါ...
ယူကေ (UK) ရဲ့အရှည်ကောက်က
United Kingdom ပါ ဒါပေမဲ့ အပြည့်အစုံဆိုရင်တော့
The United Kingdom of Great Britain and Northern Ireland ဖြစ်ပါတယ်...
အများစုကတော့ United Kingdom (UK) လို့ပဲ
အလွယ်ခေါ်ကြပါတယ်
UK ဆိုတာက နိုင်ငံပေါင်း လေးနိုင်ငံကို
စုပေါင်းထားတဲ့ နိုင်ငံဖြစ်ပါတယ်
အင်္ဂလန်ရယ်၊ ဝေးလ်ရယ်၊ စကော့တလန်ရယ်
မြောက်အိုင်ယာလန်ရယ်ပါ...
ဗြိတိန်ဆိုတာ ဂရိတ်ဗြိတိန်ကိုပဲ အလွယ်ခေါ်တာပါ
သူကကျတော့ ကျွန်းနာမည်ပါ
British Isles လို့ခေါ်တဲ့ ကျွန်းအစုကြီးမှာပါတဲ့
အကြီးဆုံး ကျွန်းမကြီးကို
The main island of Great Britain လို့ခေါ်ပါတယ်
အဲ့ဒီကျွန်းကြီးပေါ်မှာ နိုင်ငံ သုံးနိုင်ငံရှိပါတယ်
အင်္ဂလန်ရယ်၊ ဝေးလ်ရယ်၊ စကော့တလန်ရယ်ပါ
မြောက်အိုင်ယာလန် မပါပါဘူး...
မြောက်အိုင်ယာလန်ကကျတော့
ဒီဘက်မှာရှိတဲ့ အိုင်ယာလန်ကျွန်းပေါ်မှာ
အိုင်ယာလန်နိုင်ငံနဲ့ အတူတူရှိနေတာပါ
ဒါပေမဲ့သူက အိုင်ယာလန်နိုင်ငံနဲ့ မပေါင်းဘဲ
ဟိုဘက်မှာရှိတဲ့ ဗြိတိန်ကျွန်းပေါ်က သုံးနိုင်ငံနဲ့
သွားပေါင်းပြီး UK ထဲ ပါသွားတာပါ...
အင်္ဂလန်ရဲ့မြို့တော်က London ပါ
စကော့တလန်ရဲ့မြို့တော်က Edinburgh ပါ
ဝေးလ်ရဲ့မြို့တော်က Cardiff ပါ
မြောက်အိုင်ယာလန်ရဲ့မြို့တော်က Belfast ပါ
ဒါပေမဲ့ UK ရဲ့မြို့တော်ဆိုရင်တော့ London ပါပဲ...
အများစုကတော့ အဆင်ပြေသလို ခေါ်ကြပါတယ်
ယေဘုယျမှတ်ထားရမှာက UK ဆိုရင် လေးနိုင်ငံပါတယ်
Great Britain, Britain ဆိုရင် သူ့ကျွန်းစု နာမည်ရဲ့
တည်နေရာအရ သုံးနိုင်ငံပဲပါတယ်
အင်္ဂလန်ဆိုရင်တော့ တစ်နိုင်ငံတည်းပေါ့...
အလံဆိုရင်လည်း အဲ့ဒီလိုပါပဲ
အင်္ဂလန်ရော၊ ဝေးလ်ရော၊ စကော့တလန်ရော
မြောက်အိုင်ယာလန်ရော အလံတစ်ခုစီ ရှိပါတယ်
ဒါပေမဲ့ UK အနေနဲ့ ဆိုရင်တော့
Union Jack ဒါမှမဟုတ် Union Flag လို့ခေါ်တဲ့
အလံကိုပဲသုံးပါတယ်...
အဲ့ဒီအလံကို ကျနော်တို့ မြန်မာတွေ
အင်မတန်ရင်းနှီးပါတယ်
ငယ်ငယ်ကကြည့်ရတဲ့ တော်လှန်ရေးကားတွေမှာပါတဲ့
အင်္ဂလိပ်စစ်ဗိုလ်နေရာက သရုပ်ဆောင်တဲ့
ဆံပင်ဖြူဖြူ အရပ်မြင့်မြင့်နဲ့ တစ်ယောက်
(မောင်မင်း လူကလေး ဘာညာနဲ့ ပြောတဲ့သူ)
သူထိုင်တဲ့ခုံနောက်မှာ ကပ်ထားတဲ့အလံဟာ
UK အလံ Union Jack ပါပဲ...
အဲ့ဒီ Union Jack အလံဆိုတာလည်း
ခက်ခက်ခဲခဲဖြစ်လာတာ မဟုတ်ပါဘူး
အင်္ဂလန်ရဲ့အလံရယ်၊ စကော့တလန်ရဲ့အလံရယ်
မြောက်အိုင်ယာလန်(အရင်) အလံတွေကို
သုံးခုထပ်ပြီး ဆွဲထားတဲ့ အလံပါပဲ
ဒါပေမဲ့ ဝေးလ်အလံတော့ မပါပါဘူး...
ဘာလို့ UK ဖြစ်လာသလဲ
အဲ့ဒီနိုင်ငံတွေ ဘာလို့ပေါင်းတာလဲ
ဘာတွေပေါင်းလဲ ဘာတွေမပေါင်းလဲ
ဆိုတာကတော့ အသေးစိတ်သိချင်ရင်
အင်တာနက်မှာဖြစ်ဖြစ် စာအုပ်တွေဖြစ်ဖြစ်
ရှာဖတ်ကြည့်ကြပါ
ဒီပိုစ့်လေးကတော့ အခေါ်အဝေါ်တွေကိုပဲ
အတတ်နိုင်ဆုံး ရှင်းပြထားရုံမို့လို့ပါ...
နောက်မေးခွန်းတစ်ခု Brexit ဆိုတာက
British Exit ကို abbreviation (အတိုချုံး) ထားတာပါ
Nickname (နာမည်ပြောင်) ပေးထားတာ ဖြစ်ပါတယ်
အသံထွက်ကတော့ (ဘရက်ဇစ်) လို့
အနီးစပ်ဆုံးရေးပြလို့ရပါတယ်...
Brexit ဆိုတာက ဥရောပသမဂ္ဂ (EU) ကနေ
UK နိုင်ငံက အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်တာကို
ဆိုလိုတာဖြစ်ပါတယ်...
ဘာလို့နှုတ်ထွက်တယ်၊ ဘယ်လိုဖြစ်ကြတယ်
ဆိုတာကတော့ စိတ်ဝင်စားတဲ့သူတွေရှိရင်
အင်တာနက်မှာ သတင်းတွေ ဆောင်းပါးတွေမှာ
ဆက်လက်လေ့လာနိုင်ပါတယ်...
UK, Great Britain, England အခေါ်အဝေါ်တွေကို
မြေပုံပေါ်မှာ ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့
ဒီပိုစ့်ရဲ့ First comment မှာ ပြထားပါတယ်
ကြည့်လိုက်ရင် ပိုရှင်းသွားမှာပါ...
Wai Phyo Maung
27.6.2016

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။