မှတ်စုကြမ်း added 4 new photos.
ကလေးများတွင် အဖျားကြီးလွန်းခြင်းကြောင့် တက်ခြင်း
*****************************************
ကလေးများသည် လူကြီးသဘာဝနှင့်မတူကြချေ။ လူကြီးများတွင် အဖျားကြီးလွန်းနှင့် တက်ခြင်းမှာ ဆက်စပ်လေ့မရှိသော်လည်း ကလေးများမှာမူ အဖျားကြီးသည့်အခါ တက်လေ့ရှိကြသည်။ အဖျားကြီး၍တက်ခြင်းကို မိဘများအနေဖြင့် အလွန်အမင်းစိုးရိမ်နေကြသော်လည်း ကလေးများတွင် အဖျားကြီးသည့်အခါ တက်ခြင်းမှာ အတွေ့ရများပြီး ဆောင်ရန်ရှောင်ရန်များကို လိုက်နာပါက စိုးရိမ်ဖွယ်ရာ သိပ်မလိုသော ဖြစ်စဉ်တစ်မျိုးသာ ဖြစ်ပါသည်။

ဤကဲ့သို့ အဖျားကြီးလွန်းခြင်းကြောင့်တက်ခြင်းကို ဆေးပညာအခေါ်အဝေါ်အားဖြင့်
febrile convulsions သို့ febrile seizure ဟု ခေါ်ဆိုလေ့ရှိကြသည်။
အများသောအားဖြင့် အဖျား ၃၈ ဒီဂရီ စင်တီဂရိတ်(38ံC) တနည်း ၁၀၀.၄ ဒီဂရီ
ဖာရင်ဟိုက် (100.4ံF)ကျော်သော ကလေးများတွင်ဖြစ်ပွားတတ်သည်။
ဖြစ်ပွားနှုန်းမှာ ကလေးအယောက် ၂၀တွင် ၁ ယောက်နှုန်းဖြစ်သည်။ အသက်အရွယ်အားဖြင့် ၆ လနှင့် ၃ နှစ်အကြားတွင်အများဆုံးဖြစ်ပွားနိုင်သော်လည်း အသက်၆နှစ်အထိ ဖြစ်ပွားနိုင်ပါသည်။မိန်းကလေးများနှင်ယှဉ်လျှင် ယောကျာ်းလေးများတွင် ပိုအဖြစ်များသည်။ မိဘနှစ်ပါးထဲမှ တစ်ယောက်တွင် ငယ်ရွယ်စဉ်ကအဖျားကြီးလျှင်တက်တတ်သည့် ရောဂါရာဇဝင်ရှိပါက သာသမီးတွင်ဖြစ်နိုင်ချေ ၃၀ရာခိုင်နှုန်းအထိရှိတတ်ပါသည်။
စတင်ဖျားသည့်အချိန်မှ၍ ၂၄နာရီအတွင်း (စဖျားသည့်ပထမရက်တွင်) အဖြစ်များလေ့ရှိကြသည်။ ကလေးများတွင်ဖြစ်သော အဖျားရောဂါ အများစုမှာ ဗိုင်းရပ်ပိုးဝင်ခြင်း၊ တုပ်ကွေးဖြစ်ခြင်းနှင့် ဘက်တီးရီးယားပိုးဝင်ခြင်း၊အဆုတ်ရောင်ခြင်း၊ အာသီးရောင်ခြင်းတို့ကြောင့်အဖြစ်များပါသည်။
ကလေးသည် အဖျားကြီးပြီးတက်လျှင် ခန္ဓာကိုယ်မှာ တောင့်တင်းလာမည်။ ပြီးလျှင်သတိလစ်ပြီး ခြေလက်များကွေး၍သော် လည်းကောင်း ဆန့်၍သော်လည်းကောင်း တက်မည်။ တခါတရံ တက်စဉ် ရူးထွက်ကျခြင်း ဝမ်းထွက်ကျခြင်းများ ရှိနိုင်သည်။ တက်ချိန်သည် အများသောအားဖြင့် ၅မိနစ်ထက်ကျော်လေ့မရှိပါ။ ၅မိနစ်ထက်ကျော်ပြီး တက်နေပါက ဆေးရုံဆေးခန်းသို့ ချက်ချင်းသွားရန်လိုအပ်ပါသည်။ ကလေးသည် အတက်ကျပြီးသည်နှင့် အလွန်အမင်းအိပ်ခြင်း၊ မှိန်းခြင်းမရှိပဲ သွက်လက်စွာပြန်ဆော့ကစားနိုင်လေ့ရှိကြသည်။ တက်ပြီး အလွန်အမင်းအိပ်ခြင်း၊ မှိန်းခြင်း၊ အဆက်မပြတ် အော့ထိုးအန်ခြင်း၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများပုံမှန်ကဲ့သို့ မလှုပ်ရှားနိုင်ရှိခဲ့သော် ဆေးရုံဆေးခန်းသို့ ချက်ချင်းပြသင့်ပါသည်။
ကလေးတက်နေစဉ် ပြုလုပ်ရမည့် ဆောင်ရန် ရှောင်ရန်အချက်များမှာ
***************************************************
၁) ကလေးကိုပက်လက်အနေအထားမဟုတ်ပဲ ဘေးတစောင်းထားပေးပါ။ ပက်လက်လှန်ထားခြင်းသည် ကလေးအန်ဖတ်ဆို့၍ အသက်ရှူလမ်းကြောင်းပိတ် သေဆုံးနိုင်သည်။
(၂) တက်နေသည့်ကလေးပါးစပ်အတွင်းသို့ မည်သည့်ပစ္စည်းမျှ မထည့်ပါနှင့်။
(၃) ကလေးဝတ်ထားသည့် အဝတ်များမှာ ထူထဲနေပါက ချွတ်ပြီး ခပ်ပါးပါးအဝတ်များသာ ဝတ်ပေးပါ။
(၄) စတက်သည့်အချိန်ကို နာရီဖြင့်မှတ်သားထားပါ။
(၅) ရေပတ်တိုက်ပေးနိုင်သည်။ ရေပတ်တိုက်သည့်အခါ နဖူးပေါ်တွင်သာ ရေပတ်တင်ခြင်းမပြုလုပ်ပဲ ဂျိုင်းခြား ပေါင်းခြား စသည့်နေရာများအထိရောက်အောင်တိုက်ပါ။ တဘက်ကြီးကြီးတစ်ခုကို ရေစွတ်၍ကလေးအားပတ်ထားပေးနိုင်ပါသည်။
(၆) ဂြိုလ်တုတောင့်(သို့) ဒုံးကျည်ဟုခေါ်သော ပါရာစီတမော စအိုထည့်ဆေးတောင့်ကို ထည့်ပေးနိုင်သည်။
(၆) ၅မိနစ်ထက်ကျော်လွန်ပြီး ကလေးတက်နေပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ချက်ချင်းပြရပါမည်။
(၇) တက်ပြီး အန်လျှင်၊ အချိန်အတော်ကြာအထိ ကလေးအလွန်မှိန်းလျှင် အိပ်နေလျှင်၊ကိုယ်လက်အင်္ဂါလှုပ်ရှားမှုများ ချွတ်ယွင်းနေလျှင်၊ တနေ့တည်း မကြာခဏ အကြိမ်ကြိမ် တက်နေလျှင် ဆေးရုံဆေးခန်းသို့ ချက်ချင်းပြသရပါမည်။
ဖျားလျှင်တက်လေ့ရှိသောကလေးများအတွက် ပြုလုပ်ရန်မှာ
***********************************************
(၁) စဖျားသည်နှင့် ပါရာစီတမော ကြိုတင်တိုက်ထားရန်
(ဆေးမသောက်ပါက ဂြိုလ်တုတောင့် ထည့်နိုင်သည်)
၆နာရီခြားတိုင်း တစ်ကြိမ်တိုက်/ထည့် နိုင်သည်။
(၂) ထူထဲသောအဝတ်များမဝတ်ပေးပဲ ပါးလွှာသော ချွတ်ရန်လွယ်ကူသော အဝတ်များကိုသာ ဝတ်ပေးထားရန်
(၃)အဖျား ၁၀၂ဒီဂရီဖာရင်ဟိုက် (102ံF) ကျော်ပါက ရေပတ်တိုက်ပေးရန်။
(၄) မိဘမျာအတွက် စိုးရိမ်လွန်းခြင်း၊ အိမ်တွင် လုံခြုံမှုမရှိခြင်း ကဲ့သို့ ခံစားနေရပါက သက်ဆိုင်ရာဆရာဝန်ကို အကျိုးအကြောင်းပြော၍ ဆေးရုံတက်ထားနိုင်ပါသည်။
- မှတ်စုကြမ်း #nayaung
Ref: NHS Choices UK
Febrile seizure 2015

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။