Bamaw Thein Pe added 3 new photos.
ကြီးပွားဖို့ ဘာကြောင့် မစွန့်စားရဲသလဲ။
လက်ရှိဝန်ထမ်း အလုပ်လုပ်နေတယ်။ ရတဲ့လစာလေးကမလောက် ရာထူးတိုးဖို့ မမြင် စိတ်ဓါတ်ကျနေတယ်။ ဒီအချိန်မှာ ကြီးပွားနိုင်မဲ့ အခွင့်အလမ်းတစ်ခုကို တွေ့လိုက်တယ်။ လက်ရှိဝန်ထမ်းဘဝကို စွန့်ပြီး အခွင့်အလမ်းကို ဖမ်းမဆုပ်ယူရဲဘူး။ ဘာကြောင့်လဲ။ ကြောက်လို့။ ဘာကို ကြောက်တာလဲ။ လက်ရှိအလုပ်က ထွက်ပြီး စွန့်စားလို့ မအောင်မြင်မှာကို ကြောက်တာ။ မအောင်မြင်ရင် ဝင်ငွေမရှိ ငတ်သွားမှာကို ကြောက်တာ။ လူ့သဘာဝကိုက မသေချာတာကို မစွန့်စားရဲဘူးလေ။
တကယ်လို့
ဝါရင်ဘူဖေး၊ ဘီလ်ဂိတ်၊ လီကာရှင်းစတဲ့ ဘီလျံနာသူဋ္ဌေးကြီး တစ်ယောက်ယောက်ကများ
သင့်အနားမှာ နေပြီး အလုပ်ထွက်ပြီးရင် ဟောဒီလို အရင်းအနှီးရအောင်ရှာ၊ ဒါကို
စလုပ်၊ ဒီလို အခက်အခဲတွေ တွေ့မယ်၊ အဲဒီ အခက်အခဲကို ဒီလို ဖြေရှင်းကွာလို့
အနီးကပ်လမ်းညွှန်ပေးနေရင် သင်အလုပ်ထွက်ပြီး မစွန့်စားရဲဘူးလား။ သင်ဟာ
ရူးမိုက်သူ မဟုတ်ရင် သေချာပေါက် ချက်ခြင်းအလုပ်ထွက်လိုက်မှာပါ။
ဘာကြောင့်သတ္တိရှိသွားတာလဲ။ သင်ဟာ အဲဒီ သူဋ္ဌေးကြီးတွေ ပြောစကားကို ယုံလို့။
မယုံလို့ မဖြစ်ဘူးလေ။ သူတို့ကိုယ်တိုင်က အောင်မြင်ကြီးပွားတာကို
လက်တွေ့လုပ်ပြခဲ့ပြီကိုး။
စိတ်မကောင်းစရာက အဲဒီဘီလျံနာသူဋ္ဌေးကြီးတွေက သင့်ဆွေမျိုး မဟုတ်လို့ သင့်အနားမှာ မရှိပါ။ ဒါပေမဲ့ ဝမ်းနဲစရာ မဟုတ်ပါ။ သူတို့အကြောင်း ရေးထားတဲ့ စာအုပ်တွေ၊ စီးပွားရေးလုပ်ငန်းကို ဘယ်လို လုပ်ရမယ်၊ အောင်မြင်ကြီးပွားအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ စာအုပ်ပေါင်း မြောက်များစွာ ရှိပါတယ်။ အဲဒီစာအုပ်တွေကို ဖတ်လိုက်ရင် သူတို့က သင့်အနားမှာ လာထိုင်ပြီး လမ်းညွှန်နေသလို ခံစားရမှာပါ။ ဘယ်စာအုပ်ကို ဖတ်သင့်တယ်ဆိုတော့ သင်ကိုယ်တိုင် စာတွေ ဖတ်ရင်းနဲ့မှ သိလာမှာပါ။
သူဋ္ဌေးကြီး လီကာရှင်းက ခုလို ပြောခဲ့တယ်။
- Knowledge အသိဉာဏ်က သင့်အနာဂါတ်ဘဝကို အဆုံးအဖြတ် ပေးပါလိမ့်မယ်။
- Knowledge ဟာ သင့်ကို ကြီးပွားချမ်းသာစေမယ်လို့ အာမ,မခံပေမဲ့ ကြီးပွားချမ်းသာမဲ့ အခွင့်အရေးတွေကို မြင်တတ်အောင် မျက်စိဖွင့်ပေးပါလိမ့်မယ်။
သူပြောတဲ့ knowledge ကို ဘယ်လို ရနိုင်သလဲ။ ကိုယ်တိုင် လက်တွေ့လုပ်ကြည့်ခြင်းနဲ့ စာဖတ်ခြင်းမှသာ ရနိုင်ပါတယ်။ တခြားနည်းလမ်း မရှိပါ။
ကျနော့်ရဲ့ "ဆင်းရဲနွံမှ ချမ်းသာဘုံသို့" စာအုပ်လေးကို ဖတ်လိုက်ရင် ဘီလျံနာသူဋ္ဌေးကြီးတွေ တစ်ယောက်ပြီး တစ်ယောက် သင့်ဆီ ခနအလည်လာ ကော်ဖီသောက်ရင်း ပြောပြသွားသလို ခံစားရမှာပါ။ သူတို့ သင့်ဆီမှာ တပါတ်လောက် ညအိပ် လာလည်ရင်း ပြောပြတာမျိုး ခံစားချင်ရင်တော့ သူတို့တစ်ဦးချင်းစီအကြောင်း ရေးထားတဲ့ အထုပ္ပတိကို ဖတ်ကြည့်ကြပါ။
ဗန်းမော်သိန်းဖေ
၂၆-၀၆-၁၆

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။