အမေရိကန်နိုင်ငံက Pepsi ကုမ္ပဏီကြီးရဲ့ CEO ဖြစ်သွားတဲ့ အိန္ဒိယအမျိုးသမီး - အင်ဒရာနူယီရဲ့ မှတ်မှတ်သားသား စကားများ။
အိန္ဒိယနိုင်ငံက ဘွဲ့ရတဲ့ အမျိုးသမီးလေးတယောက်ဟာ တက္ကသိုလ်ပညာ ဆက်လက်ဆည်းပူးဖို့ အမေရိကန်နိုင်ငံကို ပိုက်ဆံနဲနဲလေးနဲ့ စွန့်စားထွက်ခွာလာခဲ့တယ်။ တက္ကသိုလ်မှာ ရတဲ့ပညာသင်ထောက်ပံ့ကြေးနဲ့ မလုံလောက်လို့ ညနက်ကနေ မနက်မိုးလင်းအထိ အလုပ်လုပ်ပြီး နေ့ခင်းပိုင်းမှာ ကျောင်းတက်ရတယ်။ တက္ကသိုလ်ကနေ မဟာသိပ္ပံဘွဲ့ရပြီးတော့ အိန္ဒိယနိုင်ငံကို မပြန်တော့ပဲ အမေရိကန်နိုင်ငံမှာ အလုပ်လုပ်တယ်။ နောက်ဆုံးမှာ ကမ္ဘာကျော် Pepsi ကုမ္ပဏီကြီးမှာ ရာထူးနိမ့်နိမ့်နဲ့ ဝင်လုပ်တယ်။ သူမရဲ့ ကြိုးစားမှုကြောင့် အမေရိကန်နိုင်ငံသား အမျိုးသားတွေကို ဖြတ်ကျော်ပြီး ကုမ္ပဏီရဲ့ CEO ဖြစ်လာခဲ့တယ်။ သူမဟာ Pepsiရဲ့ လုပ်နည်းလုပ်ဟန်တွေကို ပြုပြင်ပြောင်းလဲပြီး Pepsiရဲ့ အရောင်းစံချိန်ကို တင်နိုင်ခဲ့တယ်။ သူမ နာမည်က အင်ဒရာနူယီ (Indra Nooyi)ပါ။
အင်ဒရာနူယီရဲ့ မှတ်မှတ်သားသား စကားများ
- ခေါင်းဆောင်ရဲ့ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုရတာ ခက်ပါတယ်။ တကယ့်ခေါင်းဆောင်အစစ်ရဲ့ဖွင့်ဆိုချက်က ပိုတောင် ခက်ပါသေးတယ်။ လူတွေကို ကမ္ဘာ့ အစွန်အဖျားအထိ သင်ခေါ်ရာနောက်ကို လိုက်လာအောင် လုပ်နိုင်ရင် သင်ဟာ မဟာခေါင်းဆောင်ကြီးတယောက်ပါပဲ။
- ကျမဟာ CEO တယောက်ဖြစ်လာပြီမို့ ဒါနဲ့ပဲ ကျေနပ်နှစ်သိမ့်နေလို့မရပါဘူး။ လေ့လာစရာတွေကို ဆက်လေ့လာနေရတယ်။ အတွေးအခေါ် မြင့်မားတိုးတက်ဖို့ စာအုပ်တွေအများကြီး ဖတ်နေရဆဲပါ။
- ကျမမှာ သင်ပြပေးတဲ့ ဆရာ,မရှိရင် ဒီနေရာကို ရောက်လာစရာမရှိပါဘူး။ ကျမဟာ သူတို့်ပုံသွင်းထုလုပ်ပေးလိုက်တဲ့ ပန်းပုရုပ်လေးတခုပါ။ ဆရာကောင်းရှိဖို့ အင်မတန်အရေးကြီးပါတယ်။
- သင့်ကုမ္ပဏီကို တိုးတက်ချင်ရင် သင့်အရည်အချင်းကို အရင်ဆုံးမြှင့်တင်ပါ။ အဲဒါဆိုရင် ကုမ္ပဏီလဲ လိုက်ပါတိုးတက်လာပါလိမ့်မယ်။
- ကုမ္ပဏီရဲ့ Boss ဖြစ်နေပေမဲ့ အိမ်ပြန်ရောက်ရင် ကျမဟာ သမီးတယောက်၊ ဇနီးတယောက်၊ အမေတယောက်၊ ချွေးမတယောက်ဆိုတာ ဘယ်တော့မှ မမေ့ပါဘူး။ အဲဒါ အမေရဲ့ အဖိုးတန်စကားလေးပါ။
- ကျမကို အတော်ကြမ်းတဲ့ ခေါင်းဆောင်တယောက်လို့ အောက်ကလူတွေက ပြောကြတယ်။ ဟုတ်ပါတယ်။ ကျမကိုယ်တိုင် အကောင်းဆုံးဖြစ်အောင်ကြိုးစားနေသလို သူတို့ကိုလဲ အကောင်းဆုံးလုပ်ကြဖို့ ခိုင်းတယ်။ ကျမ သူတို့ကို ချစ်လို့ ခိုင်းတာပါ။ သူတို့ကို တနေ့ကျရင် ကျမလို ထိပ်ဆုံးနေရာမျိုးကို ရောက်စေချင်လို့ပါ။
- ကျမ နားမလည်တဲ့ မသိတဲ့ ကိစ္စတခုကို အောက်ကလူကို ဘယ်တော့မှ မလုပ်ခိုင်းဘူး။
- မြန်မြန်ထက်ထက်လုပ်ပါ။ မှားသွားပါစေ၊ ကိစ္စမရှိပါဘူး။ အမှားပေါ်မှာ သင်ခန်းစာယူပြီး နောက်ထပ်တော့ မမှားပါစေနဲ့ပေါ့။
- စီးပွားရေးလုပ်ငန်းလုပ်တယ်ဆိုတာရဲ့ အခြေခံဟာ ဖေါက်သည်တွေနဲ့ နီးနီးကပ်ကပ်နေရမယ်။ သူတို့အကျင့်စရိုက်၊ သူတို့ကြိုက်တဲ့ပစ္စည်းနဲ့ သူတို့ရဲ့ဈေးဝယ်တဲ့ပုံစံကို သိနားလည်အောင်လုပ်ရမယ်။ ပြီးတော့ သူတို့လိုချင်တာကို ဖြည့်ဆည်းပေးရင်း ဝင်ငွေရှာတာပါ။
- ကျမကတော့ ကုမ္ပဏီမှာ ဖြစ်ပျက်နေတဲ့ အသေးအမွားလေးတွေကိုလဲ ဂရုစိုက်တယ်။ နို့မဟုတ်ရင် အမှိုက်ကစ ပြသဒ်မီးလောင်နိုင်တယ်လေ။
မှတ်ချက်။ ဗန်းမော်သိန်းဖေရဲ့ ဒုတိယမြောက်စာအုပ် “ဆင်းရဲနွံမှ ချမ်းသာဘုံသို့” မှ ကောက်နူတ်ချက်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။