Kyaw Swa Tun added 78 new photos to the album: Motivational Slides.
Motivational Topic - သင့်ကို ဘယ်သူမှ ထိလို့မရတဲ့ နေရာ သွားပါ။
--------------------
လူသိတဲ့ လက်ဝှေ့သမားတစ်ယောက်ဖြစ်ဖို့ လူမသိတဲ့ သဲအိတ်ထိုးသမား ဘဝကို မန်နီပက်ကောဝ် ဖြတ်ကျော်ခဲ့ရပါတယ်။
လူသိရှင်ကြား အကျိုးရှိဖို့ လူမသိသူမသိ အကျိုးမရှိတဲ့ စမ်းသပ်ချက်ပေါင်းများစွာနဲ့ အက်ဒီဆင် ဖြတ်ကျော်ခဲ့ရပါတယ်။
လူထုကြားမှာ ကြက်သီးထလောက်အောင် လက်ဟန်ခြေဟန်နဲ့ ပြောဟောနိုင်ဖို့ အိမ်က မှန်ရှေ့မှာ အခါခါ ဟစ်တလာ လေ့ကျင့်ခဲ့ရပါတယ်။
တကယ်က လူဆိုတာ သဘာဝအရကို မတူကွဲပြားမှုကို သတိပြုတတ်တာမျိုးပါ။ ဒီလိုသတိပြုမိတာဟာ ပတ်ဝန်းကျင်ပြောင်းလဲသွားတာလား။ ကိုယ်ပြောင်းလဲသွားလို့လား။
ဗုဒ္ဓဘာသာရဲ့ စွန့်ဦးတီထွင် ဂေါတမမြတ်စွာဘုရားတောင် ကမ္ဘာလှည့်တရားရှာခဲ့တာမဟုတ်။ ခန္ဓာလှည့် တရားရှာခဲ့တာပါ။
တကယ်တော့ အပြင်ပြောင်းလဲနိုင်ခဲ့သူတွေဟာ အရင်ဆုံးအတွင်းမှာ ပြောင်းရမယ်မှန်း သိကြသူတွေ ချည်းသာ ဖြစ်တယ်။ အတွင်းမှာ ပြောင်းလဲမှသာ အပြင်လောကမှာပါ ပြောင်းလဲတာပါ။
ဘယ်လိုပြောင်းလဲမလဲ။ သူများနဲ့ မထိုးခင် တစ်ယောက်ထဲထိုးပါ။ သူများရှေ့မပြခင် တစ်ယောက်ထဲ စမ်းပါ။ ကမ္ဘာကို မလှုပ်ခင် ကိုယ့်ကိုယ်ကို လှုပ်ပါ။ တစ်လောကလုံးကို မပြောင်းခင် ကိုယ့်ကိုယ်ကို အရင် ပြောင်းလဲပါ။
ဒီလိုမဟုတ်ပဲ လူအများရပ်နေတဲ့ဘက်ကို ခင်ဗျားတို့ ရောက်နေပြီဆိုရင် ဒီအချိန်ဟာ ခဏရပ်လို့ ပြန်သုံးသပ် ရတော့မယ့်အချိန်ပဲ ဖြစ်တယ်
အတိတ်ဆိုတာ သင်ခန်းစာ ဖြစ်တယ်။ ပစ္စုပ္ပန်က လက်တွေ့ ဖြစ်တယ်။ အနာဂတ်က ရည်မှန်းချက် ဖြစ်တယ်။
သင်ခန်းစာယူပြီး လက်တွေ့လုပ်လို့ ရည်မှန်းချက်တိုင်အောင် လျှောက်ကြရလိမ့်မယ်။
မှားတယ်ဆိုတာ တကယ်တော့ အရမ်းကောင်းတဲ့ သင်ခန်းစာ။ ဒါမှ လက်တွေ့မှာ ပြန်လည် ပြင်ဆင်နိုင်မှာ။ ပြင်ဆင်နိုင်မှ ဒီအမှား ထပ်မဖြစ်ပဲ ရည်မှန်းထားတဲ့ နေရာ ရောက်မှာ။
တစ်နေရာရာကို မနှစ်သက်ပေမယ့် ရပိုင်ခွင့်တွေကြောင့် အားနာပြီး မကုပ်နေပါနဲ့။
လူဗျ.. သစ်ပင်မဟုတ်ဘူး။ ရွှေ့ပါ။
ရွှေ့မိတဲ့ အတွက်လဲ မနှမြောနဲ့။ ဘာလို့လဲဆိုရင် နောက်ပြန် လှည့် တိုင်း လမ်းမှားတယ်မထင်နဲ့။ လမ်းမှား ကနေ နောက်ပြန် လှည့်နေတာဆိုရင် မင်းဘာပြောမလဲ။
ကိုယ့်ဘဝမှာ ဘာတစ်ခုမှ မပြောင်းလဲနိုင်ဘူးဆိုရင်
ဘာတစ်ခုမှလည်း ကိုယ့်ဘဝထဲ ပြောင်းလဲလာမှာ မဟုတ်ဘူး။
လက်မလေးတွေကို ချစ်တာ လျှော့ပါ။ တပ်မက်တတ်တယ်။ လက်ညှိုးလေးတွေနဲ့ ဟန်ပြတာလဲ လျှော့ပါ။ ဘဝင်မြင့်တတ်တယ်။ လက်ခလယ် က သုံးကို မသုံးသင့်တဲ့ အရာ။ အမုန်းပွားတတ်တယ်။ လက်သန်းကြွယ်မှာ တန်ဆာဆင်တာလဲ လျှော့လိုက်ဦး။ ဂုဏ်မောက်တတ်တယ်။ လက်သန်း လောက် ပဲ ကိုယ့်ကိုယ်ကို မမြင်မိဖို့ကတော့ အရေးအကြီးဆုံးပဲ။ သိမ်ငယ်တတ်တယ်။ လက်ခုပ်သံ တစ်ချက် လောက်နဲ့ ကျေနပ်နိုင်တာလဲလျှော့။ ခိုင်းဘက်ဖြစ်တတ်တယ်။
ခိုင်းဘက်မဖြစ်ချင်ရင် လွယ်ပါတယ်။ အပေါ်ကပြောခဲ့တဲ့ လက်ချောင်းကလေးတွေ ပြောင်းလဲပစ် ရမယ်။ လက်ချောင်းကလေးတွေ ပြောင်းလဲနိုင်တဲ့အခါ အတွေးအခေါ်တွေ စတင်ပြောင်းလဲ လာလိမ့် မယ်။ အဲ့ဒီ အတွေးအခေါ် ပြောင်းလဲခြင်းဟာ အင်အားအရှိဆုံး အပြောင်းအလဲ ဖြစ်တယ်။
အတွေးအခေါ်ပြောင်းလိုက်တဲ့လူအတွက် ဆံပင်တွေပြောင်းလာလိမ့်မယ်။ ဆံပင်တွေ ပြောင်းလာ တဲ့အခါ အဝတ်အစားတွေပါ ပြောင်းလာတယ်။ အဝတ်အစားတွေ ပြောင်းလာတဲ့အခါ အလုပ်အကိုင် တွေပါ ပြောင်းလာတယ်။ အလုပ်အကိုင်ပြောင်းလာတဲ့အခါ နေရပ်လိပ်စာတွေ ပြောင်းလာလိမ့်မယ်။
ဒီလိုမျိုး အစစအရာရာ ပြောင်းလဲလာတဲ့ အခါ လက်ခုပ်သံတစ်ချက်မှာ ပဲ့တင်သံတွေ ထပ်လာ လိမ့် မယ်။ တီးသူကိုယ်တိုင်က မရပ်ချင်လောက်အောင် သြဘာသံတွေအကြားမှာ သင် ခိုင်းဘက် အဖြစ် က သေဆုံးပြီး အောင်နိုင်သူအဖြစ် မွေးဖွားလာလိမ့်မယ်။
မှတ်ထားပါ။ လောကမှာ လူဆယ်ယောက် ပွင့်ပွင့်လင်းလင်း ချီးမွမ်းခံရသူတိုင်း တစ်ချိန်တုန်းက သူတစ်ယောက်ထဲ ကျိတ်ပြီး ကျင့်ကြံခဲ့ကြရတာချည်းပဲ။
စက်ဘီးစီးတတ်လား။ တစ်ကွေ့တစ်ချိန်မှာ လုံးဝမလဲတော့တဲ့ အခါ ခင်ဗျား စတင်ပြောင်းလဲခဲ့တာပဲ။
ဆိုလိုချင်တာက မတတ်သူကနေ တတ်သူ အဖြစ်သို့ ပြောင်းလဲ ခဲ့တယ်။ ဒီမတိုင်ခင်က တတ်ဖို့ လမ်းစ မြင်နေလို့ ခင်ဗျား စက်ဘီးစီး တာလား။ မဟုတ်ဘူး။ ခဏခဏ လဲသွားလိုက် ပြန်ထလိုက် အရသာကို ခင်ဗျားခုံမင်လို့။ တစ်နည်းအားဖြင့် ခင်ဗျား မခံချင်စိတ်နဲ့ ပြန်ထနေတာ။
နောက်တစ်ကြိမ်တော့ဘယ်လိုလေးစီးကြည့်လိုက်မယ် ဆိုတဲ့စိတ်နဲ့ ခင်ဗျား အတတ်ပညာ တွေကို တတ်ခဲ့တာပဲ။
ဖြစ်ပါ့မလားတွေများလေလေ ခင်ဗျား အဖြစ်မရှိတဲ့လူ ဖြစ်လာ လေလေပဲ။ လုပ်လို့ ဖြစ်ပါ့မလားတွေ များလေလေ ခင်ဗျား အလုပ် မဖြစ်တဲ့လူ ဖြစ်လာလေလေပဲ။ လုပ်ရင် ဖြစ်မယ်။ ဒါ့ကြောင့် လုပ်မယ် ဆိုတာလေးတွေ ပေါ်လာမှ ခင်ဗျားအတွက်လမ်းစပွင့်မယ်။
ကိုယ့်ကိုယ်ကို ယုံစမ်းပါ။ ခင်ဗျားတွေးနေတာထက်ကို ပိုလုပ်နိုင်တယ် ဆိုတာ ခင်ဗျားကိုယ် ခင်ဗျား သိကို သိတယ်။ မပျံနိုင်ဘူးမှတ်လား။ ပြေးပါ။ မပြေးနိုင်တော့ဘူးလား။ ဖြေးဖြေးလျှောက်ပါ။ မလျှောက်နိုင် တော့ဘူးလား။ တွားသွားပါ။ ခင်ဗျား ဘာကြီးပဲလုပ်နေနေ ရှေ့ကိုတော့ ရောက်နေရမယ်။
နောက်လှည့်မကြည့်နဲ့။ လူဆိုတာ သွားတဲ့ လမ်းကိုပဲ မျက်နှာမူရမယ်။ ရှေ့ကိုလဲမျှော်မနေနဲ့။ ကိုယ့် ပတ်ဝန်းကျင်နဲ့ ကင်းကွာ လာတတ် တယ်။ စက်ဘီးစီးမတတ်ခင်တုန်းကလိုပဲ... ကိုယ်လုပ်နေတဲ့ ကိစ္စကို ရှေ့သို့ ဆက်ရန်ဆိုတဲ့ စိတ်နဲ့ သာသွား။ မြေကြီးလက်ခတ် မလွဲ ခင်ဗျား နောက်ဆုံးမှာ အောင်မြင်လာလိမ့်မယ်။
လမ်းကို သိခြင်းနဲ့ မသိခြင်းမှာ သူများတွေ သိပြီး ကိုယ်မသိလို့ စိတ်ဓာတ်ကျနေသလား။ လမ်းသိတဲ့ လူဆိုတာ တကယ်တော့ ဘောင်ကျဉ်းသွားပြီ။ လမ်းမသိတဲ့လူကမှ လမ်းကို လိုက်ရှာရင်းနဲ့ သိလို့ ထွက်သွားတဲ့လူ ထက်တောင် လမ်းပိုသိ လာနိုင်သေးတယ်။
----------
Paul Arden (Saatchi & Saatchi မှ Creative Director ၏ အားပေးစကား)
Saatchi & Saatchi မှာ တီထွင်ဆန်းသစ်မှု အမှုဆောင် ဒါရိုက်တာ တစ်ယောက် အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ပေါလ်ဟာ ဝန်ထမ်းတစ်ယောက်ကို အသုံးမကျလို့ ခေါ်ဆူဖူးတယ်။ နေ့လည် လောက် ကျတော့ ဒီဝန်ထမ်းလေး ငိုနေတယ်ဆိုတာ ရုံးထဲက လူတွေ ပြောနေကြတယ်။ ဒီမှာ သူကိုယ်တိုင် ဝန်ထမ်းလေးဆီကို သွားပြီး အားပေးစကား ပြောခဲ့တယ်။ အဲဒီအချိန် ထဲက အဆိုပါ ဝန်ထမ်းလေးဟာ နောက်ဆိုရင် စိတ်ဓာတ်မကျပဲ ပိုကြိုးစား လာသတဲ့။ အားပေးစကားက ရိုးရိုးလေးပါ။ "မငိုပါနဲ့ကွာ။ ငါလည်း မင်းအရွယ်တုန်းက အသုံးမကျတဲ့လူတစ်ယောက်ပဲ။"
----------
ဖြေလိုက်တဲ့ အဖြေလွဲတိုင်း ညံ့သူဆိုရင် အိုင်းစတိုင်းတို့ အက်ဒီဆင်တို့ ဘဝတွေဟာ အိပ်မက်တွေ အနေနဲ့ပဲ ထင်ကျန်နေဖို့ ရှိတော့တယ်။ အတန်းထဲမှာ ဘိတ်ချေးနဲ့ အလယ်မှာ တက်လိုက်ဆင်းလိုက် ပြေးလွှားနေသူတိုင်း ကို လေ့လာကြည့်ရင် ကျောင်းစာကို စိတ်မဝင်စားတာ မှန်ပေမယ့် သူတို့ ဘာကို စိတ်ဝင်စားနေသလဲ ဆိုတာကို လိုက်လံကြည့်နေသူ အင်မတန်ရှားတယ်။ ဒီလို အကြည့်ခံဘဝ မဟုတ် ခဲ့တဲ့ ကလေးငယ် တွေ၊ ဒီလို စာညံ့ပါတယ်လို့ တစ်ကျောင်းလုံးက သမုတ်ခဲ့ကြတဲ့ ကလေးငယ်တွေ ကပဲ တစ်ချိန်ချိန် ကျတော့ တစ်နေရာရာမှာ ထူးချွန်လာလို့ နိုင်ငံကျော်၊ ကမ္ဘာကျော်ခဲ့ကြတာ အများအပြားပါ။
----------
[အဆင့်အတန်းဝေးလွန်းလို့ ဂရုမစိုက်မိခဲ့သူ Frank Zapper]
အမေရိကန် ရော့ခ်ဂီတလောကမှာ တချိန်က နာမည်ကြီးခဲ့တဲ့ Frank Zapper ကို သတင်းသမား ပေါက်စ တစ်ယောက်က အင်တာဗျူး လာလုပ်တယ်။ ဒီတုန်းက Frank Zapper နဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ထိုင်နေတဲ့ သတင်းသမားပေါက်စက လှောင်ပြောင်လိုဟန်နဲ့ "ကျွန်တော် ထိုင်နေတဲ့နေရာက ခင်ဗျားကို လှမ်းကြည့်လိုက်တော့ ဆံပင်ရှည်ရှည်နဲ့ မိန်းမကြီး ထင်နေတာ။" လို့ ခနဲ့လိုက်တယ်။
Frank Zapper က အေးအေးဆေးဆေး ပြန်ဖြေတာက "ကျုပ် နေရာကလည်း စောစောလေးကအထိ ထိုင်ခုံပဲ လှမ်းမြင်နေရတာ။ အခု ခင်ဗျား စကားစပြောမှသာ လူရှိမှန်းသိတာ။"
----------
ဒါ့ကြောင့် မှင်နီတားခံ အနှိမ်ခံ ရတိုင်း စိတ်ဓာတ်မကျပါနဲ့။ ခင်ဗျားတို့လို လူတွေ ကပဲ ကမ္ဘာကို နောက်ဆုံး ချုပ်ကိုင်သွားကြတာ ဘယ်သူမှ ခုထိ မငြင်းနိုင် မှင်နီမတို့နိုင်သေးပါဘူး။
တစ်နေရာမှာ ဟာကွက်ရှိတိုင်း နောက်တစ်နေရာမှာလဲ ဟာကွက်ရှိရမယ် မထင်ပါနဲ့။ လောကမှာ အပ်လိုလူတွေ ချည့်ပဲ။ တစ်ဖက်မှာ အပေါက်ပါပေမယ့် တစ်ဖက်မှာ မြနေအောင် ချွန်နေတတ်တယ်။ အခန့်မသင့်ရင် ခင်ဗျားရဲ့ ပေါက်နေတဲ့စိတ်ဓာတ်ကိုတောင် သူချုပ်ချင် ချုပ်ပေးသွားဦးမယ်။
ကျုပ်တို့တွေ သေတဲ့အထိ ပေးဖို့ချည်း သပ်သပ် မွေးဖွားလာခဲ့ ကြတာ လား။ မဟုတ်ဘူးနော်။ အပေးအယူနဲ့ လာတာ။ တန်ဖိုးကြီး ပစ္စည်းတွေ သူများသုံးနိုင်သလို ကိုယ်လဲ သုံးနိုင်နေ ရမယ်။
ဒီလို တန်ဖိုးကြီးပစ္စည်းတွေ သုံးချင်တဲ့လူတစ်ယောက်ဟာ အောင်မြင် မှ ရမယ်ဆိုတာ သိလာတယ်။ အောင်မြင်တဲ့ လူကြီးလူကောင်း တစ်ယောက် ဖြစ်လာရမယ် ဆိုတဲ့စိတ်ကိုထား။
ဟုတ်ပြီ။ လူကြီးလူကောင်း တစ်ယောက်ရဲ့ လက္ခဏာက ဘာလဲ။ လူငယ်တစ်ယောက်နဲ့ ဘာတွေကွာသလဲ။
လူငယ် တစ်ယောက် ဆိုရင် တခြား ကောင်မလေးတွေ အပေါ်ကို ကိုယ့်ချစ်သူက မနာလိုအောင် လုပ်ချင်စိတ် ရှိတယ်။
လူကြီးလူကောင်း တစ်ယောက် ဆိုရင်တော့ ကိုယ့်ချစ်သူကို တခြား ကောင်မလေး တွေက မနာလိုအောင် လုပ်နိုင်စွမ်း ရှိတယ်။ အဲ့ဒါ လူကြီးလူကောင်း တစ်ယောက်နဲ့ လူငယ်တစ်ယောက် အကြား ကွာခြားချက်ပဲ။
မှတ်ထားဖို့က သူဌေးဆိုတာ တစ်ခါတုန်းက အလုပ်သမားပဲ။ အောင်ခြေကပဲ စခဲ့ကြရတယ်။
ဒါ့ကြောင့် စိတ်ဓာတ်မကျနဲ့။ ကျရင် ပြန်ကောက်။ ပိုက်ဆံလေး ၅၀၀/ ၁၀၀၀ တောင် ပြုတ်ကျရင် ပြန်ကောက်တယ် မဟုတ်လား။ ကျုပ်တို့ စိတ်ဓာတ် က ၅၀၀/ ၁၀၀၀ တောင် မတန်ဘူးလား။
ဒါ့ကြောင့် ပြန်ကောက်ရမယ်။ အဓိပ္ပာယ်မရှိတဲ့လုပ်ရပ်တွေကနေ ကျုပ်တို့ အခု ချက်ချင်းကို ခွဲထွက်လာနိုင် ရမယ်။
ပြီးရင် ခံစားချက်တွေဘယ်လောက် စုတ်ပြတ်သတ်နေပါစေ။ ကုန်းရုန်း လို့ ထနိုင်ရမယ်။ သပ်သပ်ရပ်ရပ် ဝတ်စားရမယ်။ အကောင်းဆုံး တင်ဆက် ရမယ်။ ပြီးရင်.. တစ်သက်လုံး အရှုံး မပေးဘူး လို့ ကျုပ်တို့ ခံယူ ရမယ်။
ဒါဆို ဘယ်က စရမလဲ။ ပထမဆုံး နေသားကျနေတာကနေ စွန့်ခွာ လာရမယ်။ ရက်အတော် ကြာကြာအထိ ပိုက်ဆံ ပြတ်ကောင်း ပြတ်မယ်။ ကိုယ့်အပေါ် မယုံသူတွေ စွန့်ခွာသွားကြမယ်။ အိပ်ပျက်တဲ့ ညတွေ တန်းစီကုန်မယ်။ ဒီကနေ ကိုယ့်ကိုယ်ကို ယုံကြည်မှု စတည် လာ လိမ့်မယ်။ အဲ့ဒီနောက်ပိုင်း စွန့်စားခန်းတွေ စပြီ။
ခင်ဗျားတို့ ငယ်တုန်းမှာ ရဲရဲကြီးစွန့်စားလိုက်စမ်းပါ။ ဒါမှကြီးလာတဲ့အခါ ကိုယ်ပိုင် ပုံပြင်တစ်ပုဒ် ကောင်းကောင်း ပြောနိုင်မှာလေ။
ပြီးရင် ဘဝခံယူချက် ထားပုံ ပြောပြမယ်။ ကိုယ်နဲ့ ဆက်ဆံသူတွေကို မှာထား။
"အမှန်စကားနဲ့ ပဲ ကျုပ်ကိုတိုက်ခိုက်ပါ။ မုသားနဲ့တော့ ဘယ်တော့မှ မနှစ်သိမ့် ပါနဲ့" လို့။
ပြီးတော့ ကိုယ့်ဆီကထွက်တဲ့ စကားကတော့ နည်းအောင် ကြိုးစား။ ဘာ့ကြောင့်လဲ ဆိုရင် လူတစ်ယောက်ဟာ ပါးနပ်လာလေလေ စကားနည်း လာလေလေ။ ထိုက်တန်သလောက်မရမချင်း ဘယ်တော့မှ မကျေနပ်နဲ့။
နောက်ဆုံးမှာ ကိုယ် တချိန်က စံနမူနာ ယူခဲ့ရတဲ့ သူတွေက ကိုယ့် ပြိုင်ဘက်ဖြစ်လာတဲ့အထိ ကျုပ်တို့ ခင်ဗျားတို့ ကြိုးစားရမယ်။
- မှတ်စုကြမ်း #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။