"မောင် နဲ့ ကျမ"
ဆယ်တန်းအောင်တော့...
ကိုယ်က ဘာရည်ရွယ်ချက်မှ မထားတတ်တဲ့ ပေါ့ပေါ့နေ ပေါ့ပေါ့စားကောင်ဆိုတော့ ဘာလုပ်ရမှန်းမသိဘူး။
အဖေက DSA ဖြေခိုင်းတယ်။
မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးသွားစစ်တာ Flat foot ဆိုပြီး ဆေးကျပါလေရော။
စစ်ဗိုလ်ဖြစ်ဖို့ ကံပါမလာတာနေမှာ၊ လူကလည်း ဗိုလ်ရုပ်မထွက်တာနဲ့ အတော်ပါပဲ။
အဲဒါနဲ့ GTI ဝင်ခွင့်ဖြေတော့ စာစစ်တဲ့လူ မျက်စေ့လည်ပြီး အောင်သွားတယ်။
ဘာလိုင်းရွေးရမှန်းမသိလို့ တပ်ကုန်းမှာနေတုန်းက အိမ်နားမှာ ဆောက်လုပ်ရေးလမ်းဗိုလ်ကို မြင်ဖူးထားတာနဲ့ သူ့ရုံးမှာ ရေးထားတဲ့ "မြို့ပြအင်ဂျင်နီယာ" ဆိုတာကို ပြန်မြင်ပြီး Civil ကို ရွေးလိုက်တာ...
ဆိုတော့ Civil အင်ဂျင်နီယာပေါ့လေ။
GTI ဆင်းတော့လည်း ယောင်တောင်တောင်ပါပဲ
ဟိုလိုလို ဒီလိုလိုနဲ့ တွေ့ရာ လျှောက်လုပ်နေတာ...
မန္တလေး ဝိဇ္ဇာ နဲ့ သိပ္ပံတက္ကသိုလ် သွားတက်လိုက်သေးတယ်။
ဘွဲ့များမရချင်တော့ မန္တလေးတက္ကသိုလ်တက်နေတုန်း နောက်ဆုံးနှစ်အရောက်မှာ YIT ပေါင်းကူးသင်တန်းဖြေဖို့ အကြောင်းဖန်လာတယ်။
ဒါနဲ့ ဟိုစာအုပ်လှန်၊ ဒီစာအုပ်လှန် ဖတ်ရ ကျက်ရတာပေါ့။
ကံများကောင်းချင်တော့ GTI ကျောင်းသားဘဝက စာအုပ်တွေက၊ မုံရွာက ရည်းစားဟောင်းဆီမှာ ရောက်နေတာလေ
သူ့မောင်လေး GTI တက်တော့ လာငှားတာနဲ့ အစ်မမျက်နှာကြောင့် ယောက်ဖကို အကုန်ပေးလိုက်တယ်
အစ်မလုပ်သူက စနစ်တကျသိမ်းထားပေးလို့ တော်သေးတာ
စာအုပ်လေးတွေကလည်း အကောင်းအတိုင်း ရှိသေးတယ်၊
အင်း...ကိုယ့်ကို သတိရတိုင်း ကိုယ့်စာအုပ်တွေ ထုတ်ထုတ်ကြည့်နေသလားမှ မသိတာ ငိ ငိ
အဲဒါနဲ့ YIT ဝင်ခွင့်ဖြေပါလေရော...
ကိုယ်က ကြီးကြီးကျယ်ကျယ်တွေ လျှောက်ဖတ် လျှောက်ကျက်ထားတာ...
သူက မေးတော့ ၇တန်း နဲ့ ၈ တန်းသင်္ချာတွေချည်း အပုဒ် ၂၀ မေးရော။
ရေစုန်ရေဆန် ပုစ္ဆာတွေ၊ လေစုန်လေဆန်ပုစ္ဆာတွေ။
"မောင်ဖြူ လယ်တစ်ကွက်ကို လုပ်တာ ၅ ရက်ကြာတယ်၊ မောင်နီလုပ်ရင် ၇ ရက်ကြာတယ်၊ ၂ ယောက်ပေါင်းလုပ် ဘယ်လောက်ကြာမလဲ" ဘာညာနဲ့
လေတာပေါ့... ...
အကုန်လုံး ဂျွမ်းပြန်တာပေါ့...
ဒါလည်း ကိုယ်က ရမ်းချလိုက်တာ ဝင်ခွင့်အောင်ပါလေရောဗျာ...
ဒါနဲ့ပဲ YIT ကျောင်းတော်သားကြီးဖြစ်သွားတယ်။
အဲဒီမှာ သူကပိတ်လိုက် ကိုယ်က ကျလိုက်နဲ့၊ လိမ်ဖယ်လိမ်ဖယ်တက်ရင်း၊ ပြည်တွင်းဖြစ် အရက်ကို ခေါ်တဲ့ နာမည်အတိုင်း ပေးထားတဲ့ BE ဘွဲ့ကို ရခဲ့တယ်။
B.E ဘွဲ့လေးရတော့ ဒီ စလုံးမှာ ကျွန်ခံ အဲလေ အလုပ်လုပ်ရတာ နည်းနည်းတော့ မျက်နှာပန်းလှသပေါ့ဗျာ
ဘာမှတော့ မဆိုင်ဘူးရယ်
ကျနော်ပြောချင်တာက ဂျူး အကြောင်းဗျ
စားတဲ့ ဂျူး မဟုတ်ဘူး၊ စာရေးဆရာမ ဂျူး
ကိုယ်က လူပျိုပေါက်စမှာ ဂျူး ရဲ့ ဝတ္ထုတိုလေးကို ဆေးကျောင်းနှစ်လည်မဂ္ဂဇင်းမှာ စပြီးဖတ်ခဲ့ရတာ။
ဒါနဲ့ သူ့ရဲ့စာဖတ်ပရိတ်သတ် ဖြစ်ခဲ့တယ်။
သူ့ရဲ့ ရေးဟန်တွေကို အတော်နှစ်သက်တာ။
သူ့ဝတ္တုတွေထဲမှာ ... ...
ဇာတ်ကောင် အမျိုးသမီးတွေက သူ့ရဲ့ချစ်သူကို 'မောင်' လို့ ခေါ်ပြီး သူ့ကိုယ်သူ 'ကျမ' လို့ ပြောတဲ့ စတိုင်ကို အကြိုက်ဆုံး ( အများအားဖြင့် အဲလို ခေါ်တယ်လို့ ထင်ပါတယ်၊ တချို့ဝတ္တုတွေမှာ ပြောင်းခေါ်တာမျိုးလည်း ရှိကောင်းရှိပါမယ်၊ ကျနော်မှတ်မိတာကို ပြောတာပါ)
ဒါနဲ့ လူပျိုပေါက် သန်၎ကိုက စိတ်ကူးတွေယဉ်ခဲ့တယ်... ...
'ငါ့မှာသာ ချစ်သူရခဲ့ရင် င့ါကို 'မောင်' လို့ အခေါ်ခိုင်းမယ်၊ သူ့ကိုယ်သူ 'ကျမ' လို့ အပြောခိုင်းမယ်'... ဘာညာ ပေါ့လေ။
ချစ်သူက ဘယ်ဆီနေမှန်းမသိဘူး၊ လူက "နာမည်ခေါ်တွင်ရေး စီမံကိန်း' နဲ့။
ကောင်းဘူးလား?
အဲ...
အဲလို စိတ်ကူးတွေယဉ်ခဲ့ပြီး ဘဝတစ်လျှောက်လုံး ရည်းစား ၄၆ ယောက်တိတိထားခဲ့တာဗျာ
(များ များနေလား မသိဘူး၊ ငိ ငိ၊ ဒါတောင် သိပ်များနေရင် ယုံမှာ မဟုတ်လို့ ၆ ယောက်လျှော့ပြီး ပြောတာ ဟိ)
အဲဒီ ၄၆ ယောက်ထဲမှာ တစ်ယောက်ကမှ ကျနော့်ကို မောင်လို့ မခေါ်ဘူး၊ သူတို့ကိုယ် သူတို့လည်း ကျမ လို့ မပြောဘူး။
သူငယ်ချင်းချင်း ရည်းစားဖြစ်တော့ 'နင်' နဲ့ 'ငါ' နဲ့ ပြောတယ်... ဘယ်မှာလဲ ရိုမန်တစ်။
အသက်ကြီးတဲ့ မမနဲ့ ရည်းစားဖြစ်တော့ 'မောင်လေး' နဲ့ 'မမ' တဲ့... အရသာ မရှိဘူး။
အသက်ငယ်တဲ့ ကောင်မလေးနဲ့ ရည်းစားဖြစ်တော့ 'ကိုကို' တဲ့ 'ညလေး' တဲ့... မစွံဘူး။
အမုန်းဆုံးကတော့ 'ဦး' နဲ့ 'သမီး' လို့ ပြောတာကြီး ကိုပဲ
ခက်တာက...
ခု ကိုယ့်အရွယ်ကလည်း 'ဦး' အခေါ်ခံရမယ့် အရွယ်၊ မကြာမီ 'ဘကြီး' ခေါ်ခံရတော့မှာ...
ဒီတော့ဗျာ...
ဘကြီးအခေါ်ခံရမယ့် မီးစာကုန်ဆီခန်း အရွယ်မရောက်မီ ကျနော့်ကို 'မောင်' လို့ ခေါ်မယ့် မိန်းကလေးများ ရှိရင် လက်တို့ကြစမ်းပါ။
'မောင်' တစ်ခွန်းခေါ်ရင် ပြား ၂၀ ပေးပါမယ်၊ (စလုံး Cent 20 နော်)
တွေ့များတွေ့ခဲ့ရင် စာရင်းမှတ်ဖို့ စာအုပ်လေးနဲ့ ဘောပင်တစ်ချောင်းယူပြီး လာခဲ့ပါလို့။
မောင် တစ်ခွန်းခေါ် စာရင်းတစ်ခါမှတ်၊ လကုန်မှ ပေါင်းရှင်းမယ်လေ။
တခုတော့ ရှိတယ်..
ခေါ်မယ့်သူက လှချင်လှပါစေ... ငယ်ရင်ပြီးရော... ...
မှတ်ချက်။ ။ ဤစာကို ဖတ်ပြီး မဆဲကြေး၊ ဘာရေးရမှန်းမသိလို့ ရေးပြီးသားလေးကို ပြန်လည်ဆန်းသစ်လိုက်တာပါ။ ဒီ အကောင့်မှာတော့ မတင်ရသေးပါဘူး။
သန်၎ကို - သူငယ်ပြန်သည်။ https://www.facebook.com/thanlayko

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။