အကောင်းမြင်စိတ်မွေးပါ
အောင်မြင်ကြီးပွားနေသူများကို မြင်တွေ့ရတဲ့အခါ သူတိ့အကြောင်းတွေကို ဖတ်ရတဲ့အခါ လူအများစုက ခုလိုတွေးတတ်ကြတယ်။ ဒီလူတွေများ ကံကောင်းလိုက်ကြတာကွာ။ သူတို့ဟာ နေ့ချင်းညတွင်းပဲ ချင်းကို ကြီးပွားသွားကြတယ်။ မရိုးမသားလုပ်ပြီး ကြီးပွားသွားသူတွေကလွဲရင် ရိုးရိုးသားသားနဲ့ကြိုးစားပြီး အောင်မြင်ကြီးပွားသူတွေဟာ နေ့ချင်းညတွင်းချင်းအောင်မြင်သွားသူဆိုတာ မရှိပါ။ အဲဒီလို သင်ထင်နေရင်တော့ အဲဒီအထင်အမြင်ကို မေ့ပစ်လိုက်ပါ။ ဘာကြောင့်လဲ။
အဲဒီအောင်မြင်ကြီးပွားလာသူတိုင်းဟာ နှစ်ပေါင်းများစွာကြိုးစားခဲ့ကြပြီး အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရင်းနဲ့ နောက်ဆုံးကျမှ အောင်မြင်သွားတတ်ကြတာမို့ပါ။ ဥပမာတချို့ပြောပြပါမယ်။
ဂျေကေရောင်းလင်း
ကမ္ဘာကျော်ဟယ်ရီပေါတားဝတ္ထုတွေရေးခဲ့တဲ့စာရေးဆရာမ။ သူမဟာ တခုလတ်၊ ကလေးတယောက်အမေ၊ လက်ထဲမှာ စားစရာတောင်ပိုက်ဆံမရှိတဲ့အချိန်။ ပထမဆုံးဟယ်ရီပေါတားဝတ္ထုကို ကွန်ပြူတာမသုံးနိုင်လို့ လက်နှိပ်စက်အဟောင်းလေးနဲ့ စာမူကို ရိုက်ခဲ့ရတယ်။ သူ့စာမူကို စာအုပ်ထုတ်ဝေသူတွေဆီ လိုက်ပြတယ်။ ထုတ်ဝေသူပေါင်း တဒါဇင်က ပုံနှိပ်ထုတ်ဝေဖို့ ငြင်းပယ်ကြတယ်။ တနှစ်ကြာမှ ဘယ်ရီကန်နင်ဂမ်စာအုပ်တိုက်က ထုတ်ဝေဖို့ သဘောတူပြီး ထုတ်ဝေဖြန့်ချိလိုက်တယ်။ သူမရဲ့ဟယ်ရီပေါတားဝတ္ထုတွေဟာ သန်းပေါင်းများစွာ ရောင်းချနေရပြီး သူမလဲ ဘီလျံနာချမ်းသာသူတယောက်ဖြစ်လာခဲ့တယ်။
ဝေါ့ဒစ်စနေး
ကမ္ဘာကျော်ဒစ်စနေးကာတွန်းရုပ်ရှင်ဖန်တီးရှင်ကြီး။ သူပထမဆုံးထူထောင်တဲ့ ကာတွန်းရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီအရှုံးပေါ်ပြီး အကြွေးမဆပ်နိုင်လို့ ဒေဝါလီလူမွဲစာရင်းခံရတယ်။ သတင်းစာတိုက်တခုမှ သတင်းအယ်ဒီတာဝင်လုပ်တယ်။ တီထွင်ဉာဏ်မရှိဘူးဆိုပြီး အလုပ်ဖြုတ်ခံရတယ်။ သူတီထွင်ထားတဲ့ကာတွန်းရုပ်ရှင်ထုတ်လုပ်ဖို့ ကုမ္ပဏီတွေကို ငွေကြေးထောက်ပံ့ဖို့ အကူအညီတောင်းခံတာ ငြင်းပယ်ခံရတယ်။ ကုမ္ပဏီပေါင်း (၃၀၂)ခုကငြင်းပယ်ခံရတယ်။ နောက်ဆုံးမှ ကုမ္ပဏီတခုက လက်ခံလိုက်တယ်။ ဝေါ့ဒစ်စနေးဟာ ကာတွန်းရုပ်ရှင်တွေနဲ့ကမ္ဘာကျော်လာခဲ့တယ်။
ကာနယ်ဆင်းဒါး
ကမ္ဘာကျော်KFCကုမ္ပဏီကိုထူထောင်ခဲ့သူ။ အမေရိကန်စစ်တပ်က ကာနယ်အဆင့်ကနေ အသက် ၆၅နှစ်မှာ ပင်စင်ယူလိုက်တယ်။ ဘဏ်ထဲမှာ စုထားငွေ ၁၀၅ဒေါ်လာပဲ ရှိတယ်။ သူမှာရှိတဲ့ ကြက်သားကျော်နည်းကို အမေရိကန်နိုင်ငံအနှံ့ကားလေးကို ကိုယ်တိုင်မောင်းပြီး စားသောက်ဆိုင်တွေကို ဝယ်ဖို့လိုက်စပ်တယ်။ စားသောက်ဆိုင်ပေါင်း ၁,၀၀၉ခုက ငြင်းပယ်ကြတယ်။ တနှစ်ကြာမှ စားသောက်ဆိုင်တခုက လက်ခံလိုက်လို့ ယနေ့ကမ္ဘာအနှံ့မှာဖွင့်လှစ်ထားတဲ့ KFCဆိုင်တွေပေါ်ပေါက်လာခဲ့တယ်။
ဒါက ဥပမာအနေနဲ့ ၃ယောက်လောက်ကိုပဲ ရေးပြတာပါ။ အဲဒီလို အကြိမ်ကြိမ်ကျရှုံးခဲ့ပြီမှ အောင်မြင်ကြီးပွားသွားသူတွေ အများကြီးပါ။ စာရှည်မှာစိုးလို့ မရေးပြတော့ပါဘူး။သူတို့ဘာကြောင့် အကြိမ်ကြိမ်ရှုံးနိမ့်တာကို ခံနိုင်ခဲ့ကြတာလဲ။ ဇွဲရှိလို့ပါလို့ဖြေကြမှာပါ။ မှန်ပါတယ်။ ဇွဲရှိလို့ဆိုတာ။နောက်ထပ်မေးမယ်။ သူတို့ဘာကြောင့် ဇွဲရှိကြတာလဲ။ ဘာဖြစ်လို လွယ်လွယ်နဲ့  စိတ်ပျက်လက်မလျှော့လိုက်ကြတာလဲ။ အဲဒါဟာ အရေးကြီးဆုံးမေးခွန်းတခုပါ။ သူတို့ဟာ လောလောဆယ်မှာ အကြိမ်ကြိမ်ကျရှုံးနေပေမဲ့ နောက်ဆုံးတနေ့မှာ အောင်မြင်မှု မလွဲမသွေရကိုရမယ်လို့ ယုံကြည်မှုရှိနေကြတယ်။ ဘာလို့ သူတို့မှာ ယုံကြည်မှုရှိနေရတာလဲ။ သူတို့မှာ အကောင်းမြင်စိတ်ရှိလို့ပါ။
တကယ်တမ်းကျတော့ ကိုယ့်ကြိုးစားမှု မအောင်မြင်တဲ့အခါ စိတ်ဓါတ်ကျတတ်တာ လူ့သဘာဝပါ။ ဒါပေမဲ့ အကောင်းမြင်စိတ်ရှိသူရဲ့ သာမန်လူတွေနဲ့မတူတာက သူတို့ဟာ ကျရှုံးတာကို လက်ခံကြတယ်။ ဘယ်လုပ်ငန်းလုပ်လုပ် တကြိမ်ထဲနဲ့ အောင်မြင်တယ်ဆိုတာ လောကကြီးမှာ မရှိဘူးဆိုတာ နားလည်သဘောပေါက်ထားတယ်။ ဒါကြောင့် သူတို့ဟာ ကျရှုံးရခြင်းရဲ့အကြောင်းရင်းက လုပ်ပုံလုပ်နည်းစံနစ်မမှန်လို့ဆိုပြီး နောက်တနည်းနဲ့ကြိုးစားပြန်တယ်။ အဲဒီနည်းမအောင်မြင်ပြန်တော့လဲ နောက်တနည်းပြောင်းရင်း နောက်ဆုံးကျတော့လဲ အောင်မြင်သွားခဲ့ကြတာပါ။
သင်လဲ စာဖတ်ရင်းနဲ့ သူတို့လိုအကောင်းမြင်စိတ်မရှိချင်ဘူးလား။ လူတိုင်း ရှိချင်ကြတာပါပဲ။ အပြောလွယ်သလောက် လက်တွေ့ကျင့်သုံးနိုင်ဖို့ခက်ပါတယ်။ တချို့ကတော့ မွေးကတဲက အကောင်းမြင်စိတ်ပါရမီပါခဲ့ကြတယ်။ အဲဒီလူမျိုးတွေထဲမှာ သင်မပါလို့ စိတ်ဓါတ်မကျပါနဲ့ အကောင်းမြင်စိတ်ဆိုတာ မွေးမြူလို့ ရပါတယ်။
ဒါက ဖတ်ဖူးခဲ့တဲ့စာအုပ်တအုပ်က အကြံပေးချက်လေးပါ။ လုပ်ကြည့်ပေါ့။ ငွေကုန်ခံစရာမလိုလို့ အရှုံးမရှိပါဘူး။
မနက်အိပ်ယာထလို့ အလုပ်မသွားခင် မှန်ရှေ့မှာရပ်ပြီး အခုလိုစကားကို မိမိနားနဲ့ကြားအောင် ပြောပါ။ “ဒီနေ့ ငါကြုံတွေ့နေရတဲ့အခက်အခဲတွေကို ငါဖြေရှင်းနိုင်တယ်” ဆိုတဲ့စကားလေးကို ၅ကြိမ်ကနေ ၁ဝကြိမ်လောက်အထိအထပ်ထပ်အခါပြောပေးပါ။ ဒါဘာလုပ်တာလဲ။ သင့်ရဲ့ မသိစိတ်ထဲကို အဲဒီအတွေးရောက်သွားအောင် လုပ်ပေးလိုက်တာပါ။
ဒါပေမဲ့ မသိစိတ်ဆိုတာက တခုခုကို တကြိမ် ၂ကြိမ်နဲ့ လွယ်လွယ်နဲ့ လက်မခံတတ်ဘူး။ နေ့စဉ်မနက်တိုင်း ရက်ပေါင်းများစွာ ကျင့်ပေးမှ မသိစိတ်က လက်ခံလာတတ်တာပါ။
ကားစမောင်းစတုံးလိုပေါ့။ ကားစမောင်းစမှာ ဂီယာကိုဖရီးထား၊ ကားစက်နိုး၊ ကလပ်ခ်ျကိုနင်း၊ ဂီယာထိုး၊ ကလပ်ခ်ျလွှတ်ရင်း လီဗာနင်းစတဲ့အဆင့်ဆင့်ကို ခေါင်းထဲမှာမှတ်နေရတယ်။ ဒါပေမဲ့ ကားမောင်းတာကြာသွားပြီဆိုရင် အဲဒီအဆင့်တွေ မှတ်နေစရာလိုသေးလား။ သင့်လက်နဲ့ခြေထောက်တွေက အလိုအလျောက်လုပ်သွားတယ် မဟုတ်လား။ ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ။ သင့်ရဲ့မသိစိတ်က မှတ်ထားလိုက်ပြီ။ တသက်မမေ့တော့ပါဘူး။
ဒီလိုပါပဲ။ စောစောက ကျင့်ခိုင်းတဲ့အကောင်းမြင်စိတ်ဟာ သင့်ရဲ့မသိစိတ်ထဲမှာစွဲသွားပြီဆိုရင် သင် အခက်အခဲနဲ့ကြုံလာတိုင်း သင့်ရဲ့မသိစိတ်က သင့်ကို အဲဒီအခက်အခဲတွေကို ဖြေရှင်းနိုင်မဲ့ စိတ်ခွန်အားတွေ၊ အကြံဉာဏ်နည်းနာတွေ ထွက်ပေါ်လာစေပါလိမ့်မယ်။ မှန်၊မမှန်ဆိုတာတော့ ကိုယ်တိုင်စမ်းကြည့်ပေါ့။ အကောင်းမြင်စိတ်ရှိသူကတော့ စမ်းကြည့်မယ်။ အရှုံးမရှိဘူး။ မှန်၊မမှန်သိရတာပေါ့။ အဆိုးမြင်စိတ်ရှိသူကတော့ ဟာ မဖြစ်နိုင်တာတွေလာပြောနေတယ်ကွာဆိုပြီး ဘာမှမလုပ်ရသေးခင်မှာ ပယ်ချလိုက်မှာပါ။ သင် ဘယ်လိုလူစားလဲ။ သင့်ကိုယ် သင်သိပါတယ်လေ။
နောက်ဆုံးအနေနဲ့ထပ်မံသတိပေးချင်တာက အောင်မြင်ကြီးပွားသူချင်တိုင်း အကောင်းမြင်စိတ်ရှိဖို့လိုအပ်တယ်ဆိုတာပါ။
မှတ်ချက်။ ရေးနေဆဲဖြစ်တဲ့ "ကြီးပွားအောင်မြင်ဖို့ဆိုတာ၊သိရင်မခက်ပါ"စာအုပ်ထဲက စာမြည်းလေးတပုဒ်ပါ။
ဗန်းမော်သိန်းဖေ
၂၀၁၆၊ဖေဖေါ်ဝါရီ(၂၄)ရက်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။