"ဆက်စီကျ ချောမောလှပတဲ့အမျိုးသမီးတစ်ယောက် ဘယ်လောက်ထိ အောင်မြင်နိုင်သလဲ"
ချစ်သူများနေ့လည်း ကျော်လွန်ခဲ့ပြီ။ အချစ်တွေထုတ်ထုတ်ကြွားတဲ့ကဏ္ဍာလည်း တစ်ခန်းရပ်သွားခဲ့ပြီ။
အချစ်ဆိုတဲ့အရာက ခဏတာကြွားဖို့ လွယ်ကူပေမယ့်
တစ်သက်တာကြွားဖို့ကျတော့ ခက်တယ်။
ဆံဖြူသွားကျိုးအထိကြွားဖို့ကျတော့ ပိုခက်သွားတယ်။

ဒါပေမယ့် နှစ်ပေါင်းများစွာကြာတဲ့အထိ ချစ်ကာစရက်တွေလိုပဲ
အချစ်အတွက်ရင်ခုန်နေတဲ့အတွဲတစ်တွဲကို ပြပါဆိုရင်
ဒေးဗစ်ဘက်ခ်ဟမ်းတို့စုံတွဲကို ပြရလိမ့်မယ်ထင်ပါတယ်။
လက်ထပ်ပြီးနှစ်ပေါင်းများစွာကြာခဲ့ပေမယ့် ပျော်ပွဲရွှင်ပွဲတွေတိုင်းမှာ သူတို့ကို တပူးတွဲတွဲတွေ့မြင်နေရဆဲဖြစ်တယ်။ သူတို့ထုတ်ပြခဲ့တဲ့အချစ်ကလည်း နည်းမှမနည်းခဲ့တာနော်။
လက်ထပ်ပြီးနှစ်အတော်ကြာခဲ့တာတောင် မင်္ဂလာပွဲချည်း သူတို့၃ကြိမ်ကျင်းပခဲ့တယ်။ ဗီတိုရီးယားသိမ်းထားတဲ့ လက်ထပ်လက်စွပ်ချည်းတောင် ၁ဝခုမကရှိပါတယ်။
၂ဝ၁၆ ဖေဖော်ဝါရီလမှာကျင်းပတဲ့ New York Fashion Week မှာ ဗီတိုရီးယားက သူ့ကိုယ်ပိုင်အမှတ်တံဆိပ်အတွက် ရှိုးပွဲလျှောက်တယ်။
ဒေးဗစ်ဘက်ခ်ဟမ်းက ကလေးတွေနဲ့အတူ လာရောက်အားပေးကြည့်ရှုတယ်။
ဗီတိုရီးယားသာ ဒီရှိုးပွဲမှာမပါဝင်ခဲ့ရင် သူဟာ အခုချိန်မှာ ဒီဇိုင်နာတစ်ဦးလုပ်နေတယ်ဆိုတာကို လူတွေသိကြလိမ့်မှာ မဟုတ်ဘူး။
ဗီတိုရီးယားဘက်ခ်ဟမ်းလို့ပြောလိုက်တိုင်း လူအများက “အော်.. ဗီတိုရီးယားလား…လက်ကိုင်အိတ်ပဲဝယ်တတ်တဲ့မိန်းမတစ်ယောက်ပဲနေမှာပေါ့” လို့ဆိုကြမယ်။
တကယ်တော သူဟာ အမျိုးသမီးသရုပ်ဆောင်တွေကို သူ့ကိုယ်ပိုင်တံဆိပ်အဝတ်အစားနဲ့ လက်ကိုင်အိတ်တွေဝယ်စေနိုင်တဲ့ ထက်မြက်တဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်။
သူဟာ ဒီဇိုင်နာ၊ စီးပွားရေးလုပ်ငန်းရှင်အဖြစ်နဲ့ ဆုတွေရခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၂နှစ်ကတောင် အင်္ဂလန်နိုင်ငံက ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် အယောက်၁ဝဝထဲမှာ နံပါတ်တစ်ရခဲ့သူဖြစ်တယ်။
ခန့်ညားချောမောတဲ့ ခင်ပွန်းတစ်ယောက်ရှိတယ်။ စီးပွားရေးလည်း အောင်မြင်တယ်။ တစ်မိသားစုလုံး ထင်ရှားတယ်။ ဗီတိုရီးယားရဲ့ဘဝဟာ အခုချိန်မှာတော့ အရာရာ အဆင်ပြေချောမွေ့နေတာပဲ။ ဒါပေမယ့် ဟိုးလွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်က သူ့ကိုလူတွေအကောင်းမမြင်ကြဘူးဆိုတာကို အားလုံးမှတ်မိကြမယ်ထင်ပါတယ်။
အဲဒီတုန်းက ရင်သားအတုနဲ့ လူလယ်ကောင်မှာ သူလူလုံးထွက်ပြတော့ မီဒီယာသမားနဲ့ပရိသတ်အများက သူ့ကိုနှာခေါင်းရှုံ့ကြတယ်။ ဝါတောက်နေတဲ့ဆံပင်နဲ့ သူ့အပြင်အဆင်ကိုကြည့်ပြီး တချို့နာမည်ကြီးတံဆိပ်က “ငါတို့တံဆိပ်ရဲ့ အဝတ်အစားတွေ နင်မဝတ်ပါနဲ့တော့”လို့ ပွင့်ပွင့်လင်းလင်းဆိုကြတယ်။
နောက်ပိုင်း သူ့ကိုယ်ပိုင်တံဆိပ်ရှိလာတဲ့အထိတောင် လူတွေရဲ့အကဲ့ရဲ့က ရပ်မသွားခဲ့သေးဘူး။ သူဒီဇိုင်းဆွဲထုတ်လုပ်တဲ့အဝတ်အစားတွေကို လူတွေဝတ်တဲ့အဝတ်အစားမဟုတ်ဘူးလို့ ဆိုကြတယ်။ ပြီးတော့ သူ့ကိုလည်း သူကိုယ်တိုင်ဒီဇိုင်လုပ်တာမဟုတ်ဘူး.. “ရှဲဒိုးဒီဇိုင်နာ”ပဲဖြစ်မယ်လို့ ဆိုကြတယ်။
ခန့်ညားချောမောတဲ့ ယောက်ျားတစ်ယောက်ကိုလက်ထပ်မိတာနဲ့ လူအများရဲ့မနာလိုတာကို ခံရမှာလား။ အဲဒီနှစ်တွေမှာ လူတွေက သူ့ကို ဘယ်တော့မှ အကောင်းမမြင်ခဲ့ကြပါဘူး။
ဒါပေမယ့် နှစ်အနည်းငယ်အကြာ ဒီကနေ့မှာတော့ သူဟာ ကောင်းမွန်တဲ့ကိုယ်နေဟန်ထားနဲ့ ဖက်ရှင်လောကရဲ့နေရာတစ်ခုမှာ မားမားမတ်မတ်ရပ်တည်နိုင်ခဲ့ပါတယ်။
ပရိသတ်အများလည်း သူတို့ရဲ့ငြိမ်းချမ်းပျော်ရွှင်တဲ့မိသားစုကိုကြည့်ပြီး အားကျခဲ့ကြတယ်။
အဲဒီအပြင် ကုလသမဂ္ဂရဲ့ ချစ်ကြည်မှုသံတမန်(Goodwill Ambassadors)အဖြစ် သူခန့်အပ်ခံခဲ့ရတယ်။
လူတွေ အကောင်းမမြင်တဲ့သူအဖြစ်ကနေ လူတကာအားကျတဲ့ အောင်မြင်သူဖြစ်အောင် ဒီနှစ်တွေအတွင်း ဗီတိုရီးယား ဘာတွေများပြောင်းလဲခဲ့သလဲလို့ လူအများက သိချင်နေကြပါလိမ့်မယ်။
ဇာတ်လမ်းကို ဟိုးသူ့ငယ်ဘဝကနေ စပြောရပါလိမ့်မယ်….
---------- ဆက်ပါဦးမယ်...
နိုင်းနိုင်းစနေ (Feb. 24. 2016)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။