[အခွင့်အရေးရှိနေမှန်း ဘယ်လိုသိနိုင်မလဲ။ အများက အခွင့်အရေးကို မြင်တတ်ကြလား။]
--------------------
စဉ်းစားကြည့်ရအောင်။ မြင်တတ်ရင် အခွင့်အရေးလား ဆိုတော့ မဟုတ်ဘူး...။ အထင်အရှား မြင်နေရ ရင် ကျတော့ "လမ်း" လို့ခေါ်ရမယ်ဗျ။ မမြင်တဲ့ နေရာမှာ ငုပ်နေတာလေးကမှ "အခွင့်အရေး"။ ဒါ့ကြောင့် အခွင့်အရေး ဆိုတာက ကျွန်တော်တို့ မမြင်ဘူး။
ဥပမာ - တံခါးတစ်ချပ် ပွင့်နေတယ်။ တံခါးချပ် ရဲ့ ဒီဘက်ကနေ လူ ၂ ယောက် တူတူ ကြည့်နေမယ် ဆိုရင် ဒီလူ ၂ ယောက် အတွက် အခွင့်အရေး ဆိုတာမရှိဘူး။ လမ်းဆိုတဲ့ ထွက်ပေါက်ပဲ ရှိတယ်။ ၂ ယောက်လုံး အတွက် ထွက်ပေါက်လမ်း။ ဘယ်သူ့ ဘယ်သူ ကမှ ပိုသာမနေတဲ့ သဘော။
အကယ်၍ ဒီတံခါးကိုပဲ ပိတ်ထားလိုက်ပြီ ဆိုပါတော့။ ဒီအတွင်းက လူ ၂ ယောက် လုံးမှာ တံခါးဟိုဘက် ဘာရှိမယ်မှန်း မသိကြတော့ဘူး။ ဒီအခါမှာ ဖွင့်ချင်စိတ်ရှိသူနဲ့ မရှိသူ ကွဲသွားပြီ။ ဒီကျတော့မှ အခွင့်အရေး ရပိုင်ခွင့် ကိုယ်စီရှိလာပြီ။
--------------------
(တံခါးမဖွင့်ရင် အခွင့်အရေး ချုပ်တယ်)
တံခါးကိုဖွင့်တဲ့လူပဲ အခွင့်အရေး ရလိမ့်မယ်။ မဖွင့်တဲ့လူ အတွက် အခွင့်အရေး ရပိုင်ခွင့် ရှိပေမယ့် မလုပ်မိတဲ့ အတွက် အခွင့်အရေးဆိုတာ ချုပ်သွားတယ်။ ဒါ အခွင့်အရေးဗျ။
ဒါ့ကြောင့် အခွင့်အရေး ဖြစ်ဖို့ဆိုရင် မြင်ကွင်းကနေ ပျောက်ကွယ် နေရမယ်။ အခွင့်အရေး ရှိမှန်း စူးစမ်း နေမှ သိနိုင်မယ်။ အခွင့်အရေးကို ရသူဟာလဲ စူးစမ်းတဲ့ အပေါ်မှာ လက်တွေ့ အကောင်အထည် ဖော်ပြီး တံခါးထဖွင့်တဲ့ လူကပဲ အခွင့်အရေးကို ရလေ့ ရှိတယ်။
ဒီလိုမမြင်ရတဲ့ အခွင့်အရေးက တစ်နေရာထဲမှာ မဟုတ်ဘူး။ နေရာတိုင်းမှာ ဖြန့်ကျက်လို့ တည်ရှိ နေတတ်တယ်။ ဒါ့ကြောင့် လူတစ်ကာ မြင်တဲ့ အခွင့်အရေးနဲ့ မမြင်တဲ့ အခွင့်အရေးဆိုပြီး ၂ မျိုး ကွဲသွားတာ။
--------------------
(အခွင့်အရေးနှစ်မျိုး)
လူတကာ မြင်တဲ့ အခွင့်အရေး ဆိုရင် တိုးရတာ ခက်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူများမြင်တာလဲ ကိုယ်မြင်နေသလို ကိုယ်သိတာလဲ တခြားလူ သိနေလို့။ ပြီးတော့ မြင်တဲ့ အခွင့်အရေးတိုင်းက ဝေးဝေး မှာ ရှိနေလေ့ လဲရှိတယ်။ ဘာ့ကြောင့်လဲ ဆိုရင် လူဆိုတာ အဝေးကိုပဲ ရှာတတ်လို့။ ဒါ့ကြောင့် လူတစ်ကာ မြင်တဲ့ အခွင့်အရေးတွေက အဝေးမှာ ရှိနေတတ်ပြီးတော့ အားလုံးက မြင်ဖို့ ရာခိုင်နှုန်း များတယ်။
မမြင်တဲ့ အခွင့်အရေးတွေကတော့ ပုံမှန်အားဖြင့်ဆိုရင် နီးလေ့ရှိတယ်။ နီးပေမယ့် မြင်ရခက်တာ လေး တွေ ဖြစ်နေတတ်တယ်။ သတိမမူ ဂူမမြင် ဆိုသလိုပေါ့ဗျာ။ ပြီးတော့ ဒီ အနီးက အခွင့်အရေးတွေ က အချီကြီးတွေ ဖြစ်လေ့ရှိတယ်။
--------------------
(အနီးကပ် အခွင့်အရေးနှင့် Starbucks ဥပမာ)
ဥပမာဗျာ... Starbucks ကော်ဖီဆိုင်...။ ဒီကော်ဖီဆိုင်ကို စောင့်ကြည့်နေတဲ့ စီးပွားရေး သမားတွေ အများကြီးပဲ။ သူတို့အားလုံး ကြည့်တတ်တာတွေက ဝင်ငွေတွေ ထွက်ငွေတွေ လာသောက်တဲ့လူတွေ စတဲ့ လူတိုင်းမြင်နေတဲ့ အခွင့်အရေးတွေ။
ဒီမှာ အမေရိကန်က ချာတိတ် ၁ ယောက် က အနီးကပ် အခွင့်အရေးကို မြင်ခဲ့ဖူးတယ်။ ကော်ဖီခွက် လေးတွေကို ကိုင်ကိုင်ပြီးတော့ ထွက်လာတဲ့လူတွေဟာ ကော်ဖီခွက်ပူလို့ နီးစပ်ရာ သတင်းစာ နဲ့ အလျင်အမြန် ကောက်ပတ်လိုက် တာကို တွေ့မိတာ။
အဲ့ဒါလေးကို ဘယ်သူမှ မစဉ်းစား ကြဘူးနော်။ သူပဲ စဉ်းစားမိလိုက်တာ။
ဒီတော့ ဘာလုပ်လဲဆိုတော့ နှစ်ထပ် ကတ်ထူစက္ကူ နဲ့ ကော်ဖီခွက် စွပ်တဲ့ အပတ်လေးတွေ လုပ်တယ်။ ဒါလေးတွေကို ကော်ဖီဆိုင်တွေမှ လိုက်သွင်းတယ်။ မူပိုင်ခွင့် လျှောက်တယ်။ အခုဒီ ချာတိတ်ဟာ မူပိုင် နဲ့ပဲ ဘီလျံနာ ဖြစ်သွားပြီ။
သူ့ဆီက အတုယူစရာ က ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းနေခြင်းပဲ။ ကော်ဖီအပတ် လေးတွေ ဆိုတာ မျိုးက ဟို ဝင်ငွေ ထွက်ငွေ ထက်ကို ပိုစဉ်းစားရ လွယ်သင့်တယ် မဟုတ်လား။ အဲ့ဒါကို မေ့နေကြတာ။ ဒါသည် ပတ်ဝန်းကျင် စူးစမ်းလေ့လာမှု အားနည်းလို့ပဲ။ လေ့လာစူးစမ်းမှု အလိုက်အထိုက်တောင် မရှိနေတဲ့ သူတွေအတွက် အနီးကပ် အခွင့်အရေးတွေက မြင်နိုင်ဖို့ ခဲယဉ်းတယ်။ ဒါပေမယ့် ဝေးလို့ မဟုတ်ဘူးနော်။ နီးနီးလေးတင်ကို မတွေးလို့။
- မှတ်စုကြမ်း #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။