'ဂီတမှာရော ရုပ်ရှင်ဘက်မှာပါ အနုပညာ လှုပ်ရှားမှုတွေ လုပ်သွားဖို့ရှိတယ်'
ဂီတအနုပညာ လောကမှာ အောင်မြင်တဲ့ တီးဝိုင်းတစ်ခုနဲ့အတူ အောင်မြင်တဲ့ အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူ တစ်ဦးဖြစ်တဲ့ အောင်လက ဂီတ အနုပညာအလုပ်တွေကို သာမကဘဲ ဗီဒီယို ဇာတ်ကား ရိုက်ကူးမှုတွေနဲ့အတူ သရုပ်ဆောင် အနုပညာဘက်ကိုပါ ခြေချလာခဲ့တဲ့ အနုပညာရှင်တစ်ဦးပါ။ ' ဘောင်' ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင် အနုပညာအလုပ်တွေကို လုပ်ဖြစ်ခဲ့တဲ့ အောင်လက သူ့စိတ်ကြိုက် ဖန်တီးနိုင်မယ့် ဗီဒီယိုဇာတ်ကား တစ်ကားကိုလည်း ဒီနှစ်ပိုင်းထဲမှာ ရိုက်ကူးတော့မှာဖြစ်လို့ သူ့ရဲ့အနုပညာ လှုပ်ရှားမှုတွေအကြောင်း တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး- လတ်တလောမှာ လုပ်ဖြစ်နေတဲ့ အနုပညာ လှုပ်ရှားမှုတွေကို အရင်သိပါရစေ။
ဖြေ- ကျွန်တော်တို့ Reason Band ရဲ့ 'ပင်လယ်ထဲက မြစ်များ' ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဖြန့်ချိမှာပါ။ နောက်ပြီး တတိယမြောက် စီးရီးအတွက်လည်း စပြီး ပြင်ဆင်နေပါပြီ။ တတိယမြောက် စီးရီးမတိုင်ခင်မှာ ဗီဒီယို ဇာတ်ကား တစ်ကားရိုက်ဖို့ ရှိသလို အဲဒီဇာတ်ကားနဲ့ လိုက်ဖက်မယ့် သီချင်းတွေပါဝင်မယ့် Song Track စီးရီးလေးလည်း ဒီနှစ်မကုန်ခင် ထွက်ရှိနိုင်ဖို့ စီစဉ်နေပါတယ်။
မေး- ပင်လယ်ထဲကမြစ်များ ဒီဗွီဒီကိုရော ဘယ်လိုပုံစံမျိုးတွေနဲ့ ရိုက်ကူးထားလဲ။
ဖြေ- ပင်လယ်ထဲက မြစ်များစီးရီး ဒီဗွီဒီကို တစ်နှစ်လောက်အ ချိန်ယူပြီး ရိုက်ကူးထားပါတယ်။ ဒီခွေမှာ Band Mode ပြီး အန်နီမေးရှင်းတွေနဲ့ ရိုက်ထားတာလည်း ပါတယ်။ ဒါရိုက်တာတွေကတော့ Green Box၊ Shutter HLS Society ၀င်းလွင်ထက်၊ ရဲဇော်မျိုး၊ ဇေယျာလင်းနဲ့ ကိုထီးတို့က ရိုက်ကူးပေးထားတာပါ။ ကျွန်တော်တို့ Reason Band အဖွဲ့သားတွေနဲ့အတူ ရတနာမိုင်၊ နွယ်ဒါလီထွန်း၊ ကောင်းမြတ်စံ၊ ဒိုရာ အဲလက်စ်၊ ၀င့်ဒါလီတို့တွေလည်းပါတယ်။ ဒီခွေက ကိုယ်တိုင်ထုတ်တာဖြစ်လို့ ကိုယ့်စိတ်ကြိုက် စီစဉ်ထားတယ်။ ဒီခွေမှာ ကာရာအိုကေ လိုက်ဆိုလို့မရအောင် စီစဉ်ထားတယ်။ သီချင်းစာသားတွေလည်း စာတမ်းထိုးမှာ မဟုတ်ဘူး။ နိုင်ငံခြားကလိုပဲ MTV Only ထုတ်တာပါ။ ကာရာအိုကေအတွက် အတီး သီးသန့်နဲ့ သီချင်းစာသားကို စာလုံးကြီးတွေနဲ့ စီစဉ်ထားတဲ့ခွေကို အရုပ်ကတ်တွေမပါဘဲ သီးသန့်ထုတ်မှာပါ။ နောက်ပြီး ကျွန်တော်တို့ Reason Band မှာ တီးဝိုင်းအဖွဲ့သားအသစ်တွေ ပြောင်းထားတဲ့အတွက်လည်း ဒီခွေကို ပရိုမိုးရှင်းတွေ သိပ်ပြီး လုပ်ဖြစ်မှာ မဟုတ်ပါဘူး။
မေး- တီးဝိုင်းအဖွဲ့သားတွေ ပြောင်းထားတယ်ဆိုတဲ့ အကြောင်းလေးကိုလည်း ပြောပါပေးပါ။
ဖြေ- ကျွန်တော်တို့ Reason Band မှာ ဒရမ်နဲ့ ဂီတာ အတီးသမားနှစ်ယောက်ပြောင်းထားပါတယ်။ ဒါကလည်း ကျွန်တော်တို့တွေအ ချင်းချင်းကြားမှာ အဆင်မပြေမှုလေးတွေ ရှိရာကနေ စကားသိပ်မပြောဖြစ်ကြတာ၊ အလုပ် အတူလုပ်တဲ့အခါ အချိတ်အဆက် မမိတာလေးတွေ Team Work ပျောက်နေတာမျိုးတွေ ဖြစ်နေတာကြောင့် လူသစ်တွေ လဲလိုက်တာမျိုးပါ။
မေး- တီးဝိုင်းမှာ ဂီတသမား အပြောင်းအလဲက Reason Band အတွက် ဘယ်လို အပြောင်းအလဲတွေဖြစ်လဲ။
ဖြေ- အခု ဂီတသမားအသစ်တွေ နှစ်ယောက်လုံးကလည်း တကယ်တော်တဲ့ အတီးသမားတွေပါ။ သူတို့ကလည်း ကျွန်တော်တို့နဲ့ အလုပ်လုပ်ရတာ ပျော်သလို ကျွန်တော်တို့တွေကလည်း သူတို့နဲ့ အတူလုပ်ရတဲ့အတွက် ပျော်နေပါတယ်။ အားလုံးက တက်တက်ကြွကြွ လုပ်ဖြစ်လာကြတယ်။ လုပ်ခဲ့ပြီးသား အနုပညာ ဖန်တီးမှုတွေနဲ့ ပတ်သက်ပြီးလည်း သက်ရောက်မှုကတော့ အများကြီး မရှိနိုင်ပါဘူး။ ဒီဂီတသမား အပြောင်းအလဲက ကျွန်တော်တို့အဖွဲ့အတွက် စိန်ခေါ်မှု အသစ်တစ်ခုလည်း ဖြစ်သွားပါတယ်။
မေး- စတုတ္ထမြောက် ဇာတ်ကား ရိုက်ကူးဖြစ်တဲ့ အကြောင်းလေးကိုလည်း သိပါရစေ။
ဖြေ- စတုတ္ထမြောက် ဗွီဒီယိုဇာတ်ကားက ကျွန်တော်ကိုယ်တိုင် စိတ်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။ ဒီဇာတ်ကားကို ကျွန်တော်နဲ့အတူ အခြားသော အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး စိတ်ကြိုက် ရိုက်ကူးပုံဖော်ခွင့်ရမယ့် ဇာတ်ကားမို့လို့ ဒီဇာတ်ကားအတွက် ကျွန်တော် ကျေနပ်သလို ဇာတ်ကား ရိုက်ကူးဖို့အတွက်လည်း သေချာပြင်ဆင်သွားမှာပါ။
မေး- ဒါဆို အဲဒီဇာတ်ကားက ဘယ်လိုဇာတ်ကားမျိုးလဲ၊ ဘယ်လိုပုံစံမျိုးတွေ ရိုက်ကူးဖြစ်မလဲ။
ဖြေ- အဲဒီဇာတ်ကားက စိတ္တဇ လူသတ်သမား ဇာတ်ကားပါ။ အဲဒီဇာတ်ကားမှာ ကျွန်တော်က လူသတ်သမားအဖြစ် သရုပ်ဆောင်မယ် ကျွန်တော်စိတ်ကူးထားတဲ့ ဇာတ်လမ်းအတွက် ဇာတ်ညွှန်းရေးဆရာနဲ့ တိုင်ပင်ပြီး စီစဉ်မှာပါ။ ရိုက်ကူးရေးပိုင်းကိုတော့ Green Box အဖွဲ့သားတွေနဲ့ ရိုက်ကူးမယ်။ ဒီဇာတ်မှာ S.I.R အဖွဲ့သားတွေအားလုံးကိုလည်း တစ်နေရာမှာ တစ်ခန်းစီလောက်ပဲ ဖြစ်ဖြစ် ထည့်ရိုက်မယ်။ ဒီဇာတ်ကားအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ခုတည်းကစပြီး စီစဉ်နေပါတယ်။ ဇာတ်ကားရိုက်ကူးချိန်ကိုလည်း နှစ်လလို့ သတ်မှတ်ထားတယ်။ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဒီဇာတ်ကားမှာ ပါဝင်မယ့် သီချင်းတွေကိုလည်း Moving Song Track တစ်ခွေအဖြစ်ထွက်ရှိဖို့ စီစဉ်ထားပါတယ်။
မေး- သရုပ်ဆောင်လုပ်တဲ့ အခါ ကိုယ့်ရဲ့ဇာတ်ရုပ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ခဲ့တာမျိုးရော ရှိလား။
ဖြေ- ကျွန်တော် ဒုတိယဇာတ်ကား ရိုက်တဲ့ အခါတုန်းကလည်း ခပ်ဆိုးဆိုးနေရာကနေ သရုပ်ဆောင်ရတယ်။ 'နတ်ဆိုးဝှက်တဲ့ ဖူးစာ' ဇာတ်ကားမှာတော့ ကျွန်တော်က နတ်ဆိုးအဖြစ် ဇာတ်ရံပဲ သရုပ်ဆောင်ထားတယ်။ အခု ကျွန်တော့်စိတ်ကြိုက် ရိုက်ကူးမယ့် ဇာတ်ကားမှာလည်း ကျွန်တော်က လူသတ်သမားအဖြစ်သရုပ်ဆောင်မှာပါ။ ဒါပေမဲ့ ပရိသတ်တွေဘက်က နားလည်မယ်လို့ထင်ပါတယ်။ ပြောရရင် ကျွန်တော်ကိုယ်တိုင်ကလည်း ဗီလိန်ဇာတ်ရုပ်တွေကိုပိုပြီး သဘောကျတယ်ဗျ။ သရုပ်ဆောင်ပိုင်းမှာဆို အရင်ဇာတ်ကားတွေတုန်းက ကိုယ်တိုင်အားမရတာတွေ သရုပ်ဆောင် အဆင်မပြေတာတွေရှိခဲ့တယ်။ ဒါကြောင့်ရှက်လို့ ပြန်မကြည့်ဖြစ်ဘူး။ အခု ရိုက်မယ့်ကားမှာတော့ သေချာလေ့ကျင့်မယ်၊ ကိုယ်တိုင်က နောက်တစ်ခါ ပြန်ကြည့်ချင်တဲ့ ဇာတ်ကားမျိုးဖြစ်အောင် ရိုက်ကူးမှာပါ။
မေး- အောင်လအနေနဲ့ နောက်ပိုင်းမှာ ဂီတအပြင် ရုပ်ရှင်ဘက်မှာပါ အနုပညာလှုပ်ရှားမှုတွေ ဆက်ပြီးလုပ်ဆောင်သွားဖို့ အစီအစဉ် ရှိနေပြီလား။
ဖြေ- ဟုတ်ကဲ့။ ကျွန်တော်က အရင်တည်းက ရုပ်ရှင်ကို ၀ါသနာပါတယ်။ ကိုယ်တိုင် သရုပ်ဆောင်ရတာထက် ကိုယ်ကဖန်တီးရတာမျိုးကို ပိုပြီးဝါသနာပါတယ်။ ဒါပေမယ့် အခုကျွန်တော်က ဒါရိုက်တာလုပ်ဖို့အထိတော့ မတတ်သေး၊ မသိသေးဘူးလေ။ ဒါကြောင့် စတုတ္ထမြောက် ဇာတ်ကားရိုက်ကူးမှုကစပြီး သေချာ လေ့လာပြင်ဆင်သွားမယ်။ ဒီလပိုင်းထဲမှာပဲ ကျွန်တော့်မိန်းမဆီသွားရင်း သြဇီမှာ ရုပ်ရှင်နဲ့ပတ်သက်တဲ့ အချိန်ပိုင်းသင်တန်းတွေ တက်ခဲ့မယ် သေချာလေ့လာတာတွေ လုပ်မယ်။ နောက်ပိုင်းကျရင်တော့ ဂီတပိုင်းအပြင် ရုပ်ရှင်ဘက်မှာလည်း သရုပ်ဆောင်တာပဲဖြစ်ဖြစ်၊ ထုတ်လုပ်သူအနေနဲ့ပဲဖြစ်ဖြစ် ဆက်ပြီးလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။
Writer:
စုမှူးနိုင်
http://news-eleven.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။