Kyaw Swar Myint added 2 new photos — with Ko Nyo and 18 others.
(သမီးတော်ရာဇ၀င် (၁၃) )
==============================================
လက်စောင်းထက်
သယံဇာတ ပေါများကြွယ်ဝပြီး ရာသီဥတု ကောင်းမွန်တဲ့ တိုင်းပြည်ကို အဆင်းရဲ
ဆုံးနွံထဲရောက်အောင် စီမံခန့်ခွဲခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အကြောင်းကတော့
တစ်ထောင့်တစ်ည ပုံပြင်တွေလို ရေးစရာ တောင်ပုံရာပုံရှိပါတယ်။ ဒါပေမဲ့
Tomorrowမှာ တစ်ပတ်တစ်လေလောက် သမီးတော် ရာဇ၀င် မပါရင်ဘဲ စာဖတ်
သူတွေက ဆူဆူပူပူ၊ ကြော်ငြာရှင်တွေက ဆူဆူပူပူ လုပ်ကြတယ်လို့ ဆရာမာဂျေ
က ဖုန်းဆက်ပြောကြား လာပါတယ်။ ကျွန်တော်ကလည်း တပ်က အနားယူပြီး
တဲ့နောက် ဘ၀မှာ အေးအေးဆေးဆေးပဲ စာလေးပေလေး ရေးရင်း နေသွားချင်
ပါတယ်။ ငွေကြေး အတွက်လည်း မပူပင်သလို မတော်လောဘစိတ်လည်း
မရှိတော့ပါဘူး။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ မတင့်တယ်တဲ့၊ လူကြားမကောင်းတဲ့ အဖြစ်အပျက်
တွေကို နိုင်ငံသား တစ်ယောက် အနေနဲ့ မှတ်တမ်းတင်ထားခဲ့ချင်ပါတယ်။အခု
လည်း Tomorrow ဒါရိုက်တာအဖွဲ့မှ သမီးတော် ရာဇ၀င်ကို ဆက်ရေးပေးရမယ်
လို့ ဖိအားပေးလာပါတယ်။ သူတို့ကို ခင်မင်လေးစားတာက တစ်ကြောင်း၊
စာဖတ်သူတွေရဲ့ စိတ်ဝင်စားမှုကို ဖြည့်ဆည်းပေးချင်တာက တစ်ကြောင်းစတဲ့
အကြောင်းကြောင်းတွေကြောင့် အခုတစ်ပတ် သမီးတော်ရာဇ၀င်(၁၃) ကို
ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။
အငြိမ်းစားယူသွားတဲ့ ခေါင်းဆောင်ကြီး ဘုန်းမီးနေလ အတောက်ပဆုံးအချိန်မှာ
မြန်မာနိုင်ငံရဲ့ ကမ်းရိုးတန်း ဒေသမှာ အနားယူ အပန်းဖြေစရာ ကမ်းခြေတွေကို
ဖော်ထုတ်ခဲ့ပါတယ်။ အရင်က မထင်မရှားရှိခဲ့တဲ့ ပုသိမ်နားက ချောင်းသာကမ်းခြေ
ကို ဖော်ထုတ်ပြီးတဲ့အခါ မှာ တစ်နိုင်ငံလုံးက လာရောက် အပန်းဖြေတာကို တွေ့
ရှိရတဲ့အခါ နောက်ထပ် ကမ်းခြေ အသစ်တွေကို ဖော်ထုတ်ရမယ်လို့ အမိန့်တော်
ရှိလာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးနယ်ပယ်မှာ ပြိုင်ဘက်မရှိဘဲ
သက်သက်သာသာနဲ့ ချမ်းသာလာကြတဲ့ သူဌေးကြီးတွေခမျာ အသစ်ဖော်ထုတ်
မယ့် ကမ်းခြေမှာ ဟိုတယ်ကြီးတွေ တစ်ယောက်တစ်လုံး ခွဲတမ်းကျ ဆောက်ကြ
ရပါတယ်။
သူဌေးကြီးတွေအတွက် ဟိုတယ်တစ်လုံးဆောက်တာ အပန်းကြီးလှတဲ့ ကိစ္စ
တော့ မဟုတ်ပါဘူး။ အဲဒီတုန်းက စိတ်မပါလက်မပါနဲ့ မြေကွက်တွေယူပြီး
ဟိုတယ်ဆောက် ထားမိရင်တောင် အခုရတနာထုပ် ပိုက်မိပြီဆိုပြီး ၀မ်းသာ
ပီတိဖြစ်နေလောက်ပါပြီ။ အဲဒီလိုနဲ့ နောက်ထပ်ဖော်ထုတ်တဲ့ ငွေဆောင်
ကမ်းခြေမှာ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီးလည်း ဟိုတယ် တစ်လုံး
ဆောက်ပါတယ်။ တစ်ရက်မှာတော့ ခေါင်းဆောင်ကြီးရဲ့ သမီးတော်တွေဟာ
အသစ် ဖော်ထုတ်လိုက်တဲ့ ပင်လယ်ကမ်းခြေဟာ ပြာသလား၊ ညိုသလား၊
ကြည်သလား၊ နောက်သလား လေ့လာ ကြည့်ဖို့အတွက် ဆောက်လုပ်
ပြီးစီးကာစ ဟိုတယ်ကို ကြွလာတော်မူမယ်လို့ အမိန့်တော် ရှိလိုက်ပါတယ်။
ဒါ့ကြောင့် ပိုင်ရှင်သူဌေးကြီးခမျာ မနေသာတော့ဘဲ အစစအရာရာ ကြိုတင်စီစဉ်
ဖို့ အတွက် ဟိုတယ်ကို ကြိုတင်ပြီး ကိုယ်တိုင်ဆင်းလာခဲ့ရပါတယ်။ ပြီးတော့ သမီးတော်တွေအတွက် အစစအရာရာ မလစ်ဟာအောင် ဂရုတစိုက် စီမံပေး
ရပါတယ်။ အဲဒီ့နောက်မှာတော့ သမီးတော်တို့ မိသားစုလည်း ဟိုတယ်အသစ်
ကို ရောက်ရှိလာကြပါတယ်။ ပင်လယ်မှာ ပျော်ရွှင်စွာ ရေကစားကြပါတယ်။
အဲဒီ့ရက် အတွင်းမှာ သူတို့ဘာတွေ ရစ်မလဲဆိုပြီး ဟိုတယ်ဝန်ထမ်းတွေ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့် နေကြပေမယ့် ကြီးကြီးမားမား ပြဿနာကတော့ မကြုံတွေ့ခဲ့ရပါဘူး။ သမီးတော်တွေ ရေကစားပြီးလို့ ရေစိုနေတဲ့ အတွင်းခံတွေ
ကို နာရီဝက်အတွင်း ခြောက်သွေ့တာ လိုချင်တယ်ဆိုတာပဲ တောင်းဆိုခဲ့
ပါတယ်။
အဲဒါကို အမြန်ဖြည့်ဆည်းနိုင်ဖို့အတွက် ဟိုတယ်အသစ်မှာ အ၀တ်လျှော်စက်
မရှိတဲ့အတွက် ညတွင်းချင်း ရန်ကုန်ကနေ အ၀တ်လျှော်စက်တွေ ဟိုတယ်ကို
မှာယူခဲ့ရတာပဲ ရှိပါတယ်။သူတို့တွေ နှစ်ရက်သုံးရက်လောက် ပျော်ပျော်ရွှင်ရွှင်
ရေကစားတာမြင်မှ သူဌေးကြီးလည်း စိတ်အေးသွားပါတယ်။ ဒါ့ကြောင့် ပြန်
ကာနီး အချိန်ရတုန်း ဟိုတယ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့
လိုက်လံကြည့်ရှုစစ်ဆေးပါတယ်။ သူဌေးကြီးကို ရှင်းလင်းပြဖို့ အတွက် ဟိုတယ်
မန်နေဂျာနဲ့ ၀န်ထမ်းတွေလည်း သူ့နောက်မှာ တသီတတန်းကြီး ပါလာပါတယ်။
သူတို့သူဌေး နေပူမှာစိုးလို့ ထီးဆောင်းပေးရတဲ့ ၀န်ထမ်းကလည်း ထီးဆောင်း
ပေးနဲ့ပေါ့။
အဲဒီ့မြင်ကွင်းကို အခန်းထဲကနေ ရစ်တဲ့နေရာမှာ နာမည်ကျော်တဲ့ သမီးတော် တစ်ပါးက မြင်သွားပါတယ်။ ဒါ့ကြောင့် အခန်းထဲကနေ သူဌေးကြီးကို
လက်ညှိုးလှမ်းထိုးပြီး “ငါးကင် မရသေးဘူးလား”လို့ ပြောလိုက်ပါတယ်။
ရုတ်တရက် သူဌေးလည်း ကြက်သေသေသွားပါတယ်။ နောက်မှ သူ့ကို
ရစ်လိုက်မှန်း သဘောပေါက်သွားပါတယ်။ ဟိုတယ်မန်နေဂျာနဲ့ ၀န်ထမ်း
တွေကတော့ ပျာပျာသလဲ ဖြစ်သွားပြီး ငါးကင်ကို ချက်ချင်း ပြုလုပ်ပြီး အခန်း
ထဲကို ပို့ပေးလိုက်ပါမယ်လို့ သူဌေးကို ပြောပါတယ်။
အဲဒီ့နောက် ဟိုတယ်စားဖိုဆောင်မှာ အကောင်းစား ငါးတစ်ကောင်ကို
အမြန်ကင်ကြပါတယ်။ ငါးကင်ကျက်တဲ့အခါ စားပွဲထိုးချုပ်က ပန်းကန်ထဲ
ထည့်ပြီး သမီးတော်ဆီကို သွားပို့ဖို့ ပြင်ပါတယ်။ ထိုအချိန်မှာပဲ မီးဖိုခန်းထဲ
ကို သူဌေးကြီး ကိုယ်တိုင် ၀င်လာပါတယ်။ ပြီးတော့ ငါးကင်ပန်းကန်ကို
လှမ်းတောင်းပါတယ်။ ဟိုတယ် ၀န်ထမ်းတွေကလည်း ကပျာကယာ
ငြင်းပယ်ပြီး သမီးတော်ရဲ့ အခန်းထဲကို သူတို့သွားပို့ပေးမယ့် အကြောင်း
ရှင်းပြပါတယ်။
သူဌေးကြီးက သူ့လူတွေကိုကြည့်ပြီး စိတ်ပျက်လက်ပျက် ခေါင်းခါရမ်းလိုက်
ကာ “ခက်တာပဲ။ မင်းတို့တွေက သဘောမပေါက်ဘူး။ ဒီငါးကင်က ငါကိုယ်
တိုင် သွားပို့မှ ငါးကင်စစ်မှာပေါ့”လို့ ပြောပြီး ငါးကင်ပန်းကန်ကို ယူလိုက်
ပါတယ်။ အဲဒီနောက် သမီးတော်ရဲ့ အခန်းကိုသွားပြီး သူကိုယ်တိုင်ပဲ
တံခါးခေါက်ကာ အဲဒီ့ငါးကင်ကို ပို့ပေးခဲ့ပါတယ်။ ဒီလိုပြုလုပ်ပေးတဲ့ အတွက်
သမီးတော်ရဲ့ မျက်မာန်တော် ရှခြင်းကနေ သူဌေးကြီးလည်း ကင်းလွတ်သွားခဲ့
ရပါတယ်။
တကယ်တော့ သမီးတော်က ငါးကင်ကို စားချင်တာ မဟုတ်ဘဲ နောက်ပါခြွေရံ
သင်းပင်းတွေနဲ့ ဟိုတယ်ရဲ့ လိုအပ်ချက်ကို လိုက်ကြည့်နေတဲ့ သူဌေးကြီးကို ပညာပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ နင့်ဟာနင် ဘယ်လောက် ချမ်းသာချမ်းသာ
ငါတို့ရှေ့မှာတော့ ဂိုက်ပေး မကြမ်းနဲ့လို့ ပညာပေးလိုက်တာလည်း ဖြစ်ပါတယ်။
နှစ်ကာလတွေကတော့ ကြာခဲ့ပါပြီ။ ဒါပေမဲ့ ဒီအဖြစ်အပျက်လေးကို ကြည့်ခြင်း
အားဖြင့် သမီးတော်ဟာ သူပိုင်စိုးတဲ့ နယ်မြေအတွင်း ဘယ်သူ့ကိုမှ ဗိုလ်မ
ထားဘူးဆိုတာ သိသာလှပါတယ်။ အနုပညာအမြင်နဲ့ ပြောရရင် ဇာတ်လမ်း
တစ်ခုထဲမှာ မင်းသမီးနှစ်လက် ဒါမှမဟုတ် ဇာတ်လိုက်နှစ်ယောက် မရှိစေရဘူး
ဆိုတဲ့ ခံယူချက် ဖြစ်ပါတယ်။ သူ့ရဲ့ ခံယူချက်ကို နားမလည်သေးတဲ့ လူတွေ
ကတော့ သမီးတော်ရဲ့ လှလှပပ သင်ခန်းစာပေးခြင်းကို ခံခဲ့ကြရပါတယ်။ ဒီအကြောင်းအရာတွေကို နောက်လာမယ့် အပတ်တွေမှာ ရေးသား ဖော်ပြ
သွားပါမယ်။
လက်စောင်းထက်
( Tomorrow သတင်းဂျာနယ်အမှတ်(၃၄) ပါ ဆောင်းပါး )
ကားတစ်စီးကို ကျပ် ၄,၀၀၀ နဲ့ လေလံဆွဲခဲ့တဲ့ သမီးတော်
(သမီးတော်ရာဇ၀င်(၁၄)
လက်စောင်းထက်
တပ်မတော်ထဲမှာ နှစ်ပေါင်းများစွာ အသုံးပြုပြီး ဆက်လက် အသုံးပြုလို့မရတဲ့ မော်တော်ယာဉ် အဟောင်းအပျက်တွေကို မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ပင်မမော်တော်ယာဉ်တပ်ထဲမှာ လေလံပစ်လေ့ ရှိပါတယ်။ ဒီလေလံပွဲကို တပ်မတော်က တွဲဖက်စစ်ထောက်ချုပ် ဦးဆောင်တဲ့ အဖွဲ့က မောင်းလေး တစ်လုံးနဲ့ ရောက်လာပြီး ကျင်းပပြုလုပ်ပါတယ်။
ဒီလေလံပွဲကို အဲဒီ့ခေတ်က နိုင်ငံပိုင် မီဒီယာတွေဖြစ်တဲ့ ကြေးမုံ၊ မြန်မာ့အလင်း၊ မြ၀တီ သတင်းစာ တွေကနေ ကြော်ငြာလေ့ရှိပါတယ်။ လေလံပွဲကို မည်သူမဆို ၀င်ရောက် လေလံဆွဲခွင့်ရှိပြီး ဈေးအများဆုံး ပေးတဲ့သူက ရလေ့ရှိပါတယ်။ လေလံဝင်ပြိုင်လိုသူတွေဟာ သတ်မှတ်ထားတဲ့ အာမခံကြေးကို ဘဏ်မှာသွင်းပြီး မှတ်ပုံတင်ရပါတယ်။ ပြီးရင် ဘဏ်ချလံနဲ့အတူ လေလံဝင်ဆွဲခွင့် ပုံစံ ဖြည့်ကြရပါတယ်။ ပြီးရင်တော့ သတ်မှတ်ရက်မှာ ကုန်းမြင့်လေးပေါ်က ပင်မယာဉ် သိုလှောင်ရေး တပ်ခန်းမမှာ လေလံပွဲ ကျင်းပပါတယ်။
တစ်ခါတလေတော့ မိတ္ထီလာမှာ တစ်ခါတလေ မန္တလေးမှာ တစ်ခါတလေ လားရှိုးမှာ စသဖြင့် ကားတွေ စုပုံထားတဲ့ နေရာတွေမှာလည်း လေလံပွဲတွေ လုပ်လေ့ရှိပါတယ်။ တစ်ခါတုန်းကတော့ တပ်မတော်မှာ ယာဉ်အိုယာဉ်ဟောင်းတွေ ဖြစ်တဲ့ လင့်ရိုဘာ ကားအစီး ၁၀၀ကျော်ကို လေလံပစ်ဖို့ သတင်းစာ အသီးသီးကနေ ကြော်ငြာခဲ့ပါတယ်။ ဒီကြော်ငြာကို ဖတ်ရတဲ့ တပ်မတော် (လေ)က အရာရှိ တစ်ယောက်နဲ့ တပ်မတော်(ကြည်း)က အရာရှိ သုံးယောက် ပေါင်းပြီး လင့်ရိုဘာ ကားတစ်စီးကို ၀င်ရောက်လေလံဆွဲဖို့ စီစဉ်ပါတော့တယ်။
အဲဒီခေတ်က ကားတင်သွင်းခွင့်တွေ ပိတ်ထားတဲ့အတွက် ကားပါမစ်က ဈေးအရမ်းကြီးပြီး လေလံဆွဲတဲ့ ကားတွေ ၀ပ်ရှော့မှာ စိတ်တိုင်းကျပြင်ပြီး ပြန်ရောင်းရင်တောင် ပိုက်ဆံ အဆမတန် မြတ်တဲ့ ခေတ် ဖြစ်ပါတယ်။ လေလံကားတောင် ကျပ်သိန်း ၁၀၀အထက် ပေးပြီး ဆွဲရတဲ့ ၂,၀၀၀ ပြည့်နှစ် နောက်ပိုင်းကာလလည်း ဖြစ်ပါတယ်။ လူပျိုတွေဖြစ်တဲ့ ဒီအရာရှိ လေးယောက်ကတော့ လင့်ရိုဘာ ကားလေးကို လေလံဆွဲပြီး ၀ပ်ရှော့မှာ စိတ်တိုင်းကျ ပြင်မယ်လို့ စိတ်ကူးထားပါတယ်။ ပြီးတော့မှ ပြင်ထားတဲ့ လင့်ရိုဘာကားကို အရာရှိ ယူနီဖောင်း အပြည့်အစုံဝတ်ပြီး တပ်မမှူး၊ ဗျူဟာမှူးရဲ့ သမီးတွေရှေ့မှာ အပြတ်ဂိုက်ပေးကြမ်းဖို့ စိတ်ကူးတွေလည်း ယဉ်လျက်ရှိပါတယ်။
အားလုံးမျှော်လင့်ထားတဲ့ အတိုင်း တစ်နေ့မှာတော့ မင်္ဂလာဒုံ မြို့နယ်မှာရှိတဲ့ ပင်မ မော်တော်ယာဉ် တပ်မှာ တွဲဖက် စစ်ထောက်ချုပ်က တပ်မတော်မှာရှိတဲ့ လင့်ရိုဘာကားတွေ လေလံပစ်ပါတယ်။ လေလံပွဲတိုင်း မပါမဖြစ်တဲ့ တရုတ် သူဌေးတွေရော၊ ကုလား သူဌေးတွေပါ မကျန် လာရောက် ကြသလို လင့်ရိုဘာကားကို လေလံ ဆွဲချင်တဲ့ စစ်ဗိုလ်လေးယောက်လည်း ရောက်လာကြပါတယ်။
လေလံပစ်ခါနီးမှာတော့ မျက်နှာပျက်နေတဲ့ တွဲဖက် စစ်ထောက်ချုပ်က လေလံပစ်တဲ့ အထဲမှာ လင့်ရိုဘာ ကားတွေ မပါဘဲ တခြား ယာဉ်အိုယာဉ်ဟောင်းတွေကိုပဲ လေလံပစ်ဖို့ ကြေညာခဲ့ပါတယ်။ အားလုံးက လင့်ရိုဘာကားတွေ မပါလို့ စုံစမ်းမေးမြန်းတဲ့ အခါကျမှ လင့်ရိုဘာကား အားလုံးကို ခေါင်းဆောင်ကြီးရဲ့ သမီးတော် တစ်ယောက်က အားလုံး လေလံဆွဲသွားကြောင်း အသိပေးခဲ့ပါတယ်။
ဒီသတင်းကို ကြားရတဲ့ အရာရှိစစ်ဗိုလ် လေးယောက်လည်း ပက်လက်လန် သွားတာပေါ့။ နောက်မှ တိုးတိုးတိတ်တိတ် ကြားသိရတာက လင့်ရိုဘာ ကားတွေကို ဈေးပြိုင်ပေးမယ့်သူ မရှိဘဲ တစ်စင်းကို မြန်မာငွေကျပ် ၄,၀၀၀တည်းနဲ့ လေလံပစ်မယ့် Lot တစ်ခုလုံး တစ်ဦးတည်း ရယူသွားတယ်လို့ သိခဲ့ရတာပါပဲ။
တပ်မတော်က သမီးတော် တစ်ဦးတည်း လေလံဆွဲသွားတဲ့ လင့်ရိုဘာ ကားအစီးရေဟာ ၁၀၀ကျော် ရှိပါတယ်။ ဒီကားတွေဟာ မောင်းလို့ မရအောင် ပျက်စီး ဟောင်းနွမ်းနေပေမယ့် လေလံ ကားနံပါတ်ကတော့ အရမ်းတန်ဖိုး ရှိပါတယ်။ ဒါကိုသိတဲ့ သမီးတော်က ဖခင်ဖြစ်သူရဲ့ သြဇာအာဏာကို ကောင်းကောင်း အသုံးချလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီနောက် လင်ရိုဗာ မိုဒယ်မြင့် ကားတွေကို နိုင်ငံခြားက သင်္ဘောနဲ့ မှာယူတင် သွင်းလိုက်ပြီး လင့်ရိုဘာ ကားအစုတ်တွေက လေလံ နံပါတ်နဲ့တွဲပြီး တစ်စီးကို သိန်း၂,၀၀၀ကျော်နဲ့ ရောင်းလိုက်တာ ကားရှားနေတဲ့ မြန်မာနိုင်ငံ အတွက်တော့ ၀ယ်သူတွေ အလုအယက် မြင်မကောင်းအောင် ဖြစ်ခဲ့ပါတယ်။
သမီးတော် အတွက်လည်း လက်ကျန်မရှိ ရောင်းချလိုက်ရသလို မျက်နှာလည်း အလွန်ပွင့်ခဲ့ပါတယ်။ လင့်ရိုဘာ ကားတစ်စီးကို မြန်မာငွေကျပ် ၄,၀၀၀နဲ့ ရင်းလိုက်ရပြီး ကျပ်သိန်း ၂,၀၀၀နဲ့ ပြန်ရောင်းတဲ့ အတွက် ကားတစ်စီးကို အမြတ်ငွေ ၁၉၉၉သိန်း ၉ သောင်း ၆ ထောင် မြတ်ပါတယ်။ ကားအစီး ၁၀၀ ဆိုတော့ အမြတ်ငွေ သိန်းဘယ်လောက်ရမလဲဆိုတာ တွက်သာ ကြည့်ကြပါတော့။ အဲဒီ့ခေတ်က နိုင်သူ အကုန်ယူစတမ်း(Winner Take All)ဆိုတဲ့ ဒဿနအတိုင်း အာဏာရှိသူက အကုန် စားသွားတာပါပဲ။
ဒီကားတွေကို ရောင်းရတဲ့အတွက် တိုင်းပြည်ကလည်း အခွန် ဘဏ္ဍာတွေ ရလား၊ မရလား ဘယ်သူမှ မေးခွန်း မထုတ်ရဲခဲ့ပါဘူး။ အစောက တင်ပြခဲ့သလို လင့်ရိုဘာ ကားစီးပြီး ဂိုက်ပေးကြမ်းမယ်လို့ စိတ်ကူးယဉ်ခဲ့တဲ့ စစ်ဗိုလ်လေးတွေလည်း စိတ်ကူးယဉ်အိပ်မက် ပျက်ခဲ့ပါတယ်။ အခုတော့ ကြည်းတပ်က စစ်ဗိုလ်လေးတွေလည်း အရာရှိကြီးတွေဖြစ်ပြီး နောက်ဆုံးပေါ် မော်ဒယ်ကားတွေ စီးနိုင်နေပါပြီ။
ဒါပေမဲ့ သူတို့အချင်းချင်း ပြန်ဆုံတိုင်း လူပျိုစစ်ဗိုလ် ဘ၀က သမီးတော်ကြောင့် လေလံဆွဲခွင့် မရခဲ့တဲ့ လင့်ရိုဘာ ကားလေးတွေကို လွမ်းမိကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောတိုင်း စားမြုံ ပြန်နေလေရဲ့။
လက်စောင်းထက်
(Tomorrow မှကူးယူ ဖော်ပြပါသည်။)
အပင်ပေါ်က ဆီးသီးကိုမှ စားချင်တဲ့ သမီးတော်အတွက် ဆီးပင်တက်ခဲ့ရတဲ့ အရာရှိကြီး
အပိုင်း-15
နှစ်ပေါင်း ၃၀နီးပါး တန်ခိုးထွားခဲ့တဲ့ အာဏာရှင်ကြီးဟာ နွေရာသီကာလ ရောက်ပြီဆိုရင်
သူ့ရဲ့ စံနန်းတော်ကတော့ ပြင်ဦးလွင်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အရာရှိ စစ်သည်တွေ
သင်တန်းဆင်းရင်လည်း သင်္ကြန်အပြီးမှာ ကျင်းပပြုလုပ်လေ့ရှိတယ်။ တစ်ခါတစ်ရံ ပြင်ဦးလွင်မှာ
အနားယူလို့ ငြီးငွေ့လာရင် မန္တလေး ဆင်းပြီးတော့လည်း ဈေးဝယ်ထွက်တတ်ပါတယ်။
တစ်နှစ်သော သင်္ကြန်ပွဲတော် ကာလကတော့ အာဏာရှင်ကြီးရဲ့ သမီးတော်တွေအနက်
သမီးတော် နှစ်ဦးက မန္တလေး သင်္ကြန်ကို အာရုံကျနေလို့ ပြင်ဦးလွင်ကနေ နန်းတွင်းထဲကို
မိသားစုလိုက် အလည် ရောက်လာပါတယ်။ မန္တလေး နန်းတွင်းထဲမှာ ရှိနေတဲ့
တပ်မိသားစုဝင်တွေလည်း မျက်ခုံး ခပ်လှုပ်လှုပ်ပေါ့။ ဒါပေမဲ့ သမီးတော်အားလုံး
ရွှေစိတ်တော် မငြိုငြင်ရေးအတွက် အစွမ်းကုန် ပြင်ဆင်ထားကြတယ်။
ဒီတစ်ခေါက် သမီးတော်တွေကလည်း ဘယ်လို အကြောင်းကြောင်းတွေကြောင့်လည်း မသိ။
သဘောအတော်ကောင်းနေတယ်။ နန်းတွင်းထဲမှာ ရောက်နေတုန်း ထူးထူးခြားခြား ဘာကိုမှ
တောင်းဆိုသမှု မပြုပါဘူး။ အဲဒီတော့ ဘေးနားက ခစားနေရတဲ့ တပ်မှူးတွေ၊ အရာရှိတွေလည်း
ပျော်တာပေါ့။ ဒါပေမဲ့ အဲဒီ့အပျော်က ကြာရှည် မခံခဲ့ပါဘူး။ သင်္ကြန်အတက်နေ့မှာတော့ နန်းတွင်းထဲမှာ
တည်းနေတဲ့ အာဏာရှင်ကြီးရဲ့ သမီးတော်တွေထဲက သမီးတော်နှစ်ပါးက ကျုံးရှေ့ပတ်လည်မှာရှိတဲ့
ရေပက်ခံ မဏ္ဍပ်တွေကို လှည့်လည် ကြည့်ရှုချင်တယ်လို့ ဆိုလာပါတယ်။ အဲဒီလို လှည့်လည်ရင်လည်း
သူတို့ နောက်တော်ပါးမှာ ကိုယ်ရံတော်တွေ၊ လုံခြုံရေးတွေ လုံးဝမလိုချင်ဘူးလို့ ဆိုလာပါတယ်။
အဲဒီတော့ အမြဲတမ်း အာဏာစက်နဲ့သာ ဖြေရှင်းလေ့ရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေ အတွက် အခက်ကြုံရတာပေါ့။
သူတို့က လူတွေကြားထဲမှာ ပြေလည်အောင် ဆက်ဆံဖို့ Public Relation (PR)ကိုမှ မသင်ခဲ့ရတာကိုး။
ဒါပေမဲ့လည်း အမိန့်တော်ရှိလာတော့ မဖြစ်ဖြစ်အောင် စီစဉ်ရတော့တာပါပဲ။
မန္တလေးမြို့ထဲကို သင်္ကြန်တွင်း လှည့်လည်ကြည့်ရှုဖို့အတွက် ကားနှစ်စီး စီစဉ်ရတယ်။
ကားမောင်းတဲ့ သူတွေကိုလည်း ရဲဘော်တွေ မထားဘဲ တပ်ရင်းမှူး အဆင့် (ဒုတိယ ဗိုလ်မှူးကြီးတွေ)ကိုပဲ
မောင်းခိုင်းတယ်။ ပြီးတော့ သမီးတော်တွေရဲ့ ဝေယျာဝစ္စတွေကို ကူညီဆောင်ရွက်ဖို့ တပ်ရင်းမှူးး
ကတော်ကိုပါ လိုက်စေတယ်။ အဲဒီလိုနဲ့ သမီးတော်တွေရဲ့ မန္တလေးမြို့တွင်း သင်္ကြန်မဏ္ဍပ်တွေ
လှည့်လည်ကြည့်ရှုတဲ့ ခရီးစဉ် စတော့ပါတယ်။ မန္တလေးမြို့ထဲ လည်တဲ့အခါ တော်တော် အခြေအနေ
ကောင်းတယ်။ ဘယ်သူကမှ နိုင်ငံတော် အကြီးအကဲရဲ့ သမီးတော်တွေမှန်း မရိပ်စားမိကြသလို
ဘာမှလည်း ကြီးကြီးမားမား ပြဿနာတွေ မရှိကြပါဘူး။ ကိုယ်ရံတော်တွေပါတဲ့ ကားနောက်တစ်စီး
ကလည်း ခပ်လှမ်းလှမ်းက လိုက်ပါစေခဲ့ပါတယ်။
ဒီလို ပျော်ရွှင်စရာကောင်းတဲ့ တိုင်းခန်း လှည့်လည်မှု ပြီးဆုံးခါနီးချိန်မှာပဲ ပြဿနာ တစ်ခုက
ဗုံးပေါက်ကွဲသလို ရောက်ရှိလာပါတော့တယ်။ အဲဒါကတော့ အမြဲတမ်း ပြဿနာရှာလေ့ရှိတဲ့
သမီးတော် တစ်ပါးက လတ်လတ်ဆတ်ဆတ် ဆီးသီးကိုမှ စားချင်တယ်လို့ ပြောလာပါတယ်။
ကားလိုက်မောင်း ပေးတဲ့ အရာရှိကြီးက စစ်ကိုင်း-မုံရွာဘက်က ထွက်တဲ့ ဆီးသီးတွေကို
ရှာပေးမယ်လို့ ပြောပေမယ့် လက်မခံပါဘူး။ အပင်ကနေ ချက်ချင်း ခူးပေးတဲ့ ဆီးသီးကိုမှ
စားချင်တယ်လို့ ဆိုလာပါတယ်။
သင်္ကြန်ဆိုတော့ ဆီးပင် ရှာပုံတော် ဖွင့်ဖို့ကလည်း မလွယ်ကူပါဘူး။ ချွေးပြန်နေတဲ့ အရာရှိကြီးကို
ဇနီးဖြစ်သူက လက်ကုတ်ပြီး နန်းတွင်းထဲမှာတော့ စားလို့ကောင်းတဲ့ ဆီးပင်တစ်ပင် ရှိတယ်လို့
ပြောလိုက်ပါတယ်။ ဒီသတင်းကြားကြားချင်း အရာရှိကြီးလည်း ဆံပင်တွေ ထောင်ထသွားအောင်
ဝမ်းမြောက် ၀မ်းသာဖြစ်ပြီး ကားကို နန်းတွင်းထဲ ပြန်မောင်းသွားပါတယ်။
နန်းတွင်းထဲရောက်တော့ သူ့ဇနီးပြောတဲ့ အတိုင်း ဆီးပင်ကိုလည်း တွေ့ပါတယ်။ နွေရာသီ
ဆိုပေမယ့် အပင်မှာ ဆီးသီးတွေက အပြွတ်လိုက် ရှိနေပါသေးတယ်။ ပုံစံကြည့်ရတာ ဘယ်သူမှ
မခူးရအောင် အမိန့်ထုတ်ထားတယ်နဲ့ တူပါတယ်။ အရာရှိကြီးလည်း ဆီးပင်ကို မော့ကြည့်ပြီး
ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားပါတယ်။ ဘာပြုလို့လဲဆိုတော့ သမီးတော် စားချင်တဲ့
လတ်လတ်ဆတ်ဆတ် ဆီးသီးကိုရဖို့ အပင်ပေါ် တက်နိုင်တဲ့သူဟာ သူနဲ့သူ့ဇနီး နှစ်ယောက်သာ
ရှိလို့ပါပဲ။
ဘေးပတ်ဝန်းကျင်မှာလည်း ဒီဆီးသီးကို ချူပေးဖို့ ၀ါးလုံးတို့၊ တံချူတို့ မတွေ့ပါဘူး။ သူ့ဇနီးကို
လှမ်းကြည့်လိုက်တော့ အမြင့်ကြောက်တဲ့ သူ့ဇနီးမျက်နှာမှာလည်း ချွေးတွေ စို့နေပါတယ်။
သူချစ်မြတ်နိုးလို့ ယူထားခဲ့တဲ့ ဇနီးကိုလည်း အခြားလူတစ်ယောက် စားဖို့ ဆီးသီး တက်ခူးပေးတာကို
မမြင်ရက်ပါဘူး။ ဒါ့ကြောင့် ဘာမှမပြောတော့ဘဲ သူကိုယ်တိုင် ဆီးပင်ပေါ် တက်လိုက်ပါတယ်။
တစ်ချိန်က ရှေ့တန်းမှာ ကြမ်းကြမ်းတမ်းတမ်း စစ်တိုက်ခဲ့တာတောင်မှ ဘာမှမဖြစ်ခဲ့တဲ့
အရာရှိကြီးဟာ ဆီးပင်ပေါ် တက်မှပဲ လက်ဖ၀ါးတွေ၊ ခြေဖ၀ါးတွေမှာ ဆီးဆူးတွေစူးပြီး
သွေးတွေစို့လာပါတယ်။ ဒါပေမဲ့ အလုံးကြီးပြီး မှည့်တဲ့ ဆီးသီးတွေကို ခူးပြီး အောက်မှာရှိတဲ့ ဇနီးသည်ကို
လှမ်းပစ်ပေးပါတယ်။ ဇနီးသည်က တစ်ဆင့် သမီးတော်က ၀ါးပါတယ်။ စားပြီးပြီးချင်း
လတ်လတ်ဆတ်ဆတ် အပင်က ခူးစားတဲ့ ဆီးသီးကမှ ကောင်းတယ်ဆိုပြီး ထပ်ခါထပ်ခါ
တောင်းပါတယ်။ အရာရှိကြီးလည်း ဆီးပင်ပေါ်မှာ အလုံးကောင်း၊ အလုံးလှတွေကို ရှာဖွေပြီး
ခူးပေးရပါတယ်။
နောက်ဆုံးတော့ သမီးတော်က စားလို့ဝသွားပြီး တော်တော့လို့ အမိန့်ပေးပါတယ်။ ဒီစကားကြားမှ
အရာရှိကြီးလည်း ဆီးပင်ပေါ်က ဆင်းလာရင်း ခန္ဓာကိုယ် အနှံ့မှာ စူးနေတဲ့ ဆီးဆူးတွေကို
ဖယ်ရှားခဲ့ရပါတယ်။ အဲဒီနှစ် သင်္ကြန်မှာတော့ ဆီးပင်ပေါ်တက်ပြီး ဆီးသီးခူးရတဲ့ ဘ၀ကို
တပ်မတော် အရာရှိကြီးဟာ ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး။
Credit to ::::: လက်စောင်းထက်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။