တူရွင်းတောင်ပေါ်က ခုန်ချလိုက်ရမလား (သမီးတော်ရာဇ၀င် - ၁၆)
=============
အမှန်တကယ်တော့ သမီးတော်တွေအကြောင်း ဘာရယ် မဟုတ်ဘူး ရေးလိုက်တာ တော်တော် များသွားပါပြီ။
သူတို့နဲ့ပတ်သက်တဲ့ ရင်သပ်ရှုမောစရာ၊ အံ့သြစရာ၊ လှောင်ချင်စရာတွေလည်း ကုန်သလောက် ရှိသွားပါပြီ။
ကျွန်တော်လည်း ငြီးငွေ့လာလို့ ဆက်မရေးချင်တော့ပါဘူး။
ဒါကြောင့် သမီးတော်ကနေ ဇနီးတော်များဆိုပြီး ပြောင်းရေးခဲ့ပါတယ်။
ဒီလိုပြောင်းရေးတဲ့ အပတ်ကစပြီး
ကျွန်တော့်ကို ဖုန်းနဲ့တစ်မျိုး၊
စာနဲ့တစ်သွယ် ဇနီးတော် မြောက်မြားစွာ
က ခြိမ်းခြောက်လိုက်ကြတာ မျိုးစုံပါပဲ။
သူတို့တွေက ခင်ပွန်းသည်တွေရဲ့ အခွင့်အာဏာ ဥစ္စာဓနတွေနဲ့ ရမ်းချင်တိုင်းရမ်း ကဲချင်တိုင်းကဲပြီး ခုမှ ပေထက် အက္ခရာတင်ခံရမှာကို ကြောက်နေကြပုံ ပေါ်ပါတယ်။
ဇနီးတော်တွေ အကြောင်းရေးရင် ကျွန်မတို့မှာ ပြောပြစရာတွေ အများကြီး ရှိပါတယ်ဆိုတဲ့ စိန်ကုန်သည်တွေ၊ ရတနာကုန်သည်တွေကလည်း သတင်းပေးဖို့ အဆင်သင့် စောင့်နေကြပါတယ်။
ဒါပေမဲ့ “ရှင် ဇနီးတော်တွေ
အကြောင်း ရေးရဲရေးကြည့်”ဆိုပြီး
အိမ်က ဇနီးတော်ကြီးက ရာဇသံပေးလာ
တာကြောင့် ဒီအပတ် မရှိမဲ့ရှိမဲ့ အချက်အလက်လေးတွေနဲ့ သမီးတော် ရာဇ၀င်ဘက်ကို လှည့်လိုက်ရပါတယ်။
ဒီတစ်ပတ်ရေးမယ့် သမီးတော်ကတော့ အားလုံးထဲမှာ ဦးစားပေး အခံရဆုံး သမီးတော် အငယ်ဆုံးလေးပါပဲ။
ဘာလို့ ဦးစားပေးခံရလဲဆိုတော့ ဖခမည်းတော်ကြီး အိမ်ရှေ့စံ ဘ၀တုန်းက သမီးတော် အငယ်လေးဟာ အိပ်မက်တစ်
ခု မက်ပါသတဲ့။
အိပ်မက်ထဲမှာ ဖခမည်းတော်ကြီးဟာ မင်းမြှောက်တန်ဆာ ငါးပါးနဲ့ ဘုရင် မင်းတရားကြီး အဖြစ်ကို ရရှိတော် မူ
တယ်လို့ မက်မြင်ခဲ့ပြီး အမှန်တကယ်
လည်း တိုင်းပြည်ရဲ့ဥသျှောင် ဘုရင်ကြီးဘ၀ကို ရခဲ့လို့ ခမည်းတော်ကြီး
က ဒီသမီးတော်ကို မျက်နှာသာ ပေးခဲ့တာ ဖြစ်ပါတယ်။
အလိုလိုက် အကြိုက်ဆောင် ခံရတဲ့ သမီးတော်လေးဟာ ကြာလာတော့ ရောင့်တက်ပြီး ဆိုးလာတာ မထူးဆန်းပါဘူး။
တစ်ခါတုန်းကလည်း
ခမည်းတော်ကြီးဟာ နှစ်စဉ် ဧပြီလတိုင်း ကျင်းပလေ့ရှိတဲ့ ဗိုလ်သင်တန်း ဆင်းပွဲကို မသွားခင် ထုံးစံအတိုင်း မန္တလေးနဲ့ ပုဂံကို ၀င်ပါတယ်။
ပုဂံကို ရောက်ရင်လည်း ဆရာတော်ကြီးတွေ၊
ဘုန်းတော်ကြီးတွေကို ပင့်ဖိတ်ပြီး ဆွမ်းကပ်လေ့ရှိပါတယ်။
သူတို့မိသားစုဟာ တပ်မတော် ဧည့်ရိပ်သာမှာ တည်းခိုလေ့ရှိပြီး မန္တလေး တပ်နယ်မှာရှိတဲ့ တိုင်းမှူး၊ ဗျူဟာမှူး အရာရှိကြီးတွေ သာမက သူတို့ရဲ့ ဇနီးမယားတွေကပါ လိုက်ပါပြီး ဧည့်ခံရပါတယ်။
အဲဒီ့နှစ်ကတော့ ဗျူဟာမှူးကတော်တွေ တပ်ရင်းမှူးကတော်တွေ ကံဆိုးတဲ့နှစ်လို့ ပြောရမလားပဲ။
ပုဂံမှာ ဘုန်းကြီးတွေကို
ဆွမ်းကပ်နေစဉ်မှာပဲ ဘာအဆင်မပြေလို့လည်း မသိဘူး။
အမြဲတမ်း ပြဿနာ ရှာလေ့ရှိတဲ့
သမီးတော် အငယ်ဟာ စိတ်ဆိုးပြီး ဧည့်ရိပ်သာကနေ ထွက်ခွာသွားပါတယ်။
ခမည်းတော်ကြီးနဲ့ မိဖုရားကြီးဟာ
ယခင်က အနေအေးသလောက် သားသမီးတွေကလည်း ဆိုးတယ်လို့ သတင်းစကား မထွက်ခဲ့ပါဘူး။
ရာထူး တဖြည်းဖြည်း ကြီးလာပြီး တိုင်းပြည်ရဲ့ ဒုတိယ အကြီးအကဲ ဖြစ်လာတာတောင် သားသမီးတွေရဲ့ မကောင်းသတင်း မထွက်ခဲ့ပါဘူး။
ဒါပေမဲ့ တိုင်းပြည်မှာ တန်ခိုးထွားခဲ့တဲ့ တပ်မတော် ထောက်လှမ်းရေး အဖွဲ့ ရွာပျက်သွားပြီးတဲ့နောက် အစိုးရ အဖွဲ့
ထဲမှာ ဘုရင်ကြီးနဲ့ အလှမ်းဝေးလွန်းတဲ့ သူတွေတောင် ၀န်ကြီး၊ ၀န်ကလေးတွေ ဖြစ်လာပါတယ်။
သူတို့ကလည်း ရာထူးရာခံ ချီးမြှင့်မြှောက်စားခဲ့တဲ့ ဘုရင်ကြီးနဲ့တကွ မိသားစုကို ကျေးဇူး သစ္စာခံပြီး အထူး ဖော်လံဖားခဲ့ပါတယ်။
ဒီလို ဖော်လံဖားခဲ့တဲ့ အထဲမှာ
ဘုရင်ကြီးရဲ့ သမီးတွေက အဓိက အကျဆုံးမို့ အဖားလွန်ရာကတစ်ဆင့် သမီးတော်တွေ အားလုံး မောက်မာဝင့်ကြွားတဲ့ ဘ၀ကို ရောက်သွားပါတယ်။
အရင်တုန်းက
တပ်မတော်မှာရှိတဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေဟာ တိုက်ရည်ခိုက်ရည် ဘယ်လိုပဲ ကောင်းကောင်း ထောက်လှမ်းရေးကိုတော့ ရှိန်တဲ့
သဘော ရှိပါတယ်။
သူတို့လည်း အစပိုင်းမှာ
ထောက်လှမ်းရေးကို အနည်းငယ် ရှိန်နေပုံပါပဲ။
ထောက်လှမ်းရေးကလည်း ရှိန်ချင်
စရာပါပဲ။
တန်ခိုး အထွားဆုံး ကာလကဆိုရင် ပြင်ဦးလွင်ကိုရောက်နေ
တဲ့ တပ်မတော် အကြီးအကဲဆီကို
ထောက်လှမ်းရေး တပ်ဖွဲ့
ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခင်ညွန့်က
နိုင်ငံတော်နဲ့ ပတ်သက်ပြီး ဆောင်ရွက်စရာရှိတဲ့ ကိစ္စတချို့ကို သူကိုယ်တိုင် အစီရင် မခံဘဲ ဒုတိယ ဗိုလ်မှူးကြီး အဆင့်သာရှိတဲ့
သူနဲ့ အစီရင်ခံခိုင်းတာတွေ ရှိခဲ့ပါတယ်။
ဘုရင်ကြီးကလည်း ဒီကိစ္စကို စိတ်ထဲ
မှာ မခံချင်ပေမယ့် မျက်နှာမပျက်ဘဲ အေးအေးဆေးဆေး နေနိုင်ခဲ့ပါတယ်။
တစ်ခါက တိုင်းမှူးတွေ၊
အစိုးရ ၀န်ကြီးတွေနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဦးခင်ညွန့်ကို သူဖယ်ရှားလိုက်ရခြင်း အကြောင်းကို
ခံစားမှု မရှိဘဲ လေအေးလေးနဲ့ ပြောပြ လိုက်တဲ့အခါမှာတော့
အခန်းထဲမှာရှိတဲ့
တိုင်းမှူးတွေ၊
ဝန်ကြီးတွေ
ကျောစိမ့်သွားပြီး ငါ့အလှည့် ဘယ်တော့လာမလဲဆိုပြီး ညဘက် အိပ်လို့တောင် မပျော်နိုင်ပါဘူး။
နောက်ဆုံး ဘုရင်ကြီးနဲ့ မိသားစုကို ဆတက်ထမ်းပိုး ရိုကျိုးခြင်းကသာလျှင် ကိုယ့်ဘ၀ လုံခြုံတယ်ဆိုပြီး အသားကုန် ဖားတော့တာပါပဲ။
လယ်/ဆည်ဝန်ကြီးဆိုရင် မနက်ပိုင်းမှာ ရယ်ရယ်မောမော စကားပြော အစီရင်ခံရင်း ညနေမှာ အလုပ်ဖြုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီလို ကိစ္စမျိုးတွေမှာ ဘုရင်ကြီးလောက် သပ်သပ်ရပ်ရပ် လုပ်နိုင်တဲ့ တပ်မတော်သား သမိုင်းမှာ မရှိပါဘူး။
ဗိုလ်ချုပ်ကြီး နေ၀င်းတောင် မမီဘူးခင်ဗျ။
သူတို့သွားတဲ့ ခရီးစဉ်တိုင်းမှာ
ဗျူဟာမှူး ကတော်၊
တပ်ရင်းမှူး ကတော်တွေက သမီးတော်တွေရဲ့ ဝေယျာဝစ္စ အောက်ခြေသိမ်းတွေကို လုပ်ကိုင်ပေးရလေ့ရှိပြီး သမီးတော်တွေကလည်း
တည်းခိုဆောင်ကို ၀င်တဲ့အချိန်ကစပြီး အင်္ကျီအ၀တ်အစားတွေ၊
အတွင်းခံတွေကို
ဒီအတိုင်း ချွတ်သွားလေ့ရှိပြီး
သူတို့ထက် အသက်အရွယ်ကြီးတဲ့
အရာရှိ ကတော်ကြီးတွေက
လိုက်ကောက် သိမ်းရပါတယ်။
သိမ်းတဲ့ပစ္စည်းတွေကို ရောပြီးထား
ရင် သမီးတော်တွေက အင်မတန် စိတ်ဆိုးလေ့ရှိပြီး သမီးတော် တစ်ယောက်ချင်းရဲ့ အ၀တ်အစားတွေ
ကို အမှတ်အသား ပြုလုပ်ထားတဲ့ အိတ်တစ်အိတ်စီနဲ့ သိမ်းဆည်းရလေ့ ရှိပါတယ်။
ဒီအခြေအနေတွေကို
ဘုရင်ကြီးနဲ့
အနောက် နန်းမတော်ကြီးက သိပေမယ့် ဆုံးမခြင်း မပြုဘဲ
သားသမီးတွေ၊ မြေးတွေအပေါ်မှာ အရမ်း အလိုလိုက်ပါတယ်။
သမီးတော်တွေ စိတ်တိုင်းမကျတဲ့ တိုင်းမှူးတွေ၊
အရာရှိကြီးတွေ
ဆိုရင် မကောင်းတဲ့ နေရာတွေကို လွင့်သွားလေ့ရှိပါတယ်။
အခုလည်း သမီးတော် အငယ်လေး ပျောက်သွားတယ်ဆိုတော့ အကုန်လုံး ပျာယာခတ် ကုန်တော့တာပေါ့။
တပ်မတော် ဧည့်ရိပ်သာမှာ ရှိနေတဲ့ လုံခြုံရေးတွေ၊ ထောက်လှမ်းရေးတွေ
လည်း အလုပ်ရှုပ်ကုန် ပါတော့တယ်။
သမီးတော် အငယ်ထွေး ဘယ်ကိုထွက်သွားသလဲဆိုတာ စုံစမ်းကြည့်လိုက်တော့ ပုဂံမြို့
အပြင်မှာရှိတဲ့ တူရွင်း တောင်ပေါ်ကို တက်သွားတယ်လို့ သိရပါတယ်။
တူရွင်းတောင် ဆိုတာဟာ
တစ်ချိန်က အလောင်းစည်သူ
မင်းကြီးက မြင်းညိုကြီးစီးပြီး သူမအိုသေးကြောင်း ပြခဲ့တဲ့ နေရာ
လည်း ဖြစ်ပါတယ်။
စိတ်ကောက်သွားတဲ့ သမီးတော်
ကို ချော့မော့ဖြောင်းဖြဖို့ အတွက်
အနောက် နန်းမတော်ကြီးက
အထိန်းတော် အချော့တော်တွေ
ဖြစ်တဲ့ ဗျူဟာမှူး ကတော်၊
တပ်ရင်းမှူး ကတော်တွေကို လွှတ်လိုက်ပါတယ်။
ဒါပေမဲ့ တောင်ပေါ်ကို လိုက်လာတဲ့ နောက်တော်ပါတွေကို ကြည့်ပြီး
ရှေ့ဆက် တိုးလာရင် တူရွင်းတောင်
ပေါ်က ခုန်ချမယ်လို့ သမီးတော်က ခြိမ်းခြောက်လိုက်ပါတယ်။
ဒါ့ကြောင့် ဗျူဟာမှူး ကတော်တွေလည်း ရှေ့ဆက် မတိုးရဲဘဲ တစ်စုံတစ်ရာ မဖြစ်ဖို့ ဘုရားစာပဲ ရွတ်နေရပါတယ်။
အခြေအနေတွေကို စိုးရိမ်လို့ လိုက်လာတဲ့ လုံခြုံရေး တပ်ဖွဲ့တွေလည်း ဘာမှမလုပ်ရဲဘဲ ဒီအတိုင်း ကြည့်နေရပါတယ်။
နာရီ အတော်ကြာမှ သမီးတော်က စိတ်ပြေသွား ပုံရပြီး ကတော်တွေလည်း ဖြည်းဖြည်းချင်း အနားကပ် သွားရပါတယ်။
ပြီးမှ တစ်ယောက်တစ်မျိုး
ချော့မော့ရင်း သမီးတော်ကို ဖြောင်းဖြပြီး တူရွင်းတောင်ပေါ်က ပြန်ခေါ်ခဲ့ရပါတယ်။
ဒီအကြောင်းလေးကို ကျွန်တော်တို့ အချင်းချင်း ပြန်ပြောမိကြတော့ နားထောင်နေတဲ့ မိတ်ဆွေ တစ်ယောက်ကတော့ အခုလို ပြောပါတယ်။
“တောက် ဗျူဟာမှူး ကတော်တွေ၊
တပ်ရင်းမှူး ကတော်တွေကလည်း ညံ့လိုက်တာ။
သမီးတော် ခြိမ်းခြောက်တဲ့ အချိန်မှာ ရှေ့နည်းနည်း ဆက်တိုးလိုက်ရမှာ။
ဒါဆို တစ်ပူငြိမ်းသွားတာပေါ့”
သူ့စကားဆုံးဆုံးချင်း
နားထောင်နေသူ
တွေ အားလုံး ၀ါးကနဲ ရယ်မောလိုက်ကြပါတယ်။
ဒီအဖြစ်အပျက်လေးကို
ပြန်သုံးသပ်ရင် သမီးတော်ရော သမီးတော်ကို လုပ်ကိုင်ပေးရတဲ့ ကတော်ကြီးတွေရော သင်ခန်းစာ တစ်စုံတစ်ရာ ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။
လက်စောင်းထက်

သူတို့ကလည်း ရာထူးရာခံ ချီးမြှင့်မြှောက်စားခဲ့တဲ့

၁၉၉၀ ခုနှစ်ကျော် ကာလကစပြီး တပ်မတော်ထဲမှာရော အစိုးရထဲမှာပါ ဗိုလ်ချုပ်ကြီး
စောမောင် အာဏာအသိမ်းခံရပြီးတဲ့ နောက်ပိုင်း ဘယ်သူကမှ အာဏာရှင်ကြီးကို
အံမတုရဲတဲ့ အခြေအနေကို ဆိုက်ရောက်သွားခဲ့ပါတယ်။ တပ်မတော်မှာရှိတဲ့
စစ်သားကောင်း ပီသတယ်ဆိုတဲ့ တိုင်းမှူး ဖိုက်တာကြီးတွေလည်း
အဆီအဆိမ့်တွေစားပြီး အသံတိတ်သွားကြပါတယ်။ အထူးသဖြင့် အာဏာရှင်ကြီးနဲ့
တည့်အောင်ပေါင်းနိုင်လေလေ အကျိုးရှိလေဆိုတာကို သဘောပေါက် လာခဲ့တဲ့ အတွက်
ဘယ်သူကမှ တိုင်းပြည်အတွက် အမုန်းခံပြီး မပြောကြတော့ပါဘူး။
ဒီအခြေအနေတွေကြောင့် အာဏာရှင်ကြီးနဲ့ သမီးတော်တွေကို ခစားပြီး အလိုလိုက်၊ အကြိုက် ဆောင်ချင်တဲ့ လက်ဝဲရံ၊ လက်ယာရံတွေ ပိုပြီးတော့ တိုးပွားလာပါတယ်။ တပ်ထဲမှာလည်း များလာသလို စီးပွားရေး လောကမှာလည်း သမီးတော်တွေကို ခစားဖို့ တန်းစီနေသူတွေ အတော်များပါတယ်။ အဲဒီအချိန်ကလည်း တိုင်းပြည်မှာ အာဏာရှင်ကြီး လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ အချိန်အခါလည်း ဖြစ်နေပါတယ်။ ဒီလိုမျိုး ဖြစ်ချင်သလို ဖြစ်ပျက်နေပေမယ့် ယဉ်ကျေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ လက်မခံခဲ့ပါဘူး။
တိုင်းသူပြည်သားတွေကို လက်နက်နဲ့ အနိုင်ကျင့် အုပ်ချုပ်နေတဲ့ အစိုးရကို သင်ခန်းစာပေးဖို့၊ ပြစ်ဒဏ်ခတ်ဖို့ စိုင်းပြင်းလာကြပါတယ်။ မြန်မာအစိုးရကို ပြစ်ဒဏ်ခတ်ဖို့အတွက် အဓိက ဦးဆောင်နေတဲ့ အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို လက်ခံခဲ့သလို မြန်မာစင်ပြိုင် အစိုးရကို ကုလသမဂ္ဂက လက်ခံ အသိအမှတ်ပြုဖို့ အထိပါ အားထုတ်လာပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ် မက်မတ်ခ်ျကောနယ်လ်က မြန်မာစစ် အစိုးရ အားကောင်းမလာဖို့အတွက် သူ့ရဲ့စီးပွားရေး ခြေတံလက်တံတွေကို ဖြတ်တောက်ပစ်ရမယ်လို့ ကွန်ဂရက်မှာ အကြံပြုခဲ့ပါတယ်။ အဲဒီ့ နောက်မှာတော့ မြန်မာနိုင်ငံဟာ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံတွေရဲ့ စီးပွားရေး ပြစ်ဒဏ်ခတ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။
စီးပွားရေး ပိတ်ဆို့ခံရတဲ့အတွက် မြန်မာနိုင်ငံက စီးပွားရေးသမားတွေဟာ နိုင်ငံခြားကို ဘဏ်ကတစ်ဆင့် ငွေပေးငွေယူတွေ လုပ်လို့မရတော့သလို နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ သင်္ဘောသားတွေ၊ နိုင်ငံသားတွေလည်း ပြည်တွင်းကို ငွေလွှဲဖို့ အခက်အခဲများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အထူးသဖြင့် စီးပွားရေး ပိတ်ဆို့မှုကြောင့် အနစ်နာဆုံး လူတွေကို ပြပါဆိုရင် စစ်အုပ်စုကို အသုံးချပြီး စီးပွားရေး လုပ်ကိုင်ဆောင်ရွက်နေတဲ့ ခရိုနီတွေနဲ့ စစ်တပ်အတွင်းက ငွေကြေး မြောက်မြားစွာ ရရှိထားတဲ့ အရာရှိကြီးတွေပဲ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေ၊ ဘဏ်မှာ အပ်နှံထားတဲ့ ငွေတွေဟာ တစ်ပြားမှ ပြန်မရတော့ပါဘူး။
ဒီအခြေအနေဟာ တိုင်းပြည်ရဲ့ အာဏာအရှိဆုံးဖြစ်တဲ့ သူကြီးကိုလည်း စိတ်ထိခိုက်စေခဲ့ပါတယ်။ ဖခင်ဖြစ်သူ စိတ်မကြည်လင်တဲ့အတွက် သမီးတော်တွေကလည်း စိတ်မချမ်းမသာ ဖြစ်နေရပါတယ်။ သမီးတော်တွေ စိတ်မချမ်းသာတော့ သမီးတော်တွေ ဘေးနားက လက်ဝဲရံ၊ လက်ယာရံတွေလည်း မျက်နှာညှိုးနေတာပေါ့။ ဒီအခြေအနေဆိုးက ကျော်လွှားလွတ်မြောက်ချင်တဲ့ နောက်တော်ပါ တစ်ဦးက (နာမည်ကိုတော့ မဖော်ပြလိုတော့ပါဘူး။ အခုတော့ မတရားရရှိထားတဲ့ ပိုက်ဆံတွေနဲ့ အတော် ချမ်းသာနေပါပြီ။) စီးပွားရေး ပိတ်ဆို့မှုကို ဖွင့်ပေးအောင် လုပ်နိုင်မယ့် နာမည်ကြီး ဗေဒင်ဆရာ ရှိတယ်လို့ ပြောလာပါတယ်။ အားလုံးကလည်း အကြံကုန်နေတဲ့ အချိန်ဆိုတော့ သူပြောတဲ့ ဗေဒင် ဆရာဆီကို သွားဖို့ စိတ်ပါလာကြပါတယ်။
နောက်ဆုံး ဗေဒင်ဆရာဆီကို သမီးတော်နဲ့ လက်ဝဲရံ၊ လက်ယာရံတွေ ရောက်ရှိသွားပါတယ်။ ဗေဒင်ဆရာကလည်း (သူ့နာမည်ကိုလည်း စာနာထောက်ထားတဲ့ အနေနဲ့ မပြောတော့ပါဘူး။) သမီးတော်ကိုယ်တိုင် ဗေဒင်လာ မေးတာဖြစ်တဲ့အတွက် ပျာပျာသလဲ တွက်ချက်ပေးပါတယ်။ နောက်ဆုံးတော့ စီးပွားရေးပိတ်ဆို့မှု ပွင့်ချင်ရင် ယတြာချေရမယ်လို့ ဆိုပါတယ်။ ချေရမယ့် ယတြာကတော့ ခြေရှစ်ချောင်းရှိတဲ့ သတ္တ၀ါ အများအပြားကို လွှတ်ပေးရမယ်လို့ ဆိုပါတယ်။ ရုတ်တရက် ယတြာကို ကြားကြားချင်း လက်ဝဲရံ၊ လက်ယာရံတွေလည်း ဦးနှောက်ခြောက် သွားပါတယ်။ ခြေထောက်ရှစ်ချောင်းရှိတဲ့ သတ္တ၀ါဆိုတော့ ပင့်ကူတွေပဲ ရှာရမှာလား၊ ကင်းခြေများတွေပဲ ရှာရမှာလား၊ ကင်းမ လက်မည်းတွေပဲ ရှာရမှာလား ဘာလားပေါ့။ ဒါပေမဲ့ ဗေဒင်ဆရာက ပြုံးပြုံးကြီးကြည့်ပြီး “ဂဏန်းတွေ ၀ယ်ပြီး လွှတ်လိုက်လည်း ရတာပါပဲဗျာ”လို့ ဆိုပါတယ်။ ဒီစကား ကြားမှပဲ လက်ဝဲရံတွေ သက်ပြင်း ချနိုင်ပါတော့တယ်။
အဲဒီနောက်တော့ အချိန်မဆိုင်းဘဲ ရန်ကုန်မြို့မှာရှိတဲ့ ဂဏန်း ဒိုင်တွေနဲ့ သံဈေးကို အားချင်းပြေး ကြပါတော့တယ်။ ပင်လယ်ထဲက ဖမ်းမိသမျှ ဂဏန်းကြီး၊ ဂဏန်းလတ်၊ ဂဏန်းငယ်တွေမကျန် အကုန်ဝယ်ပါတော့တယ်။ ဒီလိုနဲ့ အာဏာရှင်ကြီး အိမ်ထဲကို ဂဏန်းတွေ ရာချီပြီး ရောက်လာပါတယ်။ အဲဒီတုန်းက နေပြည်တော်ဆိုတာ မပေါ်သေးတာမို့ ရန်ကုန်မြို့ထဲမှာပဲ ဂဏန်းတွေလွှတ်ဖို့ ပြင်ဆင်ရ ပါတော့တယ်။ နောက်ဆုံး ကုန်းမြင့်သာထဲမှာရှိတဲ့ ရေကန်မှာပဲ ဂဏန်းတွေကို လွှတ်ဖို့ စီစဉ်ကြပါတယ်။
ဒီအစီအစဉ်ကို သမီးတော်ကို ပြောပြတော့လည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောကျနေတာပေါ့။ နောက်တစ်နေ့ မနက် အာရုဏ်မတက်ခင်မှာ ကင်းစောင့် ရဲဘော်တွေရဲ့ အကူအညီနဲ့ ဂဏန်းတွေကို ကြိုးဖြည်ပေးပြီး ရေကန်ထဲ လွှတ်ပေးလိုက်ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို လက်ဝဲရံ၊ လက်ယာရံတွေက “အောင်ပြီ အောင်ပြီ အောင်ပြီ”လို့တော့ မအော်ဘူးပေါ့။ ဒီလိုနဲ့ ယတြာချေတဲ့ အစီအစဉ် အောင်မြင်စွာ ပြီးဆုံးသွားပါတယ်။
နောက်တစ်နေ့ ရောက်တဲ့အခါ ယတြာရဲ့ အစွမ်းကတော့ ချက်ချင်း ပြလာပါတယ်။ အမေရိကန်တွေ ဘက်က ဘာတုံ့ပြန်မှုမှ မကြားပေမယ့် ကုန်းမြင့်သာ ရေကန်ကြီး ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အိမ်တွေမှာတော့ ပုပ်စော် တလှိုင်လှိုင် ကြိုင်သင်းလို့ နေပါတယ်။ အကြောင်းရင်းကို ရှာဖွေကြည့်လိုက်တော့ ကန်ထဲကို လွှတ်လိုက်တဲ့ ဂဏန်းတွေ အားလုံး သေပြီး ဂဏန်းသေတွေကြောင့် အဲဒီ့နားဝန်းကျင်မှာ ပုပ်စော်နံနေတာပဲ ဖြစ်ပါတယ်။ ရေငန်မှာ ရှင်သန်တဲ့ ဂဏန်းကြီးတွေကို ပိုက်ဆံရှိလို့ လိုချင်သလောက် ရခဲ့ပေမယ့် လက်ဝဲရံတွေက ရေငန်ဂဏန်းတွေကို ရေချိုမှာ ရှင်သန်နိုင်အောင်တော့ ဘုန်းတန်ခိုး မစွမ်းနိုင်ခဲ့ပါဘူး။ ရေငန်ဂဏန်းတွေ အားလုံး သေကုန်ပါတယ်။ နောက်ဆုံး ရဲဘော်တွေကို ခေါ်ပြီး ဂဏန်းသေတွေကို ပြန်ရှင်းရပြန်ပါတယ်။
ဒီသတင်းကိုလည်း ကြားရော သမီးတော် တစ်ယောက် အကြီးအကျယ် ဒေါသထွက်တော့တာပေါ့။ သူ့အဖေအတွက် အကူအညီ ရမလားဆိုပြီး ဗေဒင်မေး၊ ယတြာချေ မိပါတယ်။ နောက်ဆုံးတော့ ပုပ်စော်နံတာသာ အဖတ်တင်ပါတယ်။သမီးတော် မျက်နှာသာပေးအောင် ဘေးက ၀ိုင်းဝန်း စီမံပေးကြတဲ့ လက်ဝဲရံ၊ လက်ယာရံတွေလည်း ဒီတစ်ကြိမ်မှာတော့ မျက်နှာမရ ခြေထောက် ရခဲ့ပါတယ်။ သမီးတော်ကို ဖားချင်ပေမယ့် အဖားမတော်တဲ့ မင်းမြှောင်တွေအဖြစ် သူတို့ကို သမိုင်းမှာ မှတ်တမ်းဝင် စေချင်တဲ့အတွက် ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။
လက်စောင်းထက်
Tomorrow Journal

သမီးတော်တွေကို ဆုံးမတာ မကြိုက်တဲ့ အာဏာရှင်ကြီး
(သမီးတော် ရာဇ၀င် -၁၈)
===============================================
လက်စောင်းထက်
သမီးတော်တွေကို အာဏာရှင်ကြီးနဲ့ မိဘုရားခေါင်ကြီးက လုံးဝမဆုံးမဘူးဆိုရင် ယုံကြမှာလားဟင်။ တကယ့်အဖြစ်မှန်ပါ။ သမီးတော်တွေကို အာဏာရှင်ကြီး
နားက အရေးပါ အရာရောက်တဲ့သူ နှစ်ဦးက ဆုံးမခဲ့ဘူးပါတယ်။ ဒါပေမဲ့
အာဏာရှင်ကြီးက မကြိုက်ပဲ မကြိုက်ကြောင်းလဲ လုပ်ရပ်တွေနဲ့ သက်သေပြ
ခဲ့လို့ ဘယ်သူမှ မဆုံးမခဲ့ရဲပါဘူး။
ပြောရရင် အာဏာရှင်ကြီးမှာ PSO နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က
စစ်ဘက် လက်ထောက် ဗိုလ်ချုပ် ရာထူးနဲ့ပါ။ နောက်တစ်ယောက်က စီးပွားရေး
သောင်းကျန်းတဲ့ ဗိုလ်မှူးချုပ် တစ်ယောက်ပါ။ စစ်ဘက် လက်ထောက် ဗိုလ်ချုပ်
လက်ထဲမှာ သမီးတော်တွေ ကြီးပြင်းခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ စီးပွားရေး
သောင်းကျန်းတဲ့ PSOက သမီးတော်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို
နိုင်ငံတော် ဧည့်ဂေဟာမှာ တွေ့ပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဲဒီဗိုလ်ချုပ်က
သမီးတော်တွေကို မလုပ်သင့်ကြောင်း ဆုံးမခဲ့ပါတယ်။ သမီးတော်တွေကလည်း ဘယ်နေမလဲဗျာ။ ချက်ခြင်း သူတို့ဖခမည်းတော်ကို ပြန်တိုင်တာပေါ့။ ခမည်းတော်
ဘဘုရားက သူ့သမီးတွေကို ဆုံးမရမလားဆိုပြီး အဲဒီဗိုလ်ချုပ်ကို ရုံးမှာလည်း
မျက်နှာချင်းဆိုင်လို့မှ စကားမပြော။ ခရီးထွက်ရင်လည်း မခေါ်၊ သူ့အခန်းထဲကို
လည်း အ၀င်မခံနဲ့ တစ်လလောက် ပစ်ထားလိုက်တယ်။ ဟိုဗိုလ်ချုပ်ခမျာလဲ
ခုပဲနှုတ်ထွက်စာ တင်ရမလို၊ ခြေထောက်ပဲ ပြေးဖက်ရမလိုနဲ့ တော်တော့်ကို အနေရခက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဒီဗိုလ်ချုပ်ဟာ နောက်နောင် သမီးတော်
တွေ ဘာပဲလုပ်လုပ် တားမြစ်ရဲခြင်း မရှိတော့ပါဘူး။ ဒါကတော့ အာဏာရှင်ကြီး
က မင်းတို့ကောင်တွေ ငါ့သမီးတွေကို ဆုံးမစရာမလိုဘူးဆိုတာ သွယ်ဝိုက်
အသိပေးလိုက်တဲ့ သာဓကတစ်ခု ဖြစ်ပါတယ်။
ဒုတိယတစ်ယောက် ကတော့ အခု လွှတ်တော် နာယကကြီး ဖြစ်ပါတယ်။
နာယကကြီး တပ်မတော်မှာ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး လုပ်နေချိန်ပေါ့။
ပြင်ဦးလွင်ရဲ့ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲနဲ့ တပ်မတော် နည်းပညာ တက္ကသိုလ်
ကျောင်းဆင်းပွဲတွေက ဧပြီလ သင်္ကြန်နားနီးရင် လုပ်နေကြလည်း ဖြစ်တယ်။
(အခုတော့ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲကဒီဇင်ဘာ ဖြစ်သွားပြီတဲ့)။
နေ့ခင်းဘက်ဆိုပေမဲ့ ပြင်ဦးလွင်က လေအေးလေးတွေ တိုက်နေတယ်။ နေက
လည်း သိပ်မပူလေတော့ မြေးတော်လေးက ဘောလုံးကန်ချင်တယ်လို့ ပူဆာ
တယ်။ ဒီတော့ တပ်မတော် ဧည့်ဂေဟာ ရှေ့က မြက်ခင်းပြင်ထဲကို စစ်တက္ကသိုလ်
ဘောလုံးကွင်းက ဂိုးတိုင်ကြီး သယ်လာရတော့တယ်။ ဂိုးတိုင်ကြီး ကလည်း
စုတ်ပြတ်သတ်ပြီး သံချေးတွေ တက်နေလေတော့ ချက်ခြင်း ခြောက်တဲ့ဆေးနဲ့
မွမ်းမံရသေးတယ်။
ကဲ..ဂိုးတိုင်လည်း အသင့် ဖြစ်ပါပြီ။ ရှေ့တန်း တိုက်စစ်မှူး မြေးတော်လေးကလည်း
အေစီမီလန် ဘောကန်အင်္ကျီနဲ့ ထွက်လာပါပြီ။ ဘယ်သူက ဂိုးဖမ်းမှာလဲ။ ဒါ
ကလည်း ဂိုးဖမ်းချင်သူတွေ ဘယ်လောက်များများ မြေးတော်လေးက ဖမ်းဆိုတဲ့
သူကမှ ဖမ်းရမှာကိုး။ ကံဆိုးသူ မောင်ရှင်ကတော့ ဂိုးသမားအဖြစ် မဲကျသွားပါပြီ။ သူကတော့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးပါပဲ။ ဗိုလ်ချုပ်ကြီးက
ဂိုးဖမ်း၊ ဗိုလ်မှူးကြီးများက နောက်ကနေ ဘောလုံးကောက်ပေါ့။ တစ်ဝုန်းဝုန်း
တစ်ဒိုင်းဒိုင်းနဲ့ အသံတွေကြားတော့ နေ့လယ်ဘက် အိပ်စက် အနားယူနေတဲ့
အာဏာရှင်ကြီးက အိပ်ယာလန့်နိုးသွားတယ်။ ပြူတင်းပေါက်ကနေ အပြင်
လှမ်းကြည့်တော့ သူရဲ့မြေး ခြေစွမ်းပြနေတာ မြင်တော့ ဘာတစ်ခွန်းမှ မပြောပဲ အခန်းထဲ ပြန်ဝင်သွားတယ်။ ခဏနေတော့ ဘောလုံးဂိုးသွင်း လေ့ကျင့်မှုကို ခဏရပ်လိုက်တယ်။ မြေးတော်လေးက ဂျူဗင်တပ်အသင်းကို ကလပ် ပြောင်း
မှာ ဖြစ်လို့ပါ။ သူအခန်းထဲ ပြန်ဝင်ပြီး ဘောကန်အင်္ကျီလဲနေတဲ့ အချိန်မှာ
ဗိုလ်ချုပ်ကြီးကို ယတ်ခတ် ပေးသူကပေး၊ ရေတိုက်သူက တိုက်ပေါ့။ မကြာ
ပါဘူး။ ဂျူဗင်တပ် အင်္ကျီနဲ့ မြေးတော်ထွက်လာပြီး တစ်ဝုန်းဝုန်း တစ်ဒိုင်းဒိုင်းနဲ့ ဂိုးသွင်းလေ့ကျင့် ပြန်ပါတယ်။ နောက်ဆုံး မြေးတော်လေးလည်း မော၊ ဂိုးသမား ဗိုလ်ချုပ်ကြီးလဲမော၊ နောက်က ဘောလုံးကောက်ရတဲ့ ဗိုလ်မှူးကြီးတွေလဲမော၊
တောင်စွယ်လဲ နေက၀င်ချိန် ရောက်ကာနီးမှ မြေးတော်လေးရဲ့ ဘောလုံး
လေ့ကျင့်ခန်း တစ်ခန်း ရပ်သွားပါတော့တယ်။
ဗိုလ်ချုပ်ကြီး အနေနဲ့ စိတ်ထဲမှာ ဘယ်လိုတွေးနေမလဲ မသိပေမဲ့ အာဏာရှင်ခေတ်
မှာ အဲဒီလိုအထိ လုပ်ကိုင်ပေးခဲ့ရတယ်။ ဒါပေမယ့် အဲဒီဗိုလ်ချုပ်ကြီးဟာ ခရီးစဉ်
တစ်ခုမှာ သမီးတော်တွေကို ဆုံးမစကား မြွက်ကြားမိလို့ အာဏာရှင်ကြီးရဲ့
ပညာပေးမှု ခံလိုက်ရပါတယ်။ ပုသိမ် ခရီးစဉ် တစ်ခုမှာ သမီးတော် တစ်ပါးက
အခန်းထဲက ထွက်မလာလို့ ယာဉ်တန်းကြီး တစ်ခုလုံး ရပ်ပြီး စောင့်နေရပါတယ်။ အာဏာရှင်ကြီးကတော့ ကွမ်းတစ်မြုံ့မြုံ့နဲ့ ခပ်အေးအေးပါပဲ။ အာဏာရှင်ကြီး
ကားမှာ ရှေ့ခန်းက လိုက်ရမှာကတော့ ခုနဂိုးသမား ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးက ကားထဲမှာ ထိုင်စောင့်နေရတဲ့ အာဏာရှင်ကြီးကို အားနာလို့
နောက်ကျနေတဲ့ သမီးတော်ကို မြန်မြန်လုပ်သင့်ကြောင်း၊ လူကြီးတွေ ကားပေါ်
မှာ စောင့်နေရတာ ကြာပြီဖြစ်ကြောင်း သွားပြောလိုက်ပါတယ်။ အဲဒီလို ပြော
တာကို ကားပေါ်ကနေ အာဏာရှင်ကြီးက လှမ်းကြည့်နေတယ်။
အဲဒီလို သမီးတော်ကို ပြောလိုက်တော့ သမီးတော်ကလဲ ဇောင့်ဇောင့်နဲ့ အခန်း
ထဲက ထွက်ပြီး သူ့ကားပေါ် တက်သွားတယ်။ ယာဉ်တန်းကြီး တစ်ခုလုံး ထွက်ဖို့ အဆင်ပြေသွားပြီပေါ့။ ဒီတော့ ဗိုလ်ချုပ်ကြီးက အာဏာရှင်ကြီးရဲ့ ကားဆီပြန်
လာပြီး ရှေ့ခန်းမှာ တက်ဖို့လုပ်တော့ တံခါးကဖွင့် မရဘူး။ ကားတံခါးများ ကျပ်နေ
သလားဆိုပြီး အတင်းဆွဲပေမဲ့ တံခါးက ပွင့်မလာတဲ့အပြင် အထဲက ဒရိုင်ဘာက မျက်နှာပူလို့ထင်တယ်။ သူ့မျက်နှာကို တစ်ခြားဖက် လွှဲထားတယ်။
ဒီတော့မှ တံခါးကို အတွင်းက တမင်ဂျက်ချထားမှန်း သိလိုက်ရတယ်။ ဗိုလ်ချုပ်ကြီး
တစ်ပါး ကားထဲဝင်လို့ မရအောင် အတွင်းထဲကနေ ဘယ်သူဂျက်ချ ရဲသလဲ။
တစ်ယောက်ပဲ ရှိတာပေါ့ဗျာ။ အာဏာရှင်ကြီး ကိုယ်တိုင်ပါပဲ။ သူ့သမီးကိုသွားပြီး ဆုံးမရမလားဆိုပြီး ရွှေဘောတော် မကျလို့ ဗိုလ်ချုပ်ကြီးကို ချက်ခြင်း ပညာပေး
လိုက်တာ ဖြစ်တယ်။ ဒါကြောင့် သမီးတော်တွေဟာ ဘဘုရားရဲ့ မျက်နှာသာ
ပေးမှုတွေ၊ အကာအကွယ် ပေးမှုတွေနဲ့ ဆိုးချင်တိုင်းဆိုး သောင်းကျန်းချင်တိုင်း
သောင်းကျန်းပြီး အခုလို သမီးတော် ရာဇ၀င်လို့ စာတစ်စောင် ပေတစ်ဖွဲ့ ဖြစ်
လာတာပဲ ဖြစ်ပါတော့တယ်ဗျာ။
လက်စောင်းထက်
( Tomorrow သတင်းဂျာနယ်အမှတ်(၃၉)ပါ ဆောင်းပါး )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။