မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီး
ကို စားပွဲထိုးခိုင်းတဲ့ သမီးတော်**
သမီးတော်ရာဇ၀င် (၁၉)-
သယံဇာတ ပေါများကြွယ်ဝပြီး
ရာသီဥတု ကောင်းမွန်တဲ့
တိုင်းပြည်ကို
အဆင်းရဲဆုံး နွံထဲရောက်အောင်
စီမံခန့်ခွဲခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေ
အကြောင်းကတော့ တစ်ထောင့်တစ်
ညပုံပြင်တွေလို ရေးစရာ တောင်ပုံရာပုံရှိပါတယ်။
ဒါပေမဲ့ Tomorrowမှာ
တစ်ပတ်တစ်လေလောက်
သမီးတော် ရာဇ၀င် မပါရင်ဘဲ
စာဖတ်သူတွေက ဆူဆူပူပူ၊
ကြော်ငြာရှင်တွေက ဆူဆူပူပူ
လုပ်ကြတယ်လို့ ဆရာမာဂျေက
ဖုန်းဆက်ပြောကြား လာပါတယ်။
ကျွန်တော်ကလည်း တပ်က
အနားယူပြီးတဲ့နောက် ဘ၀မှာ
အေးအေးဆေးဆေးပဲ စာလေးပေ
လေး ရေးရင်း နေသွားချင်ပါတယ်။
ငွေကြေး အတွက်လည်း မပူပင်သလို
မတော်လောဘစိတ်လည်း မရှိတော့
ပါဘူး။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ
မတင့်တယ်တဲ့၊ လူကြားမကောင်းတဲ့
အဖြစ်အပျက်တွေကို နိုင်ငံသား
တစ်ယောက် အနေနဲ့
မှတ်တမ်းတင်ထားခဲ့ချင်ပါတယ် ။
အခုလည်း Tomorrow
ဒါရိုက်တာအဖွဲ့မှ သမီးတော်
ရာဇ၀င်ကို ဆက်ရေးပေးရမယ်လို့
ဖိအားပေးလာပါတယ်။
သူတို့ကို ခင်မင်လေးစားတာက တစ်ကြောင်း၊
စာဖတ်သူတွေရဲ့ စိတ်ဝင်စားမှုကို
ဖြည့်ဆည်းပေးချင်တာက
တစ်ကြောင်းစတဲ့
အကြောင်းကြောင်းတွေကြောင့်
အခုတစ်ပတ်
သမီးတော်ရာဇ၀င်(၁၉) ကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။
အငြိမ်းစားယူသွားတဲ့
ခေါင်းဆောင်ကြီး ဘုန်းမီးနေလ
အတောက်ပဆုံးအချိန်မှာ မြန်မာနိုင်ငံ
ရဲ့ ကမ်းရိုးတန်း ဒေသမှာ အနားယူ
အပန်းဖြေစရာ ကမ်းခြေတွေကို
ဖော်ထုတ်ခဲ့ပါတယ်။
အရင်က မထင်မရှားရှိခဲ့တဲ့
ပုသိမ်နားက ချောင်းသာကမ်းခြေ
ကို ဖော်ထုတ်ပြီးတဲ့အခါ မှာ
တစ်နိုင်ငံလုံးက လာရောက်
အပန်းဖြေတာကို တွေ့ရှိရတဲ့အခါ
နောက်ထပ် ကမ်းခြေ အသစ်တွေကို
ဖော်ထုတ်ရမယ်လို့ အမိန့်တော်
ရှိလာပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရဲ့
စီးပွားရေးနယ်ပယ်မှာ ပြိုင်ဘက်မရှိ
ဘဲ သက်သက်သာသာနဲ့ ချမ်းသာလာ
ကြတဲ့ သူဌေးကြီးတွေခမျာ
အသစ်ဖော်ထုတ်မယ့် ကမ်းခြေမှာ
ဟိုတယ်ကြီးတွေ တစ်ယောက်တစ်လုံး
ခွဲတမ်းကျ ဆောက်ကြရပါတယ်။
သူဌေးကြီးတွေအတွက် ဟိုတယ်တစ်လုံးဆောက်တာ အပန်းကြီးလှတဲ့ ကိစ္စတော့
မဟုတ်ပါဘူး။
အဲဒီတုန်းက စိတ်မပါလက်မပါနဲ့
မြေကွက်တွေယူပြီး ဟိုတယ်ဆောက်
ထားမိရင်တောင် အခုရတနာထုပ်
ပိုက်မိပြီဆိုပြီး ၀မ်းသာပီတိ
ဖြစ်နေလောက်ပါပြီ။
အဲဒီလိုနဲ့ နောက်ထပ်ဖော်ထုတ်တဲ့
ငွေဆောင်ကမ်းခြေမှာ မြန်မာနိုင်ငံရဲ့
အချမ်းသာဆုံး သူဌေးကြီးလည်း
ဟိုတယ် တစ်လုံး ဆောက်ပါတယ်။
တစ်ရက်မှာတော့ ခေါင်းဆောင်ကြီးရဲ့
သမီးတော်တွေဟာ အသစ်
ဖော်ထုတ်လိုက်တဲ့ ပင်လယ်ကမ်းခြေ
ဟာ
ပြာသလား၊
ညိုသလား၊
ကြည်သလား၊
နောက်သလား
လေ့လာ ကြည့်ဖို့အတွက်
ဆောက်လုပ် ပြီးစီးကာစ ဟိုတယ်ကို
ကြွလာတော်မူမယ်လို့ အမိန့်တော်
ရှိလိုက်ပါတယ်။
ဒါ့ကြောင့် ပိုင်ရှင်သူဌေးကြီးခမျာ
မနေသာတော့ဘဲ အစစအရာရာ
ကြိုတင်စီစဉ်ဖို့ အတွက် ဟိုတယ်ကို
ကြိုတင်ပြီး ကိုယ်တိုင်ဆင်းလာခဲ့ရပါ
တယ်။
ပြီးတော့ သမီးတော်တွေအတွက်
အစစအရာရာ မလစ်ဟာအောင်
ဂရုတစိုက် စီမံပေးရပါတယ်။
အဲဒီ့နောက်မှာတော့ သမီးတော်တို့
မိသားစုလည်း ဟိုတယ်အသစ်ကို
ရောက်ရှိလာကြပါတယ်။
ပင်လယ်မှာ ပျော်ရွှင်စွာ ရေကစားကြပါတယ်။
အဲဒီ့ရက် အတွင်းမှာ သူတို့ဘာတွေ
ရစ်မလဲဆိုပြီး ဟိုတယ်ဝန်ထမ်းတွေ
ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်
နေကြပေမယ့် ကြီးကြီးမားမား
ပြဿနာကတော့ မကြုံတွေ့ခဲ့ရ
ပါဘူး။
သမီးတော်တွေ ရေကစားပြီးလို့
ရေစိုနေတဲ့ အတွင်းခံတွေကို
နာရီဝက်အတွင်း ခြောက်သွေ့တာ
လိုချင်တယ်ဆိုတာပဲ တောင်းဆိုခဲ့
ပါတယ်။
အဲဒါကို အမြန်ဖြည့်ဆည်းနိုင်ဖို့
အတွက် ဟိုတယ်အသစ်မှာ
အ၀တ်လျှော်စက် မရှိတဲ့အတွက်
ညတွင်းချင်း ရန်ကုန်ကနေ
အ၀တ်လျှော်စက်တွေ ဟိုတယ်ကို
မှာယူခဲ့ရတာပဲ ရှိပါတယ်။
သူတို့တွေ နှစ်ရက်သုံးရက်လောက် ပျော်ပျော်ရွှင်ရွှင် ရေကစားတာမြင်မှ သူဌေးကြီးလည်း စိတ်အေးသွားပါတယ်။
ဒါ့ကြောင့် ပြန်ကာနီး အချိန်ရတုန်း
ဟိုတယ်ရဲ့ လိုအပ်ချက်တွေကို
ဖြည့်ဆည်း ပေးနိုင်ဖို့
လိုက်လံကြည့်ရှုစစ်ဆေးပါတယ်။
သူဌေးကြီးကို ရှင်းလင်းပြဖို့ အတွက်
ဟိုတယ်မန်နေဂျာနဲ့ ၀န်ထမ်းတွေလည်း
သူ့နောက်မှာ တသီတတန်းကြီး
ပါလာပါတယ်။
သူတို့သူဌေး နေပူမှာစိုးလို့
ထီးဆောင်းပေးရတဲ့ ၀န်ထမ်းကလည်း
ထီးဆောင်းပေးနဲ့ပေါ့။
အဲဒီ့မြင်ကွင်းကို အခန်းထဲကနေ
ရစ်တဲ့နေရာမှာ နာမည်ကျော်တဲ့
သမီးတော် တစ်ပါးက မြင်သွားပါတယ်။
ဒါ့ကြောင့် အခန်းထဲကနေ
သူဌေးကြီးကို လက်ညှိုးလှမ်းထိုးပြီး
“ငါးကင် မရသေးဘူးလား”လို့ ပြောလိုက်ပါတယ်။
ရုတ်တရက် သူဌေးလည်း ကြက်သေသေသွားပါတယ်။
နောက်မှ သူ့ကိုရစ်လိုက်မှန်း သဘောပေါက်သွားပါတယ်။
ဟိုတယ်မန်နေဂျာနဲ့ ၀န်ထမ်းတွေ
ကတော့ ပျာပျာသလဲ ဖြစ်သွားပြီး
ငါးကင်ကို ချက်ချင်း ပြုလုပ်ပြီး
အခန်းထဲကို ပို့ပေးလိုက်ပါမယ်လို့
သူဌေးကို ပြောပါတယ်။
အဲဒီ့နောက် ဟိုတယ်စားဖိုဆောင်မှာ
အကောင်းစား ငါးတစ်ကောင်ကို
အမြန်ကင်ကြပါတယ်။
ငါးကင်ကျက်တဲ့အခါ စားပွဲထိုးချုပ်က
ပန်းကန်ထဲထည့်ပြီး သမီးတော်ဆီကို
သွားပို့ဖို့ ပြင်ပါတယ်။
ထိုအချိန်မှာပဲ မီးဖိုခန်းထဲကို သူဌေးကြီး
ကိုယ်တိုင် ၀င်လာပါတယ်။
ပြီးတော့ ငါးကင်ပန်းကန်ကို
လှမ်းတောင်းပါတယ်။
ဟိုတယ် ၀န်ထမ်းတွေကလည်း
ကပျာကယာ ငြင်းပယ်ပြီး သမီးတော်
ရဲ့ အခန်းထဲကို သူတို့သွားပို့ပေးမယ့်
အကြောင်း ရှင်းပြပါတယ်။
သူဌေးကြီးက သူ့လူတွေကိုကြည့်ပြီး စိတ်ပျက်လက်ပျက် ခေါင်းခါရမ်းလိုက်
ကာ
“ခက်တာပဲ။
မင်းတို့တွေက သဘောမပေါက်ဘူး။
ဒီငါးကင်က ငါကိုယ်တိုင် သွားပို့မှ ငါးကင်စစ်မှာပေါ့”
လို့ ပြောပြီး ငါးကင်ပန်းကန်ကို ယူလိုက်ပါတယ်။
အဲဒီနောက် သမီးတော်ရဲ့ အခန်းကို
သွားပြီး သူကိုယ်တိုင်ပဲ တံခါးခေါက်ကာ
အဲဒီ့ငါးကင်ကို ပို့ပေးခဲ့ပါတယ်။
ဒီလိုပြုလုပ်ပေးတဲ့ အတွက်
သမီးတော်ရဲ့ မျက်မာန်တော် ရှခြင်း
ကနေ သူဌေးကြီးလည်း ကင်းလွတ်သွား
ခဲ့ရပါတယ်။
တကယ်တော့ သမီးတော်က
ငါးကင်ကို စားချင်တာ မဟုတ်ဘဲ
နောက်ပါခြွေရံ သင်းပင်းတွေနဲ့
ဟိုတယ်ရဲ့ လိုအပ်ချက်ကို လိုက်ကြည့်
နေတဲ့ သူဌေးကြီးကို ပညာပေးလိုက်ခြင်း
ပဲ ဖြစ်ပါတယ်။
နင့်ဟာနင် ဘယ်လောက် ချမ်းသာ
ချမ်းသာ ငါတို့ရှေ့မှာတော့ ဂိုက်ပေး
မကြမ်းနဲ့လို့ ပညာပေးလိုက်တာလည်း
ဖြစ်ပါတယ်။
နှစ်ကာလတွေကတော့ ကြာခဲ့ပါပြီ။
ဒါပေမဲ့ ဒီအဖြစ်အပျက်လေးကို
ကြည့်ခြင်းအားဖြင့် သမီးတော်ဟာ
သူပိုင်စိုးတဲ့ နယ်မြေအတွင်း ဘယ်သူ့ကို
မှ ဗိုလ်မထားဘူးဆိုတာ သိသာလှပါတယ်။
အနုပညာအမြင်နဲ့ ပြောရရင်
ဇာတ်လမ်း တစ်ခုထဲမှာ
မင်းသမီးနှစ်လက် ဒါမှမဟုတ်
ဇာတ်လိုက်နှစ်ယောက် မရှိစေရ
ဘူးဆိုတဲ့ ခံယူချက် ဖြစ်ပါတယ်။
သူ့ရဲ့ ခံယူချက်ကို နားမလည်သေးတဲ့
လူတွေကတော့ သမီးတော်ရဲ့ လှလှပပ
သင်ခန်းစာပေးခြင်းကို ခံခဲ့ကြရပါတယ်။
လက်စောင်းထက်

မှတ်တမ်းတင်ထားခဲ့ချင်ပါတယ်

tomorrow ဂျာနယ်
ချမ်းမြသာစည် လေယာဉ်ကွင်းကိုမှ လိုချင်တဲ့ သမီးတော် (သမီးတော်ရာဇ၀င် - ၂၀) - လက်စောင်းထက်
-------------------------- -------------------------- -------------------------- -----
သမီးတော်ရာဇ၀င် ဇာတ်လမ်းတွေ ရေးနေတာဟာ အာဏာရှင်ဆိုတာ ဘယ်လိုလူစားမျိုးလဲ။ အာဏာရှင်နဲ့ ပတ်သက်သူတွေ ဟာ အထိန်းအကွပ်မရှိ ဘယ်လို ဆိုးသွမ်းခဲ့ကြသလဲ။ တိုင်းပြည်မျက်နှာ လူမျိုးမျက်နှာ မကြည့်ဘဲ ထင်ရာ ဘယ်လို စိုင်းခဲ့ကြသလဲဆိုတာ အများပြည်သူ သိအောင် ထုတ်ဖော် ရေးသားခြင်းပဲ ဖြစ်တယ်။
အာဏာရှင်ခေတ်မှာ တာဝန်ရှိသူတွေက ဒီဇာတ်လမ်းတွေကို ပြန်ပြောင်း ပြောပြကြတာလည်း ဖြစ်တယ်။ တစ်ချိန်မှာ ဘယ်လောက် အာဏာတွေရှိပြီး လုပ်ချင်တာ လုပ်နိုင်ခဲ့ကြပေမဲ့ သမိုင်းမှာ မှတ်တမ်း တင်ခံရမယ်ဆိုတာ သိစေချင်လို့ ရေးပြတာ ဖြစ်တယ်။ ဒီလိုရေးတဲ့ အတွက် ကျန်တဲ့ အစိုးရ တာဝန်ရှိသူတွေ (အထူးသဖြင့် လုပ်ပိုင်ခွင့် ရှိတဲ့သူတွေ)က သူတို့ သားသမီးတွေကို ထိန်းကျောင်းကြလိမ့်မယ်လို့
ယုံကြည်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ နိုင်ငံတော်ရဲ့ အရင်းအမြစ်တွေကို ယောက္ခမ
အမွေပေးသလို သဘောထားပြီး အိတ်ထဲ ထည့်ကြရင်ဖြင့် နောက်ထပ် သားတော်ရာဇ၀င်တို့
ဘာတို့ပါ ပြည်သူ့ရှေ့မှောက် ရောက်လာဖို့ ရှိကြောင်းပါ။ ဒီစာရေးတဲ့
ရည်ရွယ်ချက်ကတော့ ဘာစနစ်နဲ့ပဲဖြစ်ဖြစ် နောက်နောင် မင်းလုပ် အုပ်ချုပ်မဲ့
သူတွေက မိမိတို့ရဲ့ သားသမီးတွေကို ထိန်းကျောင်း သွန်သင်နိုင်တတ်စေဖို့
ရည်ရွယ်ရေးသားရခြင်း ဖြစ်ကြောင်းပါ။
ပြောရရင် ၂၀၀၄ ခုနှစ် ထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းလိုက်ချိန်မှာ Check & Balance စနစ်ပျက်ပြီး အစိုးရ အဖွဲ့ဝင်တွေဟာ လွတ်လပ်စွာ လာဘ်စားခွင့်၊ လွတ်လပ်စွာ ကြွားဝါခွင့်၊ လွတ်လပ်စွာ မောက်မာခွင့်တွေ ရခဲ့ကြပါတယ်။ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၀ ကြား ခြောက်နှစ်တာ ကာလမှာ ၀န်ကြီးဝန်ကလေးတွေဟာ သူတို့ ပိုင်ဆိုင်တဲ့ အိမ်အလုံးရေကိုတောင် မမှတ်မိတဲ့အထိ လာဘ်စားခဲ့ကြ ပါတယ်။ ၀န်ကြီးတစ်ပါးဆိုရင် ရန်ကုန်မှာတင် အိမ်အလုံး သုံးဆယ်ကျော် ရှိပါသတဲ့။ နောက်ဝန်ကြီးတစ်ပါး ကတော့ မြန်မာနိုင်ငံအနှံ့ အိမ်အလုံး တစ်ရာကျော်ပါသတဲ့။ ၀န်ကြီးဝန်ကလေးတွေ၊ စစ်ဗိုလ်ချုပ်တွေ၊ ညွှန်ချုပ်တွေ ဦးဆောင် ညွှန်ကြားရေးမှူးတွေရဲ့ သားသမီးတွေကလည်း ဒေါ်လာ တစ်သန်းတန် ဇိမ်ခံကားတွေ ပြိုင်ကားတွေနဲ့ ဖြစ်ချင်တိုင်းဖြစ် ကဲချင်တိုင်း ကဲခဲ့ကြပါတယ်။ အခုကာလအထိ လူကြီးတစ်ယောက် ဖြစ်နေသူ (အဲဒီခေတ်ကတော့ ဗိုလ်ချုပ်ပေါ့)ရဲ့ သားဆို မြေနီကုန်းမှာ ပြိုင်ကား ပြိုင်မောင်းရင်း လူတစ်ယောက်ကို သေအောင် တိုက်ခဲ့ပါတယ်။ ထောက်လှမ်းရေး မရှိတော့တဲ့ ကာလဖြစ်လို့ ဘာအသံမှ မထွက်ဘဲ ပြီးသွားခဲ့တယ်။ အရှေ့တောင် အာရှမှာ မြန်မာနိုင်ငံဟာ အဆင်းရဲ အမွဲတေဆုံး နိုင်ငံဖြစ်ပေမဲ့ အစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုကတော့ အရှေ့တောင် အာရှမှာ အချမ်းသာဆုံး ဖြစ်တယ်။ မြန်မာနိုင်ငံကို ဇိမ်ခံကားတွေကို ဘယ်လိုသွင်းသလဲဆိုရင် နိုင်ငံခြားကနေ လေယာဉ်တွေနဲ့ သယ်ပြီး ထိုင်းနိုင်ငံကိုရောက်၊ အဲဒီကမှ နယ်စပ်ကနေ သွင်းကြတာ။ အဲဒီအချိန်မှာ ထိုင်းနိုင်ငံက သူဌေးကြီး သူဌေးငယ်တွေဟာ သူတို့ မစီးနိုင်တဲ့ ကားတွေကို မြန်မာတွေ စီးနိုင်တယ်ဆိုပြီး ရင်သပ်ရှုမော လာကြည့်ကြရပါသတဲ့။ ဒီတော့ ၂၀၀၄ နဲ့ ၂၀၁၀ကြားမှာ ဘယ်လောက်တောင် တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို အိတ်ထဲ ထည့်ခဲ့သလဲ ဆိုတာ ပေါ်တာပေါ့ဗျာ။
အခုရေးမှာကတော့ ၂၀၁၀ မရောက်ခင် ကာလကလေးက ဖြစ်ရပ်တစ်ခုပါ။ ဒီဖြစ်ရပ်ကြောင့် သူ့ကိုယ်သူ သမ္မတ ဖြစ်ရမယ်လို့ မှန်းထားတဲ့ ဗိုလ်ချုပ်ကြီးဟာ သမ္မတ ဖြစ်ခွင့်နဲ့ လွဲခဲ့ပါတယ်။ ဇာတ်လမ်း အစကတော့ သမီးတော်တွေပါပဲ။ တစ်ရက်မှာ မန္တလေး စစ်တိုင်းမှူးက နေပြည်တော် စစ်ရုံးကို ကသောကမျော ရောက်လာပါတယ်။ အကြောင်းကတော့ အာဏာရှင်ကြီးရဲ့ သမီးတော် အကြီး (လုံခြုံရေး စကားဝှက်အရဆိုရင် လမင်း(၁))က မဖြစ်နိုင်တဲ့ တောင်းဆိုမှု တစ်ခုကို ပြုလိုက်လို့ပါ။ ဒါကတော့ လောလောဆယ် အသုံးမပြုဘဲ ရပ်ဆိုင်းထားတဲ့ မန္တလေး ချမ်းမြသာစည် လေယာဉ်ကွင်း ဧရိယာကြီး တစ်ခုလုံးကို သူတို့မိသားစု ဘ၀နောင်ရေး အတွက် သူ့ဖခင် အာဏာရှင်ကြီး နာမည်နဲ့ လွဲပေးဖို့ပါပဲ။ လေယာဉ်ကွင်း တစ်ခုဆိုတာ နည်းတဲ့ အကျယ်အ၀န်း မဟုတ်ပါဘူး။ မန္တလေး ချမ်းမြသာစည် လေယာဉ်ကွင်းဆိုရင် ဧရိယာ အကျယ်အ၀န်း ဧက ၃၆၀ ရှိပါတယ်။ အခုလောလောဆယ် မသုံးစွဲပေမဲ့ ပြည်တွင်းမှာ လေကြောင်း ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးလာရင် အသင့်သုံးနိုင်တဲ့ ပြည်တွင်း လေဆိပ် တစ်ခုလည်း ဖြစ်တယ်။ ဒါကြီးကို မိသားစုအတွက် အပိုင်လွဲပေးဖို့ လာတောင်းဆိုတဲ့ အတွက် တိုင်းမှူးမှာ ခေါင်းဆင်နင်းတော့တာပဲ။
ဒါကြောင့် နေပြည်တော် စစ်ရုံးကိုလာပြီး ဗိုလ်ချုပ်ကြီး တစ်ဦးကို လာတင်ပြပါတယ်။ ဗိုလ်ချုပ်ကြီးလဲ အတော်ေ ခါင်းစားသွားတယ်။ ဖြစ်မှမဖြစ်နိုင်တဲ့ ကိစ္စကိုး။ တစ်ချိန်ကြရင် ဒီကိစ္စကနေ မီးခိုးကြွက်လျှောက် လိုက်ပြီး တစ်ခြား ကိစ္စတွေပါ ပေါ်သွားနိုင်သလို ဒီကိစ္စကြောင့် ဆူပူမှုလည်း ဖြစ်သွားနိုင်တာကိုး။ ဒီတော့ ဗိုလ်ချုပ်ကြီးက ချမ်မြသာစည် လေဆိပ်နားမှာ လမ်းမကြီးတန်းပေါ်မှာ မြေကွက် ဆယ်ကွက် ဖော်ထုတ်ပြီး အဲဒီမိသားစုကို ပေးလိုက်တယ်။ တစ်ကွက်ကို သိန်းနှစ်သောင်းလောက် တန်တဲ့ မြေကွက် ဆယ်ကွက်ဆိုတော့ စုစုပေါင်း တန်ဖိုးက အမေရိကန် ဒေါ်လာ သန်း ၂၀ပေါ့။ ဒါပေမဲ့ အဲဒီလောက်ပဲ ပေးရမလား ဆိုပြီး သမီးတော်က အမျက်တော် ရှသွားပါတယ်။ သမီးတော် အမျက်တော်ရှရင် ဖခမည်းတော်ကလည်း အမျက်တော် ရှတတ်တာမိုလို့ ဇာတ်ပေါင်းချိန်မှာ အဲဒီဗိုလ်ချုပ်ကြီးဟာ ပထမဆုံး ဒီမိုကရေစီ သမ္မတ ဖြစ်ခွင့်နဲ့ လွဲသွားပါတော့တယ်။ တိုးတိုးတိတ်တိတ် အကြောင်းပြချက် ပေးတာကတော့ အဲဒီဗိုလ်ချုပ်ကြီးရဲ့ သားတွေက စီးပွားရေး သောင်းကျန်းတယ်။ ပိုင်ဆိုင်မှုတွေ တင်ပြရရင် အခက်တွေ့လိမ့်မယ်။ ဒါကြောင့် တစ်ခြား ရာထူးပဲ ယူစေသတည်းပေါ့ဗျာ။ အဖြစ်မှန်ကတော့ မန္တလေး ချမ်းမြသာစည် လေဆိပ်ကြီးနဲ့ သမ္မတ ရာထူးကို လဲလိုက်ရတာပါ။ ဒီကိစ္စဟာ ကာယကံရှင် မိသားစုနှစ်စုပဲ သိပေမဲ့ ဘယ်ကနေ ဘယ်လိုလုပ်ပြီး လက်စောင်းထက်ဆီ ရောက်လာသလဲတော့ မသိပါဘူးဗျာ။
ဇာတ်ပေါင်းရရင်ဖြင့် ရွေးကောက်ပွဲ ပြီးချိန်မှာ အဲဒီမန္တလေး စစ်တိုင်းမှူးလဲပြုတ်၊ သမ္မတ မှန်းထားတဲ့ ဗိုလ်ချုပ်ကြီးလဲ သမ္မတ ရာထူးနဲ့လွဲနဲ့ အာဏာရှင်ကြီးနဲ့ သူ့ရဲ့သမီးတော်တွေက သူတို့ရဲ့ နောက်ဆုံး အမျက်ဒေါသကို ပြသွားကြလေရဲ့ဗျာ။ ဒါပေမဲ့ ချမ်းမြသာစည် လေဆိပ်ကြီးကတော့ ပြည်တွင်း လေကြောင်းလိုင်းတွေ အတွက် အခြေစိုက်ဖို့ ပို့ဆောင်ရေး ၀န်ကြီးဌာနပိုင် အဖြစ် အခုထိ ကျန်နေတာကိုတော့ အဲဒီဗိုလ်ချုပ်ကြီးနဲ့ အဲဒီစစ်တိုင်းမှူးကို ကျေးဇူးတင်ရပါလိမ့်မယ်။ အခုလဲ တစ်ချို့ လူကြီးသားသမီးတွေက ဘာအလုပ်လိုချင် လိုချင် ဒေါ်လာတစ်သန်းနဲ့ မိဘလုပ်ကိုင်ခွင့်ကို ရောင်းစားနေကြဆဲပါ။ အာဏာရှင်စနစ် မရှိတော့ပေမဲ့ အဲဒီတုန်းက အငွေ့အသက်တွေကတော့ ကျန်ဆဲပါပဲ ဗျာ။
လက်စောင်းထက်
--------------------------

အပင်ပေါ်က ဆီးသီးကိုမှ စားချင်တဲ့ သမီးတော်အတွက် ဆီးပင်တက်ခဲ့ရတဲ့ အရာရှိကြီး
သမီးတော်ရာဇ၀င်(၂၁) -
နှစ်ပေါင်း ၃၀နီးပါး တန်ခိုးထွားခဲ့တဲ့
အာဏာရှင်ကြီးဟာ
နွေရာသီကာလ ရောက်ပြီဆိုရင် သူ့ရဲ့
စံနန်းတော်ကတော့ ပြင်ဦးလွင်ပဲ
ဖြစ်ပါတယ်။
ဒါ့ကြောင့် အရာရှိ စစ်သည်တွေ
သင်တန်းဆင်းရင်လည်း သင်္ကြန်အပြီးမှာ
ကျင်းပပြုလုပ်လေ့ရှိတယ်။
တစ်ခါတစ်ရံ ပြင်ဦးလွင်မှာ အနားယူလို့
ငြီးငွေ့လာရင် မန္တလေး ဆင်းပြီးတော့
လည်း ဈေးဝယ်ထွက်တတ်ပါတယ်။
တစ်နှစ်သော သင်္ကြန်ပွဲတော်
ကာလကတော့ အာဏာရှင်ကြီးရဲ့
သမီးတော်တွေအနက် သမီးတော်
နှစ်ဦးက မန္တလေး သင်္ကြန်ကို အာရုံကျ
နေလို့ ပြင်ဦးလွင်ကနေ နန်းတွင်းထဲကို
မိသားစုလိုက် အလည် ရောက်လာ
ပါတယ်။
မန္တလေး နန်းတွင်းထဲမှာ ရှိနေတဲ့
တပ်မိသားစုဝင်တွေလည်း မျက်ခုံး
ခပ်လှုပ်လှုပ်ပေါ့။
ဒါပေမဲ့ သမီးတော်
အားလုံး ရွှေစိတ်တော် မငြိုငြင်ရေး
အတွက် အစွမ်းကုန် ပြင်ဆင်ထားကြတယ်။
ဒီတစ်ခေါက် သမီးတော်တွေကလည်း
ဘယ်လို အကြောင်းကြောင်းတွေကြောင့်လည်း
မသိ။
သဘောအတော်ကောင်းနေတယ်။
နန်းတွင်းထဲမှာ ရောက်နေတုန်း
ထူးထူးခြားခြား ဘာကိုမှ တောင်းဆိုသမှု
မပြုပါဘူး။
အဲဒီတော့ ဘေးနားက ခစားနေရတဲ့
တပ်မှူးတွေ၊ အရာရှိတွေလည်း
ပျော်တာပေါ့။
ဒါပေမဲ့ အဲဒီ့အပျော်က ကြာရှည် မခံခဲ့ပါဘူး။
သင်္ကြန်အတက်နေ့မှာတော့
နန်းတွင်းထဲမှာ တည်းနေတဲ့
အာဏာရှင်ကြီးရဲ့ သမီးတော်တွေထဲက
သမီးတော်နှစ်ပါးက
ကျုံးရှေ့ပတ်လည်မှာရှိတဲ့ ရေပက်ခံ
မဏ္ဍပ်တွေကို လှည့်လည်
ကြည့်ရှုချင်တယ်လို့ ဆိုလာပါတယ်။
အဲဒီလို လှည့်လည်ရင်လည်း သူတို့
နောက်တော်ပါးမှာ ကိုယ်ရံတော်တွေ၊
လုံခြုံရေးတွေ လုံးဝမလိုချင်ဘူးလို့
ဆိုလာပါတယ်။
အဲဒီတော့ အမြဲတမ်း အာဏာစက်နဲ့သာ
ဖြေရှင်းလေ့ရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေ
အတွက် အခက်ကြုံရတာပေါ့။
သူတို့က လူတွေကြားထဲမှာ
ပြေလည်အောင် ဆက်ဆံဖို့
Public Relation (PR)ကိုမှ
မသင်ခဲ့ရတာကိုး။
ဒါပေမဲ့လည်း အမိန့်တော်ရှိလာတော့
မဖြစ်ဖြစ်အောင် စီစဉ်ရတော့တာပါပဲ။
မန္တလေးမြို့ထဲကို သင်္ကြန်တွင်း
လှည့်လည်ကြည့်ရှုဖို့အတွက်
ကားနှစ်စီး စီစဉ်ရတယ်။
ကားမောင်းတဲ့ သူတွေကိုလည်း
ရဲဘော်တွေ မထားဘဲ တပ်ရင်းမှူး
အဆင့် (ဒုတိယ ဗိုလ်မှူးကြီးတွေ)ကိုပဲ
မောင်းခိုင်းတယ်။
ပြီးတော့ သမီးတော်တွေရဲ့
ဝေယျာဝစ္စတွေကို ကူညီဆောင်ရွက်ဖို့
တပ်ရင်းမှူး ကတော်ကိုပါ လိုက်စေတယ်။
အဲဒီလိုနဲ့ သမီးတော်တွေရဲ့
မန္တလေးမြို့တွင်း သင်္ကြန်မဏ္ဍပ်တွေ
လှည့်လည်ကြည့်ရှုတဲ့ ခရီးစဉ်
စတော့ပါတယ်။
မန္တလေးမြို့ထဲ လည်တဲ့အခါ
တော်တော် အခြေအနေ ကောင်းတယ်။
ဘယ်သူကမှ နိုင်ငံတော် အကြီးအကဲရဲ့
သမီးတော်တွေမှန်း မရိပ်စားမိကြသလို
ဘာမှလည်း ကြီးကြီးမားမား ပြဿနာတွေ
မရှိကြပါဘူး။
ကိုယ်ရံတော်တွေပါတဲ့ ကားနောက်
တစ်စီး ကလည်း ခပ်လှမ်းလှမ်းက
လိုက်ပါစေခဲ့ပါတယ်။
ဒီလို ပျော်ရွှင်စရာကောင်းတဲ့
တိုင်းခန်း လှည့်လည်မှု ပြီးဆုံးခါနီးချိန်မှာ
ပဲ ပြဿနာ တစ်ခုက ဗုံးပေါက်ကွဲသလို
ရောက်ရှိလာပါတော့တယ်။
အဲဒါကတော့ အမြဲတမ်း
ပြဿနာရှာလေ့ရှိတဲ့ သမီးတော်
တစ်ပါးက လတ်လတ်ဆတ်ဆတ်
ဆီးသီးကိုမှ စားချင်တယ်လို့
ပြောလာပါတယ်။
ကားလိုက်မောင်း ပေးတဲ့ အရာရှိကြီး
က စစ်ကိုင်း-မုံရွာဘက်က ထွက်တဲ့
ဆီးသီးတွေကို ရှာပေးမယ်လို့ ပြော
ပေမယ့် လက်မခံပါဘူး။
အပင်ကနေ ချက်ချင်း ခူးပေးတဲ့
ဆီးသီးကိုမှ စားချင်တယ်လို့ ဆိုလာပါ
တယ်။
သင်္ကြန်ဆိုတော့ ဆီးပင် ရှာပုံတော်
ဖွင့်ဖို့ကလည်း မလွယ်ကူပါဘူး။
ချွေးပြန်နေတဲ့ အရာရှိကြီးကို ဇနီးဖြစ်
သူက လက်ကုတ်ပြီး နန်းတွင်းထဲမှာ
တော့ စားလို့ကောင်းတဲ့ ဆီးပင်တစ်ပင်
ရှိတယ်လို့ ပြောလိုက်ပါတယ်။
ဒီသတင်းကြားကြားချင်း အရာရှိကြီး
လည်း ဆံပင်တွေ ထောင်ထသွားအောင်
ဝမ်းမြောက် ၀မ်းသာဖြစ်ပြီး ကားကို
နန်းတွင်းထဲ ပြန်မောင်းသွားပါတယ်။
နန်းတွင်းထဲရောက်တော့ သူ့ဇနီးပြောတဲ့
အတိုင်း ဆီးပင်ကိုလည်း တွေ့ပါတယ်။
နွေရာသီ ဆိုပေမယ့် အပင်မှာ
ဆီးသီးတွေက အပြွတ်လိုက်
ရှိနေပါသေးတယ်။
ပုံစံကြည့်ရတာ ဘယ်သူမှ မခူးရအောင် အမိန့်ထုတ်ထားတယ်နဲ့ တူပါတယ်။
အရာရှိကြီးလည်း ဆီးပင်ကို မော့ကြည့်ပြီး ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားပါတယ်။
ဘာပြုလို့လဲဆိုတော့ သမီးတော်
စားချင်တဲ့ လတ်လတ်ဆတ်ဆတ်
ဆီးသီးကိုရဖို့ အပင်ပေါ် တက်နိုင်တဲ့
သူဟာ သူနဲ့သူ့ဇနီး နှစ်ယောက်သာ ရှိလို့ပါပဲ။
ဘေးပတ်ဝန်းကျင်မှာလည်း ဒီဆီးသီးကို
ချူပေးဖို့ ၀ါးလုံးတို့၊ တံချူတို့ မတွေ့ပါဘူး။
သူ့ဇနီးကို လှမ်းကြည့်လိုက်တော့
အမြင့်ကြောက်တဲ့ သူ့ဇနီးမျက်နှာမှာ
လည်း ချွေးတွေ စို့နေပါတယ်။
သူချစ်မြတ်နိုးလို့ ယူထားခဲ့တဲ့ ဇနီးကို
လည်း အခြားလူတစ်ယောက် စားဖို့
ဆီးသီး တက်ခူးပေးတာကို မမြင်ရက်ပါဘူး။
ဒါ့ကြောင့် ဘာမှမပြောတော့ဘဲ
သူကိုယ်တိုင် ဆီးပင်ပေါ်
တက်လိုက်ပါတယ်။
တစ်ချိန်က ရှေ့တန်းမှာ
ကြမ်းကြမ်းတမ်းတမ်း
စစ်တိုက်ခဲ့တာတောင်မှ ဘာမှမဖြစ်ခဲ့တဲ့
အရာရှိကြီးဟာ ဆီးပင်ပေါ် တက်မှပဲ
လက်ဖ၀ါးတွေ၊ ခြေဖ၀ါးတွေမှာ
ဆီးဆူးတွေစူးပြီး သွေးတွေစို့လာပါတယ်။
ဒါပေမဲ့ အလုံးကြီးပြီး မှည့်တဲ့
ဆီးသီးတွေကို ခူးပြီး အောက်မှာရှိတဲ့
ဇနီးသည်ကို လှမ်းပစ်ပေးပါတယ်။
ဇနီးသည်က တစ်ဆင့် သမီးတော်က
ဝါးပါတယ်။
စားပြီးပြီးချင်း လတ်လတ်ဆတ်ဆတ်
အပင်က ခူးစားတဲ့ ဆီးသီးကမှ
ကောင်းတယ်ဆိုပြီး ထပ်ခါထပ်ခါ
တောင်းပါတယ်။
အရာရှိကြီးလည်း ဆီးပင်ပေါ်မှာ
အလုံးကောင်း၊ အလုံးလှတွေကို ရှာဖွေပြီး
ခူးပေးရပါတယ်။
နောက်ဆုံးတော့ သမီးတော်က
စားလို့ဝသွားပြီး တော်တော့လို့
အမိန့်ပေးပါတယ်။
ဒီစကားကြားမှ အရာရှိကြီးလည်း
ဆီးပင်ပေါ်က ဆင်းလာရင်း ခန္ဓာကိုယ်
အနှံ့မှာ စူးနေတဲ့ ဆီးဆူးတွေကို
ဖယ်ရှားခဲ့ရပါတယ်။
အဲဒီနှစ် သင်္ကြန်မှာတော့ ဆီးပင်ပေါ်
တက်ပြီး ဆီးသီးခူးရတဲ့ ဘ၀ကို
တပ်မတော် အရာရှိကြီးဟာ ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး။
စာဖတ်သူတွေရော လတ်လတ်
ဆတ်ဆတ် ဆီးသီးတွေ မစားချင်ဘူး
လား။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။