နာရီသံချက်ချက်ညံ …
--------------------------
လူတွေဟာ ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်ရည်ရှိသလောက် ချမ်းသာတဲ့ဒဏ်ကို ခံနိုင်ရည်မရှိဘူးဆိုတာ အတိုင်းအတာတစ်ခုအထိတော့ မှန်မယ်ထင်တယ် … တစ်ခါတစ်လေ လူတွေဟာ နိမ့်ကျနေချိန်မှာ အသားကုန် ကြိုးစားသလောက် အတိုင်းအတာ တစ်ခုရောက်လာတဲ့အခါ ဘဝမေ့တာ မဟုတ်တောင် သာယာလာတတ်ကြတယ် … ဗိုလ်ချုပ်ပြောသလိုမျိုး တက်ထောင်ချင်တတ်ကြတယ် … ကျွန်တော့်ကို ကျွန်တော် ပြန်သုံးသပ်ကြည့်မိတယ် … ဓမ္မာရုံလမ်းက ၈ ပေ လောက်ပဲ ကျယ်တဲ့ အခန်းလေးထဲမှာ နေပြီး အိမ်ပေါက်စိ စာလိုက်သင်တုန်းက တစ်နေ့ကို ၄ နာရီလောက်ပဲ အိပ်ပြီး မနေမနား ဆက်တိုက် အလုပ်လုပ် တယ်။ အခုကျတော့ ကိုယ့်အခန်းနဲ့ကိုယ် ဆုံလည်ကုလားထိုင်မှာ ထိုင်ပြီး လာတဲ့သင်တန်းသား/သူ ကို သင်တန်းမှာ သင်ရုံပဲ ဆိုတော့ နည်းနည်းတော့ အလုပ်လုပ်အား ကျလာတယ်လို့ ခံစားရတယ် … အရင်တုန်းကဆို ကျွန်တော် နေ့လည် နေ့ခင်း လုံးဝ မအိပ်ဘူး … အခုဆိုရင် နည်းနည်းပါးပါး အိပ်တတ် လာတယ်။
ပင်ပန်းတာကို အကြောင်းပြပြီး နားချင်လာတယ် … မပင်ပန်းဘူးလားဆိုတော့ ပင်တော့ ပင်ပန်းပါတယ် … မနက် ၇ နာရီက နေ ည ၈ နာရီအထိ မိုးလင်းမိုးချုပ် စာသင်၊ ပြီးရင် စာဖတ်၊ စာရေး၊ သင်တန်းကိစ္စတွေလုပ်၊ စသည်ဖြင့်ပေါ့ ဒါပေမယ့် အရင်တုန်းကလောက်တော့ မပင်ပန်းသေးပါဘူး … ဒါနဲ့ ပတ်သက်လို့ ကျွန်တော် ဖတ်ဖူးတာလေး တစ်ခု ပြန်ပြောပြချင်ပါတယ် …
နာရီလေးတစ်လုံးဟာ နေ့စဉ်နဲ့အမျှ တချက်ချက်နဲ့ စက္ကန့်၊ မိနစ်၊ နာရီတွေ ဖြစ်အောင် စဉ်ဆက်မပြတ် ခရီးဆက်လာခဲ့တာ တစ်နေ့တော့ တစ်နှစ်တာ အတွင်းမှာ သူဘယ်လောက်တောင် ရွေ့ခဲ့ပြီလဲဆိုတာကို ပြန်စဉ်းစားကြည့်မိတယ် … စက္ကန့်နဲ့ ရေတွက်လိုက်တဲ့အခါ သူဟာ ၃၁၅၃၆၀၀၀ အကြိမ်တောင် ရွေ့ခဲ့ပြီလေ … အဲဒါနဲ့ ငါတော်တော်လုပ်ခဲ့ပြီပဲ … နားဦးမယ်လို့ ကြွေးကြော်လိုက်ပါတယ်။ ပြီးတော့ သူက ဆက်မရွေ့တော့ဘူး … အဲဒီအချိန်မှာ နာရီလေးကို တစ်ယောက်က သတိပေးပါတယ် ...။ မင်းလုပ်ခဲ့တဲ့ ၃၁၅၃၆၀၀၀ ဆိုတာက တစ်ကြိမ်တည်း လုပ်ခဲ့တာမှ မဟုတ်တာ … မင်းရပ်လိုက်လို့ မရသေးဘူးလေ … တဖြည်းဖြည်းခြင်းတော့ ရွေ့ရမယ်လေ …. အဲဒီတော့မှ နာရီလေးလည်း သတိရသွားပြီး ဆက်ရွေ့တယ်တဲ့ ….
အဲဒီနာရီလေးလိုပဲ … ကျွန်တော်တို့ လုပ်ခဲ့တဲ့ အရာတွေ … မှတ်တိုင်တွေကို ဘယ်လောက် လုပ်ခဲ့ပြီ … ဘယ်လောက် အောင်မြင်ပြီလို့ ဂုဏ်ယူခွင့်ရှိပေမယ့် ရပ်ဖို့တော့ မစဉ်းစားလိုက်ပါနဲ့ … မနားလိုက်ပါနဲ့ … ဖြည်းဖြည်းခြင်းတော့ ဆက်ရွေ့ပေးပါ … ကျွန်တော်တို့ ဘဝတွေမှာ လုပ်စရာတွေ အများကြီး ရှိပါသေးတယ် … ဆက်လုပ်ရဦးမှာပါ … မသာယာပါနဲ့ … ကိုယ့်ကိုယ်ကို အဟုတ်ကြီး မထင်ပါနဲ့ဦး ….
ကျွန်တော်တို့ထက် အများကြီးရွေ့ခဲ့တဲ့ အများကြီးလုပ်ခဲ့တဲ့သူတွေ အများကြီးရှိပါ သေးတယ်။ စောစောစီးစီး တက်မထောင်ကြပါနဲ့ … ဒီစာလေးဟာ ကျွန်တော့်ကို ကျွန်တော် သတိပေးရင်း အားလုံးအတွက် မျှဝေပေးလိုက်တာပါ … ။ တကယ် တင်းတိမ် ရောင့်ရဲတာနဲ့ …. ပျင်းတာနဲ့လည်း မတူသေးပါ။ အဲဒီအကြောင်းကို သပ်သပ်ရေးပါဦးမယ် …
ကျွန်တော်တို့အားလုံး ဖြည်းဖြည်းခြင်း ဖြည်းဖြည်းခြင်း ဆက်ရွေ့ကြယ်မယ် …လောကအတွက် တတ်နိုင်သလောက် ရှင်သန်ခွင့်ရှိတဲ့ အခြေအနေအလေးမှာ ဆက်ကြိုးစားပြီး လုပ်ကြမယ်ဗျာ …
မေတ္တာဖြင့်
အောင်ကိုဦး(UMK)
Be the Best !

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။