ဘုရားသခင်၏ကျမ်းစာ
ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းနှင့် ပတ်သက်သော သီအိုရီအလွဲများ
( အဆက်)
( အဆက်)
(၃) သူယောင်ဆောင်သီအိုရီ (Impersonation Theory)
ဤသီအိုရီက ခရစ်တော်ရှင်ပြန်ထမြောက်ပြီး ကိုယ်ထင်ပြလာခြင်း၌ သူကိုယ်တိုင်မဟုတ်တော့ဘဲ တစုံတယောက်က သူ့အစား သူယောင်ဆောင်ကာ ကိုယ်ထင်ပြလာခြင်းဖြစ်သည်။ ထို့ကြောင့်လည်း တပည့်တော်များက သူ့ကို ချက်ချင်း မမှတ်မိရခြင်းဖြစ်သည်ဟု ဆိုသည်။
ဖြေရှင်းချက်။ ။(က) တပည့်တော်များကိုယ်တိုင် ပြန်ရှင်မည်ကို မယုံကြည်သောကြောင့် ခရစ်တော်ကိုယ်တိုင် သက်သေများစွာ မပြခဲ့ပါက လွယ်လွယ်ယုံကြည်မည်မဟုတ်။ သောမဆိုလျှင် ဒဏ်ရာတော်ကို ကိုယ်တိုင်မြင်၊ ကိုယ်တိုင်ထိကြည့်ပြီးမှ ယုံခဲ့သည် (ယောဟန် ၂၀း၂၅၊၂၇ )။
(ခ) အယောင်ဆောင်သူအတွက် လှံထိုးထားသည့် နံဖေးဒဏ်ရာ၊ လက်ခြေထုတ်ချင်းခွင်းဖေါက်သည့် သံမှိုရိုက်ထားရာ ဒဏ်ရာကို အတုလုပ်ဖို့ရန်မဖြစ်နိုင်ပါ။
(ဂ) တပည့်တော်များက ကိုယ်တော်ကို မမှတ်မိရခြင်းမှာ အလုံပိတ်သော အိမ်ခန်းအတွင်း၌ပင် ဖြတ်သန်းဝင်နိုင် သည့် ထမြောက်သော ခန္ဓာ (သို့ ) ဘုန်းကြီးသော ခန္ဓာတော်ဖြင့် ကြွလာသောကြောင့်ဖြစ်သည် ( ယောဟန် ၂၀း၁၉ )။ ထို့အပြင် ထိုသို့မမှတ်နိုင်အောင် ကိုယ်တော်တိုင်က တမင်ရည်ရွယ်လျက် သူတို့မျက်စိချုပ် လိုက်ခြင်းဖြစ်သည်
( လုကာ ၂၄း၁၆ )။
( လုကာ ၂၄း၁၆ )။
(ဃ)ခရစ်တော်ယေရှုကို မြင်သောသူများသည် ကိုယ်တော်နှင့် သုံးနှစ်တာ အတူရှိခဲ့သူများဖြစ်သောကြောင့် ယေရှု၏ ရူပပိုင်းနှင့်ပတ်သက်၍ မည်သူကမျှ သူတို့ကို အယုံသွင်းနိုင်မည်မဟုတ်။
(င) အလုံပိတ်သောအခန်းအတွင်း သူတို့အလယ်၌ ရုတ်တရက်ပေါ်လာခြင်း၊ ဧမောက်ခရီး၌ ရုတ်တရက် ပျောက်သွားခြင်း ( လုကာ ၂၄း၃၁ )၊ ကောင်းကင်သို့ တက်ကြွတော်မူခြင်း (း၅၁ )တို့ကို ယေရှုကိုယ်တော် တိုင်မှ လွဲ၍ မည်သည့်အယောင်ဆောင်ကမျှ ပြုနိုင်မည်မဟုတ်။
(၄) ၀ိညာဉ်ထမြောက်သီအိုရီ (Spiritual Resurrection Theory)
ယေရှုခရစ်ထမြောက်ခြင်းမှာ ခန္ဓာအားဖြင့်မဟုတ်၊ ၀ိညာဉ်သာ ထမြောက်ခြင်းဖြစ်သည်။ ခန္ဓာမှာ မြေကြီးပေါ်၌ ကျန်ခဲ့သည်ဟု ဤသီအိုရီက ဆိုသည်။
ဖြေရှင်းချက်။ ။ (က)ခရစ်တော်၏ အုတ်ဂူသည် ယနေ့ထိရှိနေသော်လည်း သမိုင်းမှာရော ယနေ့ထိပါ သူ့ခန္ဓာကိုယ် ပြန်လည်ရှာဖွေတူးဖော်တွေ့ရှိခြင်းမျိုးမရှိတော့ပါ။
(ခ) ထမြောက်ပြီးနောက်ပိုင်း ကိုယ်တော်ကို မြင်ကြ၊ ထိတွေ့ကြသည်။ ၀ိညာဉ်ဆိုလျှင် ထိုသို့လုပ်၍ မရနိုင်။
(ဂ) ထမြောက်ပြီးနောက်ပိုင်း မုန့်ဖဲ့ခြင်း( လုကာ၂၄း၃၀ )၊ တပည့်တော်များအတွက် မီးပုံလုပ်ပေးခြင်း၊ ငါးကင်နှင့် မုန့် ပြင်ပေးခြင်း တို့ကိုလည်း ပြုတော်မူခဲ့သည်( ယောဟန် ၂၁း၅-၁၄ )။ ၀ိညာဉ်ဆိုလျှင် ထိုသို့လုပ်၍ မရနိုင်။
(ဃ) ထမြောက်သော ခန္ဓာတော်သည် သာမန်ထက် ထူးကဲမှုများစွာ ရှိသော်လည်း ၀ိညာဉ်မဟုတ်၊ အသွင်ပြောင်းသော ခန္ဓာဖြစ်သည် ( ၁ ကော ၁၅း၄၂-၄၄၊ ဖိလိ ၃း၂၁ )။
ထိုသီအိုရီများအပြင် အလောင်းခိုးသီအိုရီ (Theft Theory) နှင့် သင်္ချိုင်းမှားသီအိုရီ ( Unknown Tomb Theory ) များလည်း ရှိသည်။ ခရစ်တော်အလောင်းကို တပည့်တော်များက ခိုးသည်ဟူသော သီအိုရီမှာ ခရစ်တော်ထမြောက်သည့်နေ့တွင်ပင် ပေါ်ပေါက်လာသောသီအိုရီဖြစ်ပြီး ထိုခေတ်ဘာသာရေးဆရာများ၏ ယေရှုအကြောင်း ဇာတ်ဖျောက်ရန် ကြိုးစားခြင်းတစ်ခုသာဖြစ်သည် ( မဿဲ ၂၈း၁၁-၁၅ )။ ထမြောက်တော်မူသည့် နံနက်၌ သင်္ချိုင်းသို့သွားသောအမျိုးသမီးများသည် မိုးမလင်းသေးသောကြောင့် သင်္ချိုင်းမှားကြသည်ဟူသော သီအိုရီမှာ သင်္ချိုင်းကို နောက်တခါ သေချာအောင် ပြန်ကြည့်သော တပည့်တော်နှစ်ယောက်အကြောင်းကို လျစ်လျူရှုထားပုံရသည်( ယောဟန် ၂၀း၁-၈ )။
နိဂုံးချုပ်သော်၊ လူ့ဥာဏ်အားဖြင့် ဆုံးဖြတ်၍ ယုတ္တိရှိမှသာ လက်ခံတတ်သောသူတို့သည် ကျမ်းစကား ယုတ္တိမရှိကြောင်း သက်သေပြရန် ကြိုးစားရာတွင် ယုတ္တိမရှိသော ဇာတ်လမ်းများကိုသာ ပြန်အသုံးပြု သွားကြသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။