Myanmaalinn
"အင်တာနက်ပေါ်မှ ဝေဖန်ပြောဆိုမှုများကို မုန်းတီးသည့် အီမလီယာ"
Game of Thrones စီးရီးဖြင့် နာမည်ကြီးခဲ့သည့် မင်းသမီး အီမလီယာကလာ့ခ်က သူမအနေဖြင့် အင်တာနက်တွင် မိမိအကြောင်း မိမိဖာသာ ပြန်လည်ရှာဖွေ ဖတ်ရှုရခြင်းကို မုန်းတီးစက်ဆုပ်ကြောင်း ပြောကြားလိုက်သည်။ Vs. မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် အသက်(၂၆)နှစ်ရှိ ဗြိတိသျှ မင်းသမီးက အင်တာနက်တွင် ရေးသားထားသည့် အရာများသည် Celebrity တစ်ဦးအတွက် စိတ်ပျော်ရွှင်မှုထက် စိတ်အနှောင့်အယှက် ဖြစ်ရန်သာ ဦးတည်နေစေလိမ့်မည်ဟု ဆိုသည်။
မဂ္ဂဇင်းအတွက် လှပပြီး အမြင်ဆန်းသစ်သော ဓာတ်ပုံများ အရိုက်ခံခဲ့သည့် မင်းသမီးက "ရှင့်အနေနဲ့ ဆရာဝန်ဆီ သွားရင်တောင် ကိုယ့်မှာ ဖျားနာနေတဲ့ အခြေအနေကို သိရဦးမယ်။ Googleမှာတော့ ကိုယ့်အကြောင်းကိုယ် ဘယ်တော့မှ မရှာလေနဲ့။ အင်တာနက်မှာ ရေးထားသမျှက ကိုယ့်အတွက် မျက်ရည်ကျချင်စရာပဲ ဖြစ်နေလိမ့်မယ်"ဟု ပြောကြားခဲ့သည်။
အီမလီယာသည် Game of Thrones ဇာတ်လမ်းတွဲများတွင် နဂါးတို့၏မယ်တော် မင်းသမီးအဖြစ် သရုပ်ဆောင်ထားပြီး AskMen.com၏ (၂၀၁၄)ခုနှစ်အတွက် အမျိုးသားများ စိတ်ကူးအယဉ်ဆုံး မိန်းကလေးများ စာရင်းတွင် သူမကို နံပါတ်(၁)နေရာ၌ ဖော်ပြခဲ့သည်။ အဆိုပါ စာရင်းကို AskMen.com၏ အမျိုးသား စာဖတ်ပရိသတ် (၁)သန်းကျော်က မဲပေးရာမှ စစ်တမ်းပြုစု ထုတ်နုတ်ထားခြင်း ဖြစ်သည်။ သူမသည် Terminator ဇာတ်ကားသစ်တွင် လူစွမ်းကောင်း အမျိုးသမီး ဆာရာကော်နာအဖြစ် ပါဝင်ရမည်ဖြစ်ရာ ယင်းအတွက် မစောင့်နိုင်လောက်အောင် မျှော်လင့် တက်ကြွနေမိကြောင်းလည်း အီမလီယာက ဆိုသည်။
"ဆာရာရဲ့ ဇာတ်ရုပ်က ကျွန်မရဲ့ ငယ်ဘဝကတည်းက သူရဲကောင်းပါ။ ကျွန်မ ငယ်ငယ်ကတည်းက Terminator ဇာတ်ကားတွေ ကြည့်ဖူးတယ်။ ပထမဆုံး ကြည့်တဲ့ဇာတ်ကားက (၈)နှစ်၊ (၉)နှစ် အရွယ်လောက်က ထင်တယ်။ ဆာရာဟာ မိန်းကလေး တစ်ယောက်ရဲ့ အရည်အချင်းတွေအကြောင်း အများကြီး ပြောပြနေသလိုပဲ။ ဆာရာအဖြစ် သရုပ်ဆောင်ရတာဟာ မင်းသမီး တစ်ယောက်အဖြစ် ကျွန်မရဲ့ ဖြတ်သန်းမှုမှာ အကောင်းတကာ့ အကောင်းဆုံး ပိုင်ဆိုင်မှု တစ်ခုလို့ ထင်ပါတယ်"ဟုလည်း သူမက ဖွင့်ဟသွားခဲ့သည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။