မူလတန်းတုန်းက မြန်မာစာသင်ရိုးညွှန်းတန်း စာအုပ်မှာ
သင်ဖူးတဲ့ ပုံပြင်လေးတပုဒ်ရှိခဲ့ဖူးတယ်။ လုံးစေ့ပတ်စေ့ အသေးစိတ် မမှတ်မိတော့ပေမယ့်
ပုံပြင်က ပေးချင်တဲ့ အကြောင်းအရာကိုတော့ မှတ်မိနေပါသေးတယ်။
ပုံပြင်ထဲမှာ ရှင်ဘုရင့်သား(၃)ယောက်လား၊
သူဌေးသား(၃)ယောက်လားတော့ သေသေချာချာ မမှတ်မိတော့ဘူး။ (၃)ယောက်တော့ (၃)ယောက်ပဲ။
မင်းညီမင်းသားပဲ ထားပါတော့လေ ။
အဲသည့် (၃)ယောက်က တောလိုက်ထွက်ကြရင်း
လမ်းပျောက်သွားတယ်။
တောထဲမှာ အမဲရှာလို့ရလာတဲ့
မုဆိုးတယောက်နဲ့တွေ့တယ်။ ဗိုက်ဆာနေပြီဖြစ်တဲ့ သူတို့(၃)ယောက်စလုံးက မုဆိုးပစ်လာတဲ့
အမဲကောင်ရဲ့ အသားကိုလိုချင်ကြတယ်။ ဒီမှာတင်ပဲ ပထမဆုံး အကြီးဆုံးမင်းသားက မုဆိုး “
ဟဲ့မုဆိုး၊ ငါ့အား အသားနည်းနည်း ပေးလော့ “ လို့ တောင်းသတဲ့။
ဒုတိယ မင်းသားကတော့ “အကိုမုဆိုး ကျွန်ုပ်အား
အသားနည်းနည်း ပေးပါ” လို့ တောင်းသတဲ့။
တတိယ မင်းသားကတော့ “ အဆွေမုဆိုး ကျွန်ုပ်အား
အသားနည်းနည်းပေးပါလို့” တောင်းသတဲ့။
ဒီအခါမှာ မုဆိုးက အခုလို ပြောပြီး အသား အသီးသီးကို
ပေးသတဲ့။
ပထမ မင်းသားဟာ ကြမ်းတမ်း ခက်ထန်သော စိတ်သဘောရှိ၍
ကြမ်းတမ်းခက်ထန်သော စကားကို ဆိုသောကြောင့် သူ့စကားနဲ့ လိုက်လျောညီထွေစွာ
ကြမ်းတမ်းသော အရွတ်များပါသော အသားကို ပေးတယ်။
ဒုတိယ မင်းသားကတော့ သူ့ကို ညီအကိုလို သဘောထားတဲ့
အတွက် ညီအကိုမောင်နှမနှင့်တူသော အမဲကောင်ရဲ့ ခြေလက်တို့မှ ပေါင်သားတို့ကို
ပေးသတဲ့။
တတိယ မင်းသားကတော့ သူ့ကို အဆွေခင်ပွန်းကောင်းလို
သဘောထားတဲ့အတွက် လောကမှာ အဆွေခင်ပွန်းကောင်းမည်သည် အရေးကြုံလာပါက ဦးခေါင်းလိုလည်း
အားကိုးရသည်။ ခန္ဓာကိုယ်လိုလည်း အားကိုးရတယ်။ နားမျက်စိခြေလက် စသည်တို့လိုလည်း
အားကိုးလို့ရသည်ဆိုပြီး အမဲတကောင်လုံးကို ပေးလိုက်သတဲ့။
အဲသည့်ပုံပြင်ကို မူလတန်းဘဝတုန်းက ကောင်းကောင်း
နားမလည်ခဲ့ပါဘူး။ ငါသာ မုဆိုးဆိုရင်တော့ ညီအကိုမောင်နှမလို သဘောထားတဲ့သူကို
အကောင်းဆုံး ပေးမှာပဲလို့ တွေးခဲ့ဖူးပါတယ်။
ဒါပေမယ့် လောကရဲ့ လမ်းမျိုးစုံကို
လျှောက်ဖူးပြီးခဲ့တဲ့အချိန်ကျတော့ မိတ်ဆွေတကယ်ကောင်းရင် ဆွေမျိုးမောင်နှမ
လိုက်မမီတာတွေကို ကိုယ်တိုင်တွေ့ကြုံခံစားလာရတယ်။
မိတ်ဆွေကောင်းတယောက်ရဲ့ တန်ဖိုးဟာ လောကမှာ
တော်တော့်ကို အဖိုးတန်ပါလားဆိုတာ တစတစ သိလာရတယ်။
ကျွန်ုပ်ပတ်ဝန်းကျင်မှာ မိဘများမရှိတော့လို့
မောင်နှမအချင်းချင်း အနိုင်အထက်ပြု အမွေလုပြီး တရားရုံးရောက်လို့ မိတ်ဆွေကောင်းတွေက
ကူညီပေးခဲ့တာကို ခဏခဏမြင်တွေ့ခဲ့ရတယ်။
သေခန်းပြတ်ဆိုပြီး မောင်နှမချင်း
ရက်စက်နိုင်ကျလို့ မိတ်ဆွေကောင်းအိမ်မှာ ခေါ်တင်ကျွေးထားရတာမျိုးလည်း တွေ့ဖူးတယ်။
အဲလို သိလာတာနဲ့အမျှ မိတ်ဆွေကောင်းကို ပိုပိုမက်မောလာတယ်။
ဒီမှာတင်ပဲ မိတ်ဆွေလည်းငတ်၊
မြန်မာအပေါင်းလည်းငတ်သူတယောက်အနေနဲ့ ခင်ပွန်းသည်(အဲသည့်တုန်းကတော့
သမီးရည်းစားပေါ့နော်) ရဲ့ အကြံပေးချက်အရ face book account
တခုဖွင့်ဖြစ်ခဲ့ပါတယ်။
Face bookကို လူအမျိုးမျိုးက
ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သုံးကြပါတယ်။
အွန်လိုင်းနိုင်ငံရေးလှုပ်ရှားဖို့၊
ခံစားချက်တွေရေးဖို့၊ အပျော်ရည်းစားထားဖို့၊ သတင်းတွေ ဖတ်ဖို့၊
ပေါ်ပြူလာဖြစ်ချင်လို့၊ သူများတကာကို ပေါ်တင်မပြောရဲလို့ မဟုတ်ကဟုတ်ကတွေ
အပုပ်ချချင်လို့၊ မိတ်ဆွေသူငယ်ချင်းလိုချင်လို့၊ ဘာရယ်မဟုတ်ဘူး သူများဖွင့်လို့
ကိုယ်လိုက်မဖွင့်ရင် ခေတ်မမီဘူးဖြစ်မှာစိုးလို့…စသဖြင့် စသဖြင့်
ရည်ရွယ်ချက်မျိုးစုံနဲ့ accountဖွင့်ပြီး သုံးကြပါတယ်။
ကျွန်ုပ်ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။
မိတ်ဆွေကောင်းတွေလိုချင်လို့၊ မြန်မာပြည်နဲ့
အဆက်အသွယ်ရချင်လို့၊ ကမ္ဘာတဝှမ်းမှာ ရှိကြတဲ့ မြန်မာတွေနဲ့ ကောင်းသော
သိကျွမ်းခြင်းနဲ့ သိကျွမ်းချင်လို့ပါ။
ကျွန်ုပ်အနေနဲ့ အွန်လိုင်းပေါ်မှာ တွေ့တဲ့
မိတ်ဆွေတွေပဲဆိုပြီး ဘယ်သူတဦးတယောက်ကိုမှ ပေါ့ပေါ့တန်တန် သဘောမထားခဲ့ပါဘူး။
အားလုံးကို ခင်ချင်ပါတယ်။ ဘယ်သူ့ကိုမှလည်း စပြီး
မစော်ကားခဲ့ဖူးပါဘူး။ အယူအဆမတူလို့ စကားအခြေအတင် ပြောဖြစ်တာလောက်တော့
ရှိခဲ့ဖူးပါတယ်။
ကိုယ့်ကို အသားလွတ် စော်ကားရင်တော့ စွာတော့တာပါပဲ။
ဒါဟာလည်း စော်ကားသူကို လူသားတယောက်လို့ သဘောထားသေးလို့ပါ။ ပရိုဖိုင်မရှိဘာမရှိနဲ့
အသားလွတ် လာစော်ကားရင်တော့ ဘယ်လိုမှ မတုန့်ပြန်တော့ပါဘူး။ လူလို့လည်း
သဘောမထားတော့တဲ့အတွက်ပါ။
မိတ်ဆွေ ဖြစ်မိပြီဆို လည်းအတတ်နိုင်ဆုံး သူ့အတွက်
ကိုယ်ကမိတ်ဆွေကောင်းဖြစ်နိုင်အောင် ကြိုးစားပြီးနေတယ်။ ကိုယ့်မိတ်ဆွေတွေကိုလည်း
တကယ်ရင်းရင်းနှီးနှီး စိတ်နဲ့ စိတ်ထဲရှိသမျှ၊ ကိုယ်လုပ်နေသမျှ၊ ခံစားရသမျှ၊
ကြားရသမျှ၊ သိရသမျှတွေကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောတော့တာပဲ။
ဒါကြောင့် ကျွန်ုပ် account ဟာ
၁၂မျိုးဂျင်းသုပ်လိုပဲ အကြောင်းအရာတွေ အစုံဖြစ်နေပါတယ်။
ကိုယ့်ခံယူချက်လည်း ရေးတာပဲ။
ချစ်တဲ့အကြောက်းလည်းရေးတာပဲ။
နိုင်ငံရေးလည်း ရေးတာပဲ။ ကဗျာတွေလည်း ကောင်းကောင်း
မကောင်းကောင်း စပ်လိုက်တာပဲ။
ပုံတွေဆိုလည်း ဆွဲလိုက်တာပဲ။
စာတွေလည်း ရေးလိုက်တာပဲ။
လွမ်းစရာရှိလည်း လွမ်းလိုက်တာပဲ။
သီချင်းတွေလည်း တင်ပစ်လိုက်တာပဲ။
နည်းနည်းလေး လှူလည်း မိတ်ဆွေတွေ ဝမ်းသာအားရ
သာဓုခေါ်ရအောင် တင်လိုက်တာပဲ။
ဟိုရောက်တယ် ဒီရောက်တယ်ဆိုတဲ့ ဓါတ်ပုံတွေလည်း
ပဲအပြည့်နဲ့ မမောတမ်း မပမ်းတမ်း တင်တာပဲ။
ကိုယ့် wallမှာ လာစနောက်သူတွေကိုလည်း အားရပါးရကို
ပြန်ပြီး စလိုက် နောက်လိုက်တာပဲ။
အဲဒါတွေ အဲဒါတွေ အားလုံးဟာ ကျွန်ုပ်face book
accountမှာရှိတဲ့ မိတ်ဆွေတွေကို စိတ်ရင်းနဲ့ ခင်မင်မိလို့ပါ။ ဒါပေမယ့်
လူတိုင်းကတော့ ကျွန်ုပ်သဘောထားသလို ကျွန်ုပ်ဆီ ပြန်မလာတတ်ကြပါဘူး။
ဒါကြောင့် တချို့က ကျွန်ုပ်ကို
ပေါ်ပြူလာဖြစ်ချင်တယ်လို့ စွပ်စွဲတယ်။
လူကြော်ငြာနေတယ်လို့ အပြောခံရတယ်။
face bookနဲ့ နိုင်ငံရေးလုပ်တယ်ဆိုတာလည်း
ပါရဲ့။
ဆရာမကြီးလေသံနဲ့ဆိုပြီး နေရင်းထိုင်ရင်း
တပည့်ခံချင်စိတ် မကင်းသူတွေက ကိုယ့်စိတ်နဲ့ နှိုင်းပြီးလည်း ရိုင်းဖူးတယ်။
အကယ်၍ သူတို့ ပြောကြသလို လူကြော်ငြာတော့ရော၊
ကျွန်ုပ်ပေါ်ပြူလာဖြစ်တော့ရော ကျွန်ုပ်ဘာရမည်နည်း၊ ကျွန်ုပ်ဘာဖြစ်လာမည်နည်း။
ဘာမှလည်းမရဘူးနော်။ ဘာမှလည်း ဖြစ်မလာဘူး။ ကျွန်ုပ်မလည်း ယောကျာင်္းကြီးငုတ်တုတ်နဲ့။
ဆံပင်ဖြူ ငုတ်စိတွေနဲ့။
အွန်လိုင်းပေါ်ကနေ နိုင်ငံရေးလုပ်တယ်ဆိုရအောင်လည်း
ကျွန်ုပ်ကFace book accountလေးတခု အရင်းပြုပြီး လွှတ်တော်အမတ်လုပ်၊ ပါတီထောင်ဖို့
ရည်ရွယ်ချက်မရှိပါ။ အစီအစဉ်လည်း မရှိပါ။ အဲသည်လို အရည်အချင်းမျိုးး ရှိတယ်လို့လည်း
ကိုယ့်ကိုကိုယ် မထင်ပါ။ အခုချိန်ထိတောင် နိုင်ငံခြားမှာပဲရှိနေပါသေးတယ်။
ဒါကြောင့် ကျွန်ုပ်အနေနဲ့ ကျွန်ုပ် account မှာ
ရှိနေတဲ့ account ပိုင်ရှင်များကို ကိုယ့်မိတ်ဆွေတွေလို သဘောထားပြီး
လွတ်လပ်ပွင့်လင်းစွာ ကိုယ့်wallပေါ်ကနေ ကိုယ့်မိတ်ဆွေကို ဒီနေ့တော့ ဘာဖြစ်တယ်၊
ဟိုနိုင်ငံကတော့ ဘယ်လို၊ ကျွန်ုပ်ကတော့ ဘယ်မင်းသားလေးကို ကြိုက်တယ် ဟိဟိ စသဖြင့်
ရင်းနှီးပွင့်လင်းစွာ ဟန်ဆောင်မှုကင်းစွာ ယဉ်ကျေးမှု အတိုင်းအတာ ဘောင်ထဲက
ပြောဆိုရေးသားခြင်းများကို ပြုလုပ်နေခြင်းဖြစ်သလို၊ ဆက်လက်ပြီးလည်း
ပြုလုပ်သွားဦးမှာဖြစ်ပါတယ်။
မိတ်ဆွေစစ် မိတ်ဆွေကောင်း လိုချင်တဲ့
ကျွန်ုပ်အနေနဲ့လည်း ကိုယ့်ဘက်က သူတပါးအပေါ် မိတ်ဆွေစစ်
မိတ်ဆွေကောင်းတယောက်ဖြစ်နိုင်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားပြီးနေပါတယ်။ အစစအရာရာ
မိတ်ဆွေအတွက် မဖြည့်စွမ်းပေးနိုင်ပေမယ့် မိတ်ဆွေကိုတော့ ကိုယ့်ကြောင့်
ဒုက္ခရောက်ရတဲ့ အဖြစ်မျိုးမဖြစ်အောင် အတတ်နိုင်ဆုံး ဆင်ခြင်ပြီးနေတယ်။
မှားသွားခဲ့ရင်လည်း အလေးအနက်တောင်းပန်တဲ့
အကျင့်ကို ကျင့်ဖြစ်အောင် သတိထားတယ်။ မိတ်ဆွေရဲ့ မကောင်းကြောင်းကို ဘယ်နေရာ
ဘယ်အချိန်မှာမှ ဘယ်လိုနည်းနဲ့မှ မပြောဘူး။ သူတပါးကပြောလာရင်လည်း အတတ်နိုင်ဆုံး
ကိုယ့်မိတ်ဆွေကို မကျေနပ်နေတဲ့သူကို နားလည်အောင် ၇ှင်းပြတယ်။ ကိုယ့်မိတ်ဆွေကို
မကောင်းပြောနေတာ၊ သားပုပ်လေလွင့်ပြောနေတာကို ထောက်ခံပြောခြင်း၊
အားပေးခြင်းဆိုတာမျိုးကို စိတ်နဲ့တောင် မလုပ်မိအောင်နေပါတယ်။
ဒီနေ့ကတော့ မွေးနေ့လည်းဖြစ်တော့ အမှတ်တရအနေနဲ့
face bookပေါ်မှာရော၊ အပြင်မှာရော ခင်မင်ရတဲ့ မိတ်ဆွေအားလုံးကို ကျွန်ုပ်ရဲ့
စိတ်သဘောထား၊ ခံယူချက် တခုကို ပြောပြလိုက်ပါတယ်။
(ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး
အပြစ်နည်းအောင် ကြိုးစားနေသူတယောက်အတွက် သူတပါးကို အပြစ်ပြောဖို့
အချိန်မရှိပါ)
လောကမှာ မိတ်ဆွေကောင်းသာ တကယ်ရခဲ့ရင် တကယ်ကို
တန်ဖိုးမဖြတ်နိုင်ပါဘူး။
တကယ့်မိတ်ဆွေစစ် မိတ်ဆွေမှန်များကို
တန်ဖိုးထားလျက်………..
အေးနန္ဒာအောင် (ဂျပန်)
2012.Nov.13
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။