အခုတလော ကျောင်းဆရာ/ ဆရာမတွေရဲ့ ကျင့်ဝတ်နဲ့
ပတ်သက်ပြီး ဖေ့ဘွတ်ပေါ်မှာ ဝေဖန်ချက်၊ သုံးသပ်ချက်၊ ချုံ့ချချက်တွေ
အများအပြားထွက်လာပါတယ်။
ဒါတွေ မြင်တိုင်း ကျွန်တော် စိတ်မကောင်းပါ။
ရင်ထဲမှာ ဆို့ဆို့နစ်နစ်ခံစားရပါတယ်။ ကျွန်တော့်မှာက ဆရာ/ဆရာမတွေကို အချစ်ကြီးတဲ့
ခံစားချက်ရှိခဲ့တာကြောင့်ပါ။
အခုလက်ရှိအချိန်မှာ တွေ့နေ၊ မြင်နေ၊ ကြားနေရတဲ့
အသပြာဆရာမတွေ၊ ဒေါသကုမ္မာရဆရာမျိုးတွေကို ကျွန်တော်တစ်ခါမှ မကြုံခဲ့ဖူးပါဘူး။
ကျွန်တော့်ဘ၀တစ်လျှောက်လုံးမှာ စေတနာ၊ ၀ါသနာ၊
အနစ်နာနဲ့ နာသုံးနာ ပြည့်ဝတဲ့ ဆရာတွေ၊ ဆရာမတွေကိုပဲ
ဆုံခဲ့ကြုံခဲ့ရတာဖြစ်ပါတယ်။
အခုလို နှလုံးသားမနူးညံ့တဲ့ အသပြာဆရာမတွေ
အကြောင်းကြားတဲ့အခါ ဟုတ်ကောဟုတ်ရဲ့လား.. ဖြစ်ကောဖြစ်နိုင်ပါ့မလား.. ဒီလောက်တောင်
ရက်စက်ရမလားလို့ မယုံရဲရဲနဲ့ စိတ်မကောင်းကြီးစွာ ခံစားရပါတယ်။
ကျွန်တော်က မတွေ့ဖူး၊ မမြင်ဖူးဘူးဆိုပေမယ့်
တွေ့နေ..မြင်နေ. ကြုံနေရတဲ့ လူတွေက အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ဆန္ဒဇော...
ဒေါသဇောကပ်နေတဲ့ ဆရာတွေကို တင်ပြတာ မြင်ရတဲ့အခါ “ဆရာဆိုတာ အနန္တောအနန္တ ဂိုဏ်းဝင်”
ပါလို့ ခြေကန်ပြီး ငြင်းဖို့ ခက်ရပါတယ်။
ဒါဟာ ကျွန်တော်တို့ ဗုဒ္ဒဘာသာ နိုင်ငံအတွက်
အယုတ်တရားတစ်ခု ဖြစ်ပါတယ်။
ခေတ်..စနစ်အပြောင်းအလဲမှာ .. ဘုရားနဲ့
တစ်ဂိုဏ်းထဲထားရတဲ့ အနန္တောအနန္တ ငါးပါးဝင် ဆရာ ဆရာမတွေ ဂုဏ်ပျက်ပြီး အများတကာ
မေးငေါ့စရာဖြစ်လာတာမျိုးက ကြေကွဲစရာပါ။
ကျွန်တော်က ဆရာ/ ဆရာမလို့ ပြောလိုက်တာနဲ့
ချွင်းချက်မရှိ ကျေးဇူးရှင်၊ အနန္တောအနန္တဂိုဏ်းဝင်၊ ယုံကြည်ကိုးစားစရာလူများအဖြစ်သာ
သက်မှတ်ချင်ပါတယ်။
ဒါကြောင့်ပဲ.. ဆရာတွေ ..ဆရာမတွေ အတွက်ကော ..
ကျောင်းသားကျောင်းသူတွေအတွက်ကော .. ကျောင်းသားမိဘတွေအတွက်ကော ရည်ရွယ်ပြီး ဒီစာကို
ရေးပါတယ်။
ကျွန်တော့်ဘ၀မှာ တွေ့ကြုံဖူးတဲ့ ဆရာ/
ဆရာမတွေကတော့ အားနည်းချက်တစ်စုံတစ်ရာကိုမှ ထောက်ပြစရာမရှိအောင်
ပြည့်စုံသူတွေဖြစ်ပါတယ်။
အရာရာ ပြည့်ဝသူ.. စေတနာ၊ အနစ်နာ၊ ၀ါသနာ အလုံးစုံ
အလုံးစုံ ပြည့်ဝသူများသာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ခေတ်ကာလ ဆရာတွေရဲ့ အားနည်းချက်ကို
ထောက်ပြထားတဲ့ ပို့စ်တွေနဲ့ ကွဲလွဲတဲ့ အကြောင်းအရာလေးတွေကို
ပြောပြချင်စိတ်ပေါ်လာပါတယ်။
ကျွန်တော်ကတော့ ချစ်စရာ၊ လေးစားစရာ၊
ကိုးကွယ်ယုံကြည်ချင်စရာ ဆရာတွေအကြောင်းကို ရေးပြချင်တာဖြစ်ပါတယ်။
ဒီလိုပါ.......
-----------------------------------
ကျွန်တော်က နယ်မြို့လေးတစ်မြို့မှာ
ကြီးပြင်းလာခဲ့သူ တစ်ယောက်ပါ။
ကျွန်တော်တို့မြို့လေးရဲ့ အလယ်ကောင်မှာ
မြစ်ချောင်းတစ်ခု စီးဆင်းနေပါတယ်။ မြို့ကို နှစ်ပိုင်းပိုင်းထားသလိုပေါ့။
ဒါကြောင့် ကိုယ့် မြို့သားအချင်းချင်း
စကားပြောတဲ့အခါ .. တောင်ဘက်ကမ်း.. မြောက်ဘက်ကမ်းလို့ ကိုယ်စားပြုပြီး
ပြောလေ့ရှိပါတယ်။
ကျွန်တော်နေတာက မြို့ကလေးရဲ့
မြောက်ဘက်ခြမ်းပါ။
ကျွန်တော်တို့ နေတဲ့ အခြမ်းက ယေဘုယျအားဖြင့်
လူလတ်တန်းစားတွေနဲ့ အခြေခံလူတန်းစားတွေများပါတယ်။ တောင်ဘက်အခြမ်းကတော့ ကြေးရတတ်တွေ
အများဆုံး နေထိုင်တယ်ဆိုပါတော့။
သဘာဝကျစွာနဲ့ပဲ မြို့ကလေးရဲ့
ဖွံ့ဖြိုးမှုတွေအားလုံးနီးပါးက ကျွန်တော် မနေထိုင်တဲ့ မြို့ရဲ့ ဟိုဘက်အခြမ်းမှာပဲ
စုပုံနေလေ့ရှိပါတယ်။
ဥပမာ... ဘုရားတွေ၊ တိုက်တာတွေ၊ ဈေးကြီးတွေ၊
ရုပ်ရှင်ရုံတွေ .. အပန်းဖြေစရာ စခန်းတွေပေါ့။
အဲဒီလိုပါပဲ... စာသင်ကျောင်းဆိုရင်လဲ
အထက်တန်းစာသင်ကျောင်းတွေက မြို့ရဲ့ တောင်ဘက်ခြမ်းမှာပဲ ရှိပါတယ်။
အခြေခံပညာ အမှတ် (၁)အထက်တန်းကျောင်း၊ ၊ အခြေခံပညာ
အမှတ် (၂) အထက်တန်းကျောင်းဆိုတာတွေက ဟိုဘက်အခြမ်း။
ကျွန်တော်နေထိုင်တဲ့ မြို့ရဲ့ ဒီဘက်..
မြောက်ဘက်ခြမ်းမှာတော့ အကြီးဆုံးကျောင်းဆိုတာက အလယ်တန်းပဲ ရှိပါတယ်။
ရှစ်တန်းအောင်တဲ့ ကျောင်းသားတွေကတော့ မြို့ရဲ့
တောင်ဘက်ခြမ်းက အထက်တန်းကျောင်းတွေကို ပြောင်းတက်လေ့ရှိပါတယ်။
ကျွန်တော်တို့ ကျောင်းလေးကို
အခြေခံပညာအလယ်တန်းကျောင်း (အ-လ-က - ၈) လို့ ခေါ်ပါတယ်။
မြောက်ဘက်အခြမ်းမှာ နေထိုင်သူတိုင်းအတွက်
တစ်ခုတည်းသော အားထားစရာ အလယ်တန်းကျောင်းပါ။ အခြားအလယ်တန်းကျောင်းလည်း
မရှိပါဘူး။
ဆင်းရဲတယ်။ ချို့တဲ့တယ်။ ဒါပေ့မယ့်...
ကျွန်တော်တို့ ကျောင်းလေးက မြို့မှာ နာမည်ရပါတယ်။
ဒီကျောင်းက ထွက်တဲ့ ကျောင်းသားက
အခြေခံပညာအရည်အချင်းတွေ ပါသလို.. ဒီကျောင်းမှာ သင်တဲ့ ဆရာ၊ ဆရာမတွေက
ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ စေတနာကောင်း... အသင်ကောင်း...အပြကောင်း
ဆရာတွေအဖြစ် အသိအမှတ်ပြုခံရပါတယ်။
မနက်မိုးလင်းကျောင်းတတ်ချိန်မှာ မောင်ဗမာစက်ဘီး၊
ဆိတ်ငါးကောင်စက်ဘီးအစုတ်ကလေးတွေနဲ့ ကျောင်းတတ်လာတဲ့ ဆရာ/ ဆရာမတွေဟာ
လက်ဘက်ရည်ဆိုင်မှာ ဘယ်တော့မှ ပိုက်ဆံရှင်းရတယ်ဆိုတာ (မရှိသလောက်ရှားပါတယ်)
မရှိပါဘူး။ ကြုံတဲ့ ကျောင်းသားမိဘက အတင်းဝင်ရှင်းရင်ရှင်း၊ မရှင်းရင်လည်း
လက်ဖက်ရည်ဆိုင် ပိုင်ရှင်တွေကကို အလကားတိုက်လွှတ်လိုက်တာပါ။ ဘာလို့လဲဆိုတော့ သူတို့
သားသမီးတွေက ဒီကျောင်းလေးမှာ စာသင်ခဲ့သူတွေချည်းမို့ပါပဲ။
ဆရာတွေ . ဆရာမတွေကိုလည်း အင်မတန်ကို တလေးတစားနဲ့
ဆက်ဆံကြပါတယ်။
ကိုယ့် သားသမီးကို စာသင်ပေးတဲ့ ဆရာနဲ့တွေ့ရင်
လက်ကလေး နောက်ပစ်၊ ခါးကလေးကိုင်းပြီး ရိုရိုသေသေပြောတတ်တဲ့ မိဘတွေကို
ကျွန်တော်တို့မြို့ကလေးမှာ ဂုဏ်ယူဖွယ်ရာ တွေ့မြင်နိုင်ပါတယ်။ တကယ်တော့ လေးစားမှု
ခံရတယ်ဆိုတာ ပြည့်ဝမှုရှိတဲ့သူတွေ အတွက်ပဲ မဟုတ်လား။
ကျွန်တော်တို့ ကျောင်းရဲ့ ဆရာ၊ ဆရာမတွေက
ကျောင်းသား မိဘပြည်သူ အချစ်ခံရတဲ့ ဂုဏ်ယူစရာ ဆရာတွေဖြစ်ပါတယ်။
ဒီလို ဂုဏ်ယူစရာ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေ၊
ကျောင်းဆရာတွေကို မွေးထုတ်ပေးခဲ့တာက ကျွန်တော်တို့ကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး
ဦးဌေးမြင့်ပါ။
သူက ဘာသာခြား အစ္စလာမ်ဘာသာ ကိုးကွယ်သူ
မွတ်စလင်လူမျိုးတစ်ယောက်ပါ။ မောင်နှမ နှစ်ယောက်ပဲ ရှိတာဖြစ်ပြီး ဆရာကြီးရဲ့
ညီမလေးကလည်း ကျွန်တော်တို့ကျောင်းက ဆရာမတစ်ယောက်ပါပဲ။ နှစ်ယောက်စလုံးက လူပျိုကြီး
အပျိုကြီးတွေပါ။
ထင်ပေါ်ကျော်ကြားမှု၊ ငွေကြေးပြည့်စုံမှုတွေ မရှိဘဲ
ရိုးသားအေးချမ်းတဲ့ ဘ၀ပိုင်ရှင် မောင်နှမနှစ်ယောက်အဖြစ် အမှတ်ရမိပါတယ်။
ကျွန်တော်တို့ ကျောင်းလေးမှာ ကျွန်တော်က စာတော်တဲ့
ကျောင်းသားစာရင်းဝင်ပါတယ်။
ဒါပေမယ့် ဆရာကြီး ကျွန်တော့်ကို
အမှတ်တရရှိစေတဲ့အကြောင်းကတော့ စာတော်တာကြောင့် တစ်ခုတည်းမဟုတ်ပါဘူး။
ပြဿနာရှာတတ်သူ၊ ပြောင်တောင်တောင်နောက်တောက်တောက်နေတတ်သူ၊ ကဗျာရေးစာရေးကောင်းသူ၊
အားကစားထူးချွန်သူ တစ်ယောက်အဖြစ်သိခဲ့တာပါ။
နှစ်တန်းကျောင်းသားဘ၀ကတည်းက အလံတိုင်ရှေ့မှာ
ခဏခဏခေါ်ပြီး အရိုက်ခံရတဲ့ ကျောင်းသားတစ်ယောက်ကို
ဆရာကြီးအမြဲအမှတ်ရနေမယ်လို့ထင်ပါတယ်။
ကျွန်တော်က ဆရာကြီးရိုက်ပြီး ဆုံးမတာကို မကြာခဏ
ခံရတဲ့ ကျောင်းသားတစ်ယောက်ပါ။ ကျွန်တော်နဲ့ ဆရာကြီးဦးဌေးမြင့်ရဲ့ ကြားထဲမှာ
သတိရစရာအဖြစ်အပျက်တွေ တော်တော်များများရှိပါတယ်။ ဆရာကြီးကိုယ်တိုင်ကလည်း
ကျွန်တော့်ကို ဆိုးသလောက် အားကိုးရတဲ့ကောင်လို့ မှတ်ချက်ချခဲ့ဖူးပါတယ်။
ဆရာကြီးနဲ့ ကျွန်တော်ရဲ့ကြားက မှတ်မှတ်ရရ
အဖြစ်အပျက်ကလေးက ဒီလိုပါ။
တစ်ရက်က .. ကျောင်းသားအားကစားပွဲတော်တွေ
ခေတ်စားချိန်မှာ အသက် ၁၃ နှစ်အောက် ဘောလုံးလူရွေးပွဲကို လုပ်ပါတယ်။
ကျောင်းရှေ့က ဘောလုံးကွင်းမှာ
ဆရာကြီးဦးဌေးမြင့်ကိုယ်တိုင်လူရွေးခဲ့တာပါ။ ဘောလုံးကန် ၀ါသနာပါတဲ့ ကျွန်တော်လည်း
ဝင်အရွေးခံပါတယ်။
ကျွန်တော်က ဘောလုံးနဲ့ ပတ်သက်ရင် အရူးအမူးပါ။
ညနေတိုင်းကွင်းထဲမှာ ကန်နေကြမို့ ဘောလုံးကန်လည်းကောင်းပါတယ်။
ဒါကြောင့် ဘောလုံးလူရွေးပွဲတွေမှာ ဘယ်တုန်းကမှ
ပြုတ်တယ်ဆိုတာ.. မရှိပါဘူး။ အမြဲလိုလို အရွေးခံရပါတယ်။
အရင်ကတော့ ဘောလုံးလူရွေးရင် တခြား ဆရာတစ်ယောက်က
လူရွေးတာပါ။ ကျွန်တော်တို့ကျောင်းသားပွဲတွေမှာ နည်းပြလုပ်တဲ့ ဆရာပေါ့။
ဒီတစ်ခါတော့ ကျောင်းအုပ်ကြီးကိုယ်တိုင်
လူရွေးပါတယ်။ ဆရာကြီးကိုယ်တိုင် ရွေးမှာဆိုတော့ ကျွန်တော် အဲဒီလူရွေးပွဲမှာ
အရမ်းကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော်မသိလိုက်တာက ဘောလုံးနဲ့
ပတ်သက်ရင်တော့ ကျောင်းအုပ်ဆရာကြီးဟာ သူလည်း မကန်တတ်သလို ဘာမှလည်း
နားမလည်ဘူးဆိုတာပါပဲ။
အဲဒါကလည်း အဲဒီလူရွေးပွဲနေ့ကျမှ သိတာပါ။
သူက တစ်ဖက်ကို (၁၁) ယောက်ခွဲကန်ခိုင်းပါတယ်။
သိတဲ့အတိုင်း ကျောင်းတက်ချိန်တွေကို ဖျက်ပြီး
လူရွေးပွဲလုပ်တာဆိုတော့ ၀ါသနာ ပါပါ မပါပါ.. ကန်တက်တက် မကန်တတ်တတ်
ကျောင်းသားအားလုံးနီးပါး ၀င်အရွေးခံကြပါတယ်။ အရွေးမခံရဘူးဆိုရင်တော့ အနည်းဆုံးတော့
အခန်းထဲမှာ စာမသင်ရဘဲ ဘောလုံးကွင်းထဲမှာ ကမြင်းခွင့်ရလို့ပါ။
ဒီလိုနဲ့ ကျောင်းသားတော်တော်များများ
ဝင်ပြီးအရွေးခံပါတယ်။
ကလေးအရွယ်တွေဆိုတော့ ဘောလုံးကန်နေကျလူတွေလို
နောက်တန်း၊ ရှေ့တန်း၊ အလယ်တန်းရယ်လို့ ကိုယ်တာဝန်ကျတဲ့နေရာမှာ သက်သက်မှတ်မှတ်
မကန်တတ်ကြပါဘူး။
ဘောလုံးရှိတဲ့နေရာကို စုပြုံတိုးပြီး ကစားကြပါတယ်။
အဲဒီတော့ တကယ်ကန်တတ်တဲ့ လူတွေ ဒုက္ခရောက်တာပေါ့။
ဘောလုံးတစ်လုံးကို လူအယောက်နှစ်ဆယ်လောက်
ဝိုင်းလုနေတော့ ကိုယ့်အစွမ်းအစလဲ ပြလို့မရဘူး။
ဒီကြားထဲ ပြီးတော့ ဆရာကြီး လူရွေးချယ်တာကိုလည်း
စိတ်ပျက်စရာပါ။
ဂိုးသွင်းတဲ့လူတိုင်းကို
လက်ရွေးစင်အဖြစ်ရွေးပါတယ်..တဲ့။
ဘောလုံးက ရောက်ချင်တဲ့နေရာရောက်၊
ကန်တဲ့ကောင်တွေကလည်း ကိုယ့်ခြေထောက်နဲ့ ထိရင်ပြီးရော လိုက်ကန်။
ဂိုးရှေ့ရောက်လို့ ကြုံးကန်ပြီး
ဝင်အောင်သွင်းနိုင်ရင် ဘယ်သူမဆို လက်ရွေးစင်အဖြစ်ရွေးတယ်ဆိုတော့
တကယ်စိတ်ညစ်စရာကောင်းပါတယ်။
ကျောင်းအုပ်ကြီးကိုယ်တိုင် ကိုင်တွယ်နေတဲ့
ကိစ္စမို့ အရင် အတွေ့အကြုံရှိတဲ့ ဆရာလဲ ဘာမှ ၀င်မပြောသာပါဘူး။ ဘေးမှာ
ငုတ်တုပ်ပါပဲ။
ဒါပေမယ့် ကျွန်တော်က လင်းရောင်ပါ။ ဒီလို
ကိစ္စမျိုးကို ဘယ်တုန်းကမှ ငြိမ်မခံပါဘူး။
ငြိမ်ခံနေရင်လည်း ကျွန်တော်အရွေးခံရမှာ
မဟုတ်ဘူးမို့လား။ ကန်နေရင်းတန်းလန်းကနေ ကွင်းထဲက ထွက်ပြီး ဆရာကြီးဆီ
သွားကန့်ကွက်ပါတယ်။
“ဆရာကြီး”
“ဟေ..မင်းကို မရွေးရသေးဘူး .. ဘာလို့
ထွက်လာတာလဲ”
“ဆရာကြီးလုပ်ပုံက ဟုတ်မှ မဟုတ်တာ”
“ဟေ.. ဘာ မဟုတ်တာလဲ”
“လူရွေးတာ ဒီလို ရွေးလို့ ရမလားဆရာကြီးရဲ့..
ဂိုးသွင်းတိုင်းရွေးနေမယ်ဆိုရင်တော့ .. ဂိုးသမားပါ ရွေးမနေနဲ့ ”
“ဟေ...”
“ဒီလို ကန်တင်ပြေး၊ စုပြုံတိုးကစားပြီး
ဂိုးသွင်းတိုင်း ရွေးနေမယ်ဆိုရင်တော့ ကျွန်တော်တို့ မကန်တော့ဘူး.. ထွက်မယ်”
ကျွန်တော် တကယ်အဲဒီအတိုင်းပြောခဲ့တာပါ။
ဆရာကြီးလည်း မျက်လုံးပြူးသွားပါတယ်။
အဲဒီလို ကျွန်တော်ပြောနေတော့မှ ဘေးက အရင်
လူရွေးနေကြ နည်းပြဆရာလည်း မနေနိုင်တော့ပါဘူး။ ကျွန်တော့်ဘက်က ၀င်ပြောပါတယ်။
ဟုတ်တယ်..ဆရာကြီး..ဒီကောင်တွေက အမြဲတမ်း
ဘောလုံးကစားနေတာ.. ဆရာကြီး ဒီလို လူရွေးနေရင် အဆင်မပြေဘူး.. ဘာညာပေါ့။
ဆရာကြီးတစ်ချက်တွေဝေသွားတယ်။
နောက်တော့ ကျွန်တော့်ကိုကြည့်တယ်။ ပြီးတော့
အားရပါးရ ရယ်တယ်။
အေးပါကွာ.. ဒါဆို မင်းတို့ပဲ လုပ်လိုက်တော့လို့
ပြောရင်း ကျွန်တော့ခေါင်းကို ပုတ်ပြီး ထွက်သွားပါတယ်။
တကယ်တော့ ကျွန်တော်လိုကောင်မျိုးက ဆရာကြီးကို
ဝင်ပြောတယ်ဆိုတာ ရယ်စရာပါ။
ကျွန်တော် ပြောတုန်းက ဆရာကြီးလည်း နားမလည်ပဲနဲ့
..ဆိုတာမျိုးတွေပါ ပါပါတယ်။
ကလေးစိတ်ဆိုတော့ ပြောရကောင်းမှန်း မသိ.
မပြောရကောင်းမှန်း မသိ စွတ်ပြောခဲ့တာပါ။
အားလုံးခြုံပြီး ပြောရရင် “ဆရာကြီး လုပ်ပုံတွေ
မဟုတ်ဘူး။ နားမလည်ရင် ၀င်မလုပ်နဲ့ ဗျာ” ဆိုတဲ့ သဘောသက်ရောက်ပါတယ်။
အခန့်မသင့်ရင် ကြိမ်ဒဏ်မိဦးမယ့် အကွက်တွေပါ။
ဒါပေမယ့် ဆရာကြီးဟာ သူ့အမှားကို
သူမြင်ပါတယ်။
ဘာမဟုတ်တဲ့ (၇) တန်းကျောင်းသားက သူ့လို
ကျောင်းအုပ်ကြီးကို လူကြားထဲမှာ အရှက်လာခွဲတဲ့ ကိစ္စကို ပြုံးပြုံးရွှင်ရွှင်လက်ခံပြီး
သူ့အမှားကို လူကြားထဲမှာပဲ ၀န်ခံပြီး နားလည်ပေးခဲ့တာ
တော်ယုံတန်ယုံစိတ်ဓာတ်မဟုတ်ဘူးလို့ ထင်ပါတယ်။ ဆရာနဲ့ ကျောင်းသားဆိုပေမယ့်
အမှားအမှန်ကို လက်ခံပေးနိုင်တဲ့ တကယ့် စိတ်ရင်းကောင်းတဲ့ ဆရာတစ်ယောက်ပါ။
ဆရာကြီး ဦးဌေးမြင့်ဟာ ကျွန်တော်တို့ ကျောင်းကို
ရှစ်နှစ်တိတိ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆရာကြီးကို
ကျွန်တော်တို့ ခေတ်က ကျောင်းသားတိုင်း ချစ်ကြောက်ရိုသေပါတယ်။
အထက်တန်းကျောင်းအုပ်ကြီးအဖြစ် တခြားမြို့နယ်ကို ပြောင်းခါနီးကျတော့
နှုတ်ဆက်စကားပြောပွဲမှာ ဆရာကြီး မျက်ရည်ကျပါတယ်။ သူပြောခဲ့တဲ့ စကားလေးကို
ဘယ်တုန်းကမှ ကျွန်တော်မမေ့ခဲ့ပါဘူး။
““ဘ၀တစ်လျှောက်လုံးမှာ
ကျောင်းဆရာတစ်ယောက်ရဲ့ တန်ဖိုးကို သိနားလည်အောင် ဒီကျောင်းလေးက ကျောင်းသားတွေရယ်..
ဒီကျောင်းလေးရဲ့ ကျောင်းသားမိဘတွေရယ်က ဆရာ့ကို သင်ကြားပေးလိုက်တာပါ။
ဒီကျောင်းလေးရဲ့ ကျေးဇူးကို ဆရာ ဘယ်တော့မှ မေ့မှာ
မဟုတ်ပါဘူး””...တဲ့
မျက်ရည်တွေ ကျပြီး နှုတ်ဆက်ခဲ့တဲ့ ဆရာကြီးရဲ့
နှုတ်ဆက်ပွဲကို ကျွန်တော်တို့ ကျောင်းသားတွေဘယ်တုန်းကမှ မမေ့နိုင်ခဲ့ပါဘူး။
**************************************************************
နောက်တော့ ဆရာကြီးက နှုတ်ဆက်စကားပြောပွဲမှာ
အရေးတယူထည့်သွင်းပြောကြားခဲ့တဲ့ .. ကျောင်းသားမိဘတွေရဲ့ အခန်းကဏ္ဍကို
ပြောပြချင်ပါတယ်။
ဝေးဝေးမဟုတ်ပါဘူး။ ကျွန်တော်နဲ့
ကျွန်တော့်မေမေတို့ တို့ရဲ့ ကိုယ်ပိုင်အဖြစ်အပျက်တွေပါ။ အဲဒီနှစ်ကလည်း
ကျွန်တော်ဆုရပါတယ်။ ဒုတိယဆုပါ။
ဆုပေးပွဲပြီးတဲ့ နောက်ရက်မှာ ကျွန်တော့် မေမေက
အတန်းပိုင် ဆရာမကို သွားပြီး ကန်တော့ဖို့ စီစဉ်ပါတယ်။
ဒီခေတ်လို ..ဘာအခွင့်အရေး ညာအခွင့်အရေးတွေအတွက်
သွားကန်တော့တာ မဟုတ်သလို ကန်တော့မယ့် ပစ္စည်းကလည်း
တန်ဖိုးကြီးကြီးမားမားမဟုတ်ပါဘူး။
ကျွန်တော်တို့က ဆင်းရဲပါတယ်။ မေမေက သူဝတ်ဖို့
ဝယ်ထားတဲ့ ထမီလေးကို သူမ၀တ်ဘဲ သွားကန်တော့တာပါ။
ရိုးရိုးသားသား ပြောရရင် ဆုပေးပွဲကို ကျွန်တော်နဲ့
မတက်ရောက်နိုင်ခဲ့တဲ့ မေမေက (သား ဆုပေးပွဲတောင် မိဘက လိုက်မလာဘူးလို့ )
ထင်မှာစိုးလို့ ဆရာမကို ရှင်းပြဖို့အတွက်ထင်ပါတယ်။
(အဲဒီနှစ် ဆုပေးပွဲမှာ ဖိုးဖိုးဆုံးလို့
ကျွန်တော့်ဆုပေးပွဲကို မေမေ မလိုက်နိုင်ခဲ့ပါဘူး။)
ဆရာမနာမည်က ဒေါ်စုစုအောင်ပါ။
(ကျွန်တော် အရင်တစ်ခါရေးဖူးတဲ့ ၀တ္ထုက ဆံပင်တွေ
ဖြတ်ရောင်းလိုက်ရတဲ့ ဆရာမပါပဲ။)
အဲဒီတုန်းက ဆရာမဟာ ကလေးမရသေးပါဘူး။ ဆရာနဲ့
အိမ်ထောင်ကျခါစ အခြေအနေပါ။
မေမေရယ် ကျွန်တော်ရယ်.. ဆရာမအိမ်ကို
ရောက်ပါတယ်။
ဆရာမကို အကျိုးအကြောင်းပြောပြပြီး ပါလာတဲ့
ထမီလေးနဲ့ ကျွန်တော်က ဆရာမကို ထိုင်ကန်တော့ပါတယ်။
ဆရာမက အကြောက်အကန် ငြင်းသေးပေမယ့်
ရိုရိုကျိုးကျိုးတောင်းပန်နေတဲ့ မေမေ့နဲ့ ကျွန်တော့်ကို အားနာလို့
လက်ခံပေးပါတယ်။
နောက်တော့ မေမေက ဖိုးဖိုးဆုံးလို့ ဆုပေးပွဲကို
မလိုက်နိုင်တဲ့အကြောင်း ဆရာမကို ရှင်းပြတာပေါ့။
ဆရာမကလည်း ကိုယ်စာတော်တဲ့အကြောင်း.. တစ်ခါတစ်လေ
စာသင်တုန်း အိပ်ငိုက်နေတဲ့ အကြောင်းတွေ မေမေ့ကို ပြန်တိုင်ပါတယ်။
မေမေနဲ့ ကျွန်တော် နှုတ်ဆက်ပြီး ပြန်ခါနီးမှာတော့
ဆရာမက ဘယ်တုန်းက ထည့်လိုက်မှန်းမသိတဲ့ ကြက်သားဟင်းတွေကို ချိုင့်နဲ့
မေမေ့ကိုပေးပါတယ်။
မေမေက အတင်းငြင်းပေမယ့် ဆရာမက လက်ကိုဆွဲပြီး
မယူရင် စိတ်ဆိုးမှာနော်လို့ ပြောနေတာတော့ ယူလာလိုက်ရတာပေါ့။
ဒါပေမယ့် လမ်းကိုရောက်တော့ မေမေက အိမ်ကို
တန်းမပြန်ဘဲ.. ခေါက်ဆွဲကြော်ဆိုင်ကို ၀င်ပြီး ခေါက်ဆွဲနှစ်ထုတ်ဝယ်ပါတယ်။
စစခြင်းတော့ ကျွန်တော် နားမလည်ပါဘူး။ အိမ်မှာ
ဟင်းတွေ ရှိသလို .. ဆရာမပေးလိုက်တဲ့ ကြက်သားဟင်းတွေလည်း ပါနေတာပဲ။
တကယ်တော့ မေမေက ဆရာမကို ပြန်ပေးဖို့
ဝယ်တာပါ။
“မေမေ .. ဘာလုပ်ဖို့ ခေါက်ဆွဲကြော်တွေ ၀ယ်တာလဲ”
လို့  ကျွန်တော်မေးတော့ .. မေမေက ရယ်ပြီး ပြောပြပါတယ်။
“သားရယ်.. သားဆရာမက မေမေတို့ အတွက်
ဟင်းချက်ထားတာမှ မဟုတ်တာ..
မေမေတို့ ကန်တော့တာကို အားနာပြီးတော့ သူတို့
လင်မယားစားမယ့် ဟင်းတွေ ထည့်ပေးလိုက်တာပေါ့..
အခု မေမေတို့ကို ဟင်းတွေ ထည့်ပေးလိုက်တော့ .. သား
ဆရာမ ဘာနဲ့ သွားစားမှာလဲ..” တဲ့..
ကျွန်တော့် ရင်ထဲမှာ .. ဆရာမကိုကော .. မေမေ့ကိုကော
ချစ်တဲ့စိတ်တွေနဲ့ မျက်ရည်ဝဲအောင် ကြည်နူးခဲ့ရပါတယ်။
တန်ဖိုးမကြီးတဲ့ ထမီလေး တစ်ထည် ကန်တော့တာကို
မနေတတ်အောင် အားနာနေခဲ့တဲ့ ဆရာမ...
ဆရာမရဲ့ အခြေအနေကို ချက်ချင်းနားလည်တတ်တဲ့
မေမေ.....
ကျွန်တော့်အတွက် တန်းဖိုးမဖြတ်နိုင်တဲ့
အနန္တောအနန္ထဂိုဏ်းဝင် ကျေးဇူးရှင်နှစ်ယောက်ရဲ့ တန်ဖိုးကို အဲဒီအဖြစ်အပျက်လေးတွေက
အမြဲသတိတရရှိစေခဲ့ပါတယ်။
ခေါက်ဆွဲကြော်တွေ ပြန်သွားပေးတုန်းတော့
ဆရာမက
မျက်ရည်တွေ ၀ဲပြီး
ကျေးဇူးပါရှင်...ကျေးဇူးပါရှင်လို့ အခါခါပြောတယ်...။
မေမေက “ မဟုတ်တာ ဆရာမရယ်.. .မဟုတ်တာ ဆရာမရယ်လို့
အားနာစကားဆိုတယ်...။
ကျွန်တော့် အမြင်တော့ ဒါဟာ ထမီ တစ်ကွင်းနဲ့
ကြက်သားဟင်းတစ်ခွက်ထက် အဓိပယ်အများကြီး ပိုရှိမယ်လို့ထင်ပါတယ်။
နာသုံးနာနဲ့ ဆရာ.... ဆိုတာ ..
မိဘဆရာပူးပေါင်း..
ကလေးပညာကောင်းဆိုတာ....ဘယ်လိုမျိုးပါလဲ။
အခုတော့ .. ဆရာတွေ မကောင်းတဲ့အကြောင်း...
ကျောင်းအုပ်ကြီးတွေ လာဘ်စားတဲ့အကြောင်း..
ကျောင်းပြောင်းခက ဘယ်လောက်၊ အလှူခံတာက
ဘယ်လိုဆိုတာတွေ သတင်းကြားရင် မယုံရဲရဲနဲ့ ကျွန်တော် ရင်နာရပါတယ်။
သမိုင်းတစ်လျှောက်လုံး အနန္တော အနန္တ ဂိုဏ်းဝင်
..ဘုရားနဲ့ တစ်ဂိုဏ်းထဲ ထားပြီး ကိုးကွယ်ယုံကြည်ခဲ့ရတဲ့ ဆရာဆိုတဲ့ ဂုဏ်လက္ခဏာတွေ
ဒီထက်ပိုပြီး
ပျောက်ပျက်ကုန်မှာ စိုးပါတယ်။
(လင်းရောင်)

ဆရာဆိုတာရဲ့အဓိပ္ပါယ်လေး
ReplyDeleteခံစားဖတ်ရှုသွားပါတယ်။