by Soe Min on Sunday, November 11, 2012 at 1:11am ·
ငယ်ငယ်တုန်းကတော့ ပြည်သူ့ဆိုင်မှာ
ငစိန်ငကျွဲကို ထမီပြဲပြဲ ဒူးကွဲကွဲ တိုးကာဝှေ့ကာ တန်းစီ ထုတ်စားလာခဲ့ကြတာပါပဲ။
အေပီစီ၊ သာလာဆပ်၊ ထွပ်ပါဆပ်ဖာ၊ ကိုဒါနင်လေးနဲ့လည်း ကိုးဆယ့်ခြောက်ပါး
ပျောက်ခဲ့ကြတာပဲ။ ပန်းဆိုးတန်း ပြည်သူ့ကုန်တိုက်အောက်က ပလာတာပူပူကလေး စားလိုက်ရရင်
မြန်မာပြည်မှာ လူဖြစ်ကျိုးနပ်သလောက်ကိုရှိတယ်။ ပျားဂေဟာက ကြက်ကြော်ကလေးထက်ကောင်းတာ
အမေရိကန်မှာတောင် ရှိတယ် မထင်ဘူး။ ချောကလက်၊ ပန်းသီးများတောင် သင်္ဘောသားအသိရှိမှ
စားဖူးတဲ့ဘ၀။ စကော့ဈေး အရှေ့ဘက်တန်းက နိုင်ငံခြားအ၀တ်အထည်တွေ ရောင်းတဲ့အတန်းဆို
သင်္ဘောတန်း လို့ခေါ်တယ်။ အဲသလိုပစ္စည်းမျိုးဆိုတာ သင်္ဘောသားတွေမှ
မှီဝဲသုံးဆောင်ဖူးကြတာကိုး။ သွားလေသူကြီးက သူ့သက်တမ်းတလျှောက် တစ်ပြည်လုံးကို
လုံအောင်ဖုံးအုပ်ထားပုံများ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားတောင်
လက်မှိုင်ချယူရလောက်တယ်။ စိတ်နာလို့ ပြောနေတာ မဟုတ်ဘူးနော်။
ကျေးဇူးတင်လွန်လွန်းလို့ ပြောတာ။ သူ့အသုဘတုန်းက မသိလိုက်ရတာ နာတာပဲ။
အခုတောင် ပြောရင်းဆိုရင်း သူ့ကို တတပြီး ငိုချလိုက်ရရင် မြောက်ကိုရီးယားမတွေ
မျက်ရည်မြစ်ထဲမျောသွားဦးမယ်။ သူ့လက်ထက်တုန်းက ဘာဆိုဘာမှ မရှိပေမယ့် ဘာဆိုဘာမှ
လိုလေသေးရှိတယ် လို့ မထင်ရဘူး။ အဖြူအမည်းတီဗီ ကောင်စီရုံးရှေ့
ငုတ်တုတ်ထိုင်ကြည့်ရတော့လည်း အစီအစဉ်မလာခင် လေးထောင့်အတုံးကလေးတွေ တွီကနဲ
အသံထွက်လာရင်ကို လူတွေက အသံလေးတိတ်ပြီး လာပြီ လာပြီ ဒေါ်သက်ရီ ဖြစ်နေတာ။
ဆယ်တန်းအောင်လို့ တက္ကသိုလ်လောက်များ ရောက်သွားရင် ကောင်မကလေးတွေက “အောင်မယ်လေး၊
ဟိုကျရင် ငါတို့ကို ပစ်သွားတော့မှာပဲ” ဆို ငိုကာယိုကာ စကားနာထိုးတယ်။ မဂိုလမ်းမှာ
ဆေးခန်းထိုင်နိုင်ရင် အဲဒိဆရာဝန်ဟာ ကမ္ဘာမှာ အတော်ဆုံး လို့ ထင်ကြတယ်။ တို့မြန်မာတွေ
ပညာရေး ကျန်းမာရေး အဆင့်နိမ့်လှပါသော်ကော လို့ ဘယ်တုန်းကမှ မတွေးခဲ့
မမြင်ခဲ့ကြဖူးဘူး။ သေကာမှသေရာ။ ဘာရောဂါမှ မသိလိုက်ရလည်း ဆရာဝန်ဖြေသိမ့်မှ
နေစိမ့်ရတဲ့ ဘ၀မဟုတ်ဘူး။ တို့မြန်မာတွေသေရင် ရှေ့တန်းမှာ လုပ်ချင်ရာတွေ
လုပ်ချင်သလိုလုပ်နေတဲ့ ရဲဘော်တွေတောင် ငရဲမလားဘူးတဲ့။ မယုံရင် အဲဒီခေတ်ကို
မီလိုက်တဲ့သူတွေကို လိုက်မေးကြည့်။ “အဲဒီတုန်းကနဲ့ အခုနဲ့ ဘယ်ဟာပို စိတ်ချမ်းသာသလဲ”
လို့။ သိချင်စမ်းပါဘိနော်။
အခုခေတ်မှာတော့ ဘယ်သူကမှအဖက်မလုပ်ပဲ
ဘယ်ဆရာဝန်မှမသွားချင်တဲ့ အမ်းမှာ မသေမချင်းနေရစ်ပေတော့ လို့ ပစ်ထားတဲ့ ကိုယ့်လို
အနုပ်စုတ်ဂုပ်စုတ်ဆရာဝန်ကလေးတောင် တစ်ည နှစ်နာရီ လာချင်လာမယ် မလာချင်မလာဘူး
လျှပ်စစ်မီးနဲ့ အင်တာနက်ပေါ် စာတွေ ဟောတစ်ပုဒ် ဟောတစ်ပုဒ် တင်လို့ရနေပြီ။ အဲဒီအရပ်က
ဆေးရုံအလုပ်သမားလေးတွေ ခေါ်မကြားအော်မကြားဖြစ်နေရင် ပုခုံးသာ လှမ်းပုတ်လိုက်။
သူ့နားက ဘလူးတုသ်ကြီး နဲ့ ဘယ်ကြားပါ့မလဲ။ ဆရာမလေးတွေလည်း ၀ဒ်ထဲမှာ ရှေးရှေးက
နပ်စ်မတွေလို သိုးမွှေးလုံးလေးထိုင်ထိုးနေတဲ့သူ တစ်ယောက်မှ မရှိဘူး။ လက်မလေးနဲ့
ပွတ်ပွတ်ပြီး အန်းဂရီးဘတ် အန်းဂရီးဘတ် လုပ်နေကြတာ။ ဆေးရုံက အနိမ့်ဆုံး
အောက်ခြေ၀န်ထမ်းထဲမှာတောင် ဘွဲ့ရပြီးတဲ့သူ သုံးယောက်ပါတယ်။
ဆေးရုံအုပ်ကြီးရုံးခန်းထဲမှာသာ ဌာနပိုင် ကြိုးဖုန်းတစ်လုံးမှ ဆက်သွယ်စရာ မရှိတာ။
တို့ဆေးရုံ ဘယ်အလုပ်သမားလှမ်းခေါ်ခေါ် “ဖုန်းတစ်ကောလောက် ခေါ်ချင်လို့” ဆို ခါးကြားက
ထုတ်ပေးနိုင်တယ်။ ဒီလိုဆိုတော့ တို့အမ်းဆေးရုံက အဆင့်မနိမ့်လှပါဘူးနော့။ ဒါတောင်
လုပ်သက် ၁၈ နှစ်အတွင်းမှာ အမ်းမြို့လောက် ဆင်းရဲချို့တဲ့ မွဲတေပြီး
မပြည့်စုံတဲ့အရပ် မရောက်ခဲ့ဖူးသေးဘူး။ ရန်ကုန်က ဆေးရုံအကြီးကြီးတွေနဲ့ဆို
မနှိုင်းအပ် မနိုင်းရာပါလေ။ ဒါနဲ့များ တို့ကျန်းမာရေးကို အဆင့်မမီဘူးအပြောခံရတာ
အတည်းနာနွန်းနွန်းနို့။
မဆိုင်တာတွေ မယောင်ရာဆီလူး
လိုက်လုပ်နေပြန်ပါပြီ။ အဲဒါ ပညာရေး ကျန်းမာရေး အဆင့်မြင့်တာမှ မဟုတ်တာ။
ဆက်သွယ်ရေးဝန်ကြီးတော်လို့ပေါ့ လို့တော့ ကောက်ချက်မချလိုက်ပါနဲ့။ အဲဒါဆို
ပညာရေးဝန်ကြီးတို့ ကျန်းမာရေးဝန်ကြီးတို့ကတော့ အသုံးမကျဘူးပေါ့လို့ ဖွမယ့်သူတွေ
စောင့်နေတယ်။ ဆေးပစ္စည်းကိရိယာတွေ လိုလေသေးမရှိ တပ်ဆင်ထားပြီး
ကုတ်နဲ့ကော်ထုတ်လို့တောင် ကွာမသွားအောင် ကပ်ထားတဲ့
ဆရာဝန်ကြီးကြီးငယ်ငယ်ရာထောင်ချီနေတဲ့ မြို့တော်ဆေးရုံကြီးကို နိုင်ငံတကာ
အဆင့်အတန်းနဲ့မှီအောင် ပြုပြင်ပြောင်းလဲရဦးမယ်ဆိုတော့ “ဘုရား ဘုရား။ ဘာတွေများ
လုပ်ဦးမလို့ပါလိမ့်” လို့ စိတ်ဝင်တစားဖြစ်လာပါတယ်။ ဆေးရုံကို အဆင့်မြှင့်ရမှာထက်၊
ဆရာဝန်တွေကို အဆင့်မြှင့်ရမှာထက်၊ လူနာတွေရဲ့ ကျေနပ်နှစ်သိမ့်မှု အတိုင်းအတာကို
နည်းနည်းမြှင့်လိုက်ရင် အဆင်ပြေသွားမယ်ထင်ပါတယ်။ ဆေးရုံကြီးကို
အမေရိကန်စတန်းဒတ်ဖြစ်အောင် တိုးချဲ့ဖို့ ကုန်ကျစားရိတ်တွေနဲ့ မြန်မာလူနာတွေကို
မြန်မာစတန်းဒတ်နဲ့ပဲ အရေအတွက်များများ ကျေနပ်မှုရအောင် ကုသပေးနိုင်ရင်
မကောင်းဘူးလား။ ဆိုကြပါစို့။ အဲဒီဆေးရုံကြီးဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး
ကုသ၀န်ဆောင်မှုတွေ ပေးနိုင်နေပါပြီတဲ့။ ကျုပ်တို့ သာမာန်မြန်မာလူနာတွေ
အနားတောင်သီလို့ရမှာ မဟုတ်ဘူး။ ဗီအိုင်ပီတကာ့ဗီအိုင်ပီ။ သူဌေးတကာ့သူဌေးတွေနဲ့
တိုးမပေါက်ပဲ မြန်မာဆရာဝန်တွေ မြန်မာဆင်းရဲသားလူနာတွေကို အီးနဲ့တောင်
လှည့်မပေါက်နိုင်တော့ဘူး။ ဂုဏ်ယူလို့တော့ ရတာပေါ့လေ။ တို့ဆီမှာ
တို့သာတက်မကုနိုင်တာ။ သူများထက်မညံ့တဲ့ ဆေးရုံကြီးရှိသားပဲ လို့
ဝေးဝေးကသာလွမ်းပါမည် လုပ်ရတော့မှာပေါ့။ လူမြင်ကောင်းအောင် ဒန်ပေါက်ပွဲလှလှတွေနဲ့
ဆွမ်းတော်ကြီးတင်မယ့်အစား ဆာနေတဲ့သူတွေကို ယာဂုလေး လောက်ငှအောင် ပြုတ်တိုက်လို့
မရဘူးလား။ သူဌေးတွေက သူတို့ပိုက်ဆံနဲ့သူတို့ အင်္ဂါဂြိုလ်တောင် တက်ကုနိုင်ပါတယ်ဗျာ။
အထက်ချည့်တက်မနေပါနဲ့။ အောက်ကလူလေးများလည်း ဆွဲခေါ်ပါဦး။
တကယ်တော့ လူဆိုတာ ကိုယ့်အဆင့်
ဘယ်လောက်နုံခြာနိမ့်ကျသလဲဆိုတာ ကိုယ့်ဘာသာ အသိဆုံးပါဗျာ။ အောက်တန်းစားမှ
အောက်တန်းစားစစ်စစ်ပါ။ ကိုယ့်အောက်ငုံ့ကြည့်ရင် မြေကြီးနဲ့ တီကောင်ပဲ ရှိလိမ့်မယ်။
မမြင်ဖူးသေးရင် အမ်းကိုလာခဲ့။ လိုက်ပြမယ်။ ကိုယ့်သားသမီး ဆယ်တန်းရောက်အောင်
ကျောင်းထားဇို့ ဘယ်လောက်ခက်သလဲ သိရမယ်။ အိမ်ကတစ်ယောက်ယောက် နေထိုင်မကောင်းလို့
ဆေးရုံတက်ရရင် ဘယ်လောက်အခြေအနေပျက်သွားသလဲ သိရမယ်။ သေချင်သေ ရှင်ချင်ရှင်
ကုနိုင်ရင် အမ်းမှာပဲ ရအောင်ကု။ လွှဲစကား မပြောနဲ့ အလကားမရဘူး။ ကားငှားရင်
မင်းဘူးကိုတင် နှစ်သိန်းရှိတယ်။ မင်းဘူးရောက်မှ မနိုင်လို့ ရန်ကုန်
မန္တလေးထပ်လွှဲရင် သေဖို့သာပြင်။ အဲဒါ ဆေးရုံဝ ဖုတ်ကနဲ ချပစ်ခဲ့ရုံ စားရိတ်ပဲ
ရှိသေးတာ။ ဆေးကုဖို့ လူနာစောင့်ထမင်းစားဖို့ စားရိတ်မပါသေးဘူး။ တောထဲမှာ
မျှစ်ချိုး၊ ၀ါးခုတ်၊ တောင်ယာလုပ်ကိုင်စားရတဲ့ လူတစ်ယောက်ကို ဆေးကုစားရိတ်
လေးငါးသိန်းပါအောင် ယူခဲ့ လို့ ပြောရင် ပြောတဲ့သူ ဦးနှောက်မရှိလို့ပဲ။
အဲသည်လေးငါးသိန်း တောင်ပေါ်ကလာတဲ့လူနာမပြောနဲ့ သူတို့ကို ခွဲပေးနေတဲ့
ခွဲစိတ်အထူးကုဆရာဝန်လက်ထဲတောင် မရှိဘူး။ သူလည်း လမကုန်မချင်း သူ့ဘာသာသူ
တိုင်းသုံးနေရတာ။ ရန်ကုန်ပြန်ချင် သုံးလေးလလောက် လမ်းစားရိတ်မစုမဆောင်းပဲ
မပြန်နိုင်ဘူး။
ဟိုအရင်ကရေးခဲ့ဖူးသလို
ခွဲရမယ့်လူနာတွေ့ရင် အထဲလား အပြင်လား မေးစရာကို မလိုဘူး။ သူတို့က မေးတာကိုသာ
ဖြေဖို့ပြင်ထား။ ဖြေလာရတာလည်း နှစ်နှစ်ပြည့်တော့မယ်ဆိုတော့ ပါးစပ်က
အော်တိုမစ်တစ်ကို ထွက်နေပြီ။ “ဆရာ ခွဲရင် ဘယ်လောက်ကုန်မှာလဲ ဆရာ။” တဲ့။ “ဟုတ်ကဲ့။
ခွဲစိတ်ကုသတဲ့အတွက် ကျွန်တော့ကို ငါးပြားတစ်စေ့ပေးရတယ်ဆိုရင်
ခင်ဗျားစီးလာတဲ့ဖိနပ်ချွတ်ပြီး ပါးသာရိုက်သွားလိုက်ပါ။ ဒါပေမယ့် ကျွန်တော့်ကို
ပိုက်ဆံမပေးရတိုင်း ခင်ဗျား အလကားရမယ်လို့တော့ မမျှော်လင့်ပါနဲ့။ လိုအပ်သမျှအားလုံး
ကိုယ့်အတွက်ကိုယ် သုံးမယ့်ပစ္စည်းအားလုံး ၀ယ်ပေးရပါလိမ့်မယ်။ ဗိုက်ကြီးခွဲပြီး
တစ်ပါတ်လောက် ဆေးရုံတက်ရမယ့်လူနာဆိုရင်တော့ အဲဒီစားရိတ်တွေဟာ သိန်းဂဏန်းအောက် တခါမှ
မလျှော့ဘူးပါဘူး။” လို့ ဖြေပါတယ်။ “မင်းတို့က အစိုးရဆေးရုံမှာတောင် အဲသလောက်
ကုန်တယ်ဆိုတော့ မလွန်လွန်းဘူးလားကွာ။” လို့ ပြောမယ့်လူ မရှိဘူး မထင်ပါနဲ့။
သိပ်ရှိတာပေါ့။ အတိုင်အတောခံရတဲ့အထိကို ရှိပါတယ်။ (ကိုယ့်ကိုတိုင်တာတော့ မဟုတ်ပါ)
ခွဲခန်းကအထွက်မှာ အထဲမှာသုံးတဲ့ဆေးဖိုး ဘယ်လောက်ပေးရပါတယ်။ ဘယ်နေရာမှာ ဘယ်သူ့ကို
ဘယ်လောက်၊ ဘာအတွက်ဆိုတာ စာရင်းဇယားနဲ့မှတ်ပြီး ဂျာနယ်ထဲကို
တိုင်စာထည့်ပြီးကိုတိုင်ပါတယ်။
ပွင့်လင်းမြင်သာတဲ့ခေတ်ကြီးမှာ
စတုတ္ထမဏ္ဍိုင်ကြီးရဲ့ မီးမောင်းထိုးပြမှုနဲ့ ခက်ခဲဒေသက တိုင်းရင်းသားပြည်သူတွေ
မနစ်နာရအောင် အမုန်းခံပြီး မားမားမတ်မတ် ရပ်တည်ပေးတဲ့သူတွေ ရှိတာ ချီးကျူးစရာပါ။
ဆယ်အိမ်ခေါင်းများ ၀င်အရွေးခံလို့ကတော့ မဲတောင်ဆွယ်ပေးချင်သေးတယ်။ ဒါပေမယ့်
မောင်မင်းကြီးသားက “ငါတိုင်လိုက်ပြီကွ။ မှတ်ပလား။” တင် ရပ်ထားပြီး
တိုင်ပြီးတဲ့နောက်မှာ ဘာတွေဖြစ်လာမလဲကို ဆက်တွေးမထားတာ ပြဿနာပါ။ တိုင်လိုက်ရင်
စစ်ရတာပေါ့ခင်ဗျာ။ စစ်ပြီးတဲ့နောက် အပြစ်ရှိရင်ရှိသလို အရေးယူအပြစ်ပေးပြီး
မရှိတဲ့သူလည်း မရှိသလို ကင်းကင်းရှင်းရှင်း ဖြစ်သွားတာပေါ့။ သို့ပါသော်ငြား
ကြိုးစားပန်းစား အလုပ်လုပ်နေတဲ့သူတွေအဖို့ကတော့ ပြေးနေတုန်း ခြေထိုးခံလိုက်သလို
ဟတ်ထိုးလဲမတတ်ဖြစ်သွားပြီး လုပ်ငန်းခွင်အတွင်းက စေတနာတွေက နဂိုကအတိုင်း
ဆက်ရှိနေဖို့ ခက်သွားပါတယ်။ လူဟောင်းတွေ ပြောင်းသွားပြီးရင်တော့ အဲဒီနေရာ
နောက်ဘယ်သူမှ မလာချင်တော့ဘူး။ လာရင်လည်း အတိုင်ခံရမှာစိုးလို့ မလုပ် မရှုပ် မပြုတ်
ပဲ နေတော့တယ်။ အဲဒီဆရာဝန်မရှိလို့ ကိုယ်ကလည်း သူ့နေရာ အစားမ၀င်နိုင်တဲ့အခါ
(ကိုယ်လုပ်ပေးနိုင်တဲ့အတိုင်းအတာထက် အရမ်းများတဲ့ဒါဏ်ရာပါ) မကွေးဆေးရုံကို
လွှဲလိုက်တော့ လူနာအတွက်ကုန်ကျစားရိတ်ခံရတဲ့ ဌာနဆိုင်ရာအကြီးအကဲဆီမှာ
သတင်းမေးကြည့်ပါတယ်။ ဆေးရုံပေါ်မှာ တစ်လကြာနေပြီ။ မဆင်းရသေးဘူး။ ၆၅သိန်းလောက်
ကုန်နေပြီ လို့ သိရပါတယ်။ အဲဒါ အပြင်ဆေးခန်းစားရိတ် မဟုတ်ပါဘူး။ တော်သေးတာပေါ့ဗျာ။
လူနာက ဆေးကုစားရိတ်တာဝန်ယူပေးမယ့်သူ ရှိပေလို့။ မရှိတဲ့သူဆို ဘာလုပ်ရမလဲ။
အိမ်ပေါ်ကပြုတ်ကျလို့ ဂုတ်ကျိုးနေတဲ့လူနာ ဆေးရုံပေါ်တင် အသေခံလိုက်ရပါတယ်။
ကိုယ်လုပ်ပေးနိုင်သမျှ အကုန်လုပ်ပေးပြီး ထိုင်ကြည့်ရတာပေါ့။ တချို့လူနာတွေကျတော့
ရန်ကုန်ရောက်ရင် အမ်းမှာ မလုပ်နိုင်တာတွေ လုပ်နိုင်မယ်။ ရောဂါရေရေရာရာ သိရမယ်။
ကုသပျောက်ကင်းနိုင်တယ်ဆို ကိုယ်က လမ်းစားရိတ်ခံပြီး နာရေးကူညီမှုအသင်းက
မရွှေဇီးကွက်တို့နဲ့ ချိတ်ဆက်ပြီး အကူအညီတောင်းရပါတယ်။ ရလာဘ်က ကောင်းလာဖို့ရှိတယ်။
ဒီအတိုင်းထားရင် ဒုက္ခဖြစ်လိမ့်မယ်။ သူ့ဟာသူ ဘယ်လိုမှ မတတ်နိုင်ဘူးလို့
သေချာတယ်ဆိုရင် ကိုယ့်ဘာသာ ဆုံးဖြတ်ပြီး လုပ်ပါတယ်။ ဒါပေမယ့် သော်တာဆွေ
ဒန့်ဒလွန်သီးဝေတဲ့ “လူ့မနော” ၀တ္ထုထဲကလိုပါပဲ။ လွှဲခိုင်းထားတဲ့ လူနာတချို့က
မိုးမလင်းသေးဘူး အိမ်တံခါးလာခေါက်ပြီး လမ်းစားရိတ် အတောင်းခံရတယ်။ ဒီလိုတော့
ကျောသားရင်သား ခွဲခြားတာ ဘာကောင်းသလဲပေါ့။
ဒီလိုအရပ်မျိုးမှာ ဒီလိုလူနာမျိုးတွေနဲ့
နိစ္စဒူဝ အလုပ်လုပ်နေရတဲ့ ဆရာဝန်အစုတ်ပလုပ်ကောင်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို
နိုင်ငံတကာအဆင့်မီအောင် အဆင့်မြှင့်တင်သွားတော့မယ်လို့ ကြားရတော့ သာဓုခေါ်ရရင်တောင်
ငိုသံပါကြီးနဲ့ “သာဓုပါတော့။” လုပ်ရတော့မှာပဲ။ ၀န်တိုမစ္ဆရိယရှိတာတော့ မဟုတ်ပါဘူး။
“သြော် ငါတို့ ဘ၀များနှယ် လေကလေးရင်းပြီး အမျှဝေတဲ့အထဲတောင် ထည့်တွက်မထားကြတဲ့
ဘ၀ပါလား။” လို့ အားငယ်မိတာပေါ့။ ရန်ကုန်ဆေးရုံကြီးက နိုင်ငံတကာအဆင့်မီ
ဆေးရုံကြီးဖြစ်လာပြီး နိုင်ငံတကာ ကုန်ကျစားရိတ်တွေနဲ့ နိုင်ငံတကာအဆင့်မီလူနာတွေ
ကျိတ်ကျိတ်တိုး စည်ကားကုန်ရင် အမ်းကလူနာတွေကို ဘယ်ဆေးရုံလွှဲရမှာပါလိမ့်။
အတွေ့ဇာတ်ကားထဲက သီသီကြီး မောင်သင့်ကို ရန်တွေ့နေတာ မျက်စိထဲ ပြေးပြေးမြင်ပါတယ်။
“ဟင်္သာမယ်လေးအတွက်ပဲ နောက်ဆံတငင်ငင်ဖြစ်မနေပါနဲ့ မောင်။ ဟောသည်က ငှက်ကြီးဒုံးစပ်မ
အတွက်လည်း တစ်ပင်လောက် တင်းတော်မူပါဦး။” တဲ့။
အဲလိုမျိုးလူနာတွေကို ဘူတန်မှာတော့
မြို့တော်ဆေးရုံရောက်တဲ့အထိ ဆေးရုံတွေအဆင့်ဆင့် လူနာတင်ကားနဲ့ သူနာပြုတစ်ယောက်ပါ
လိုက်ပို့ရပါတယ်။ ကိုယ်အလုပ်လုပ်တဲ့ဆေးရုံမှာတောင် လူနာတင်ယာဉ် သုံးစီးရှိတယ်။
ဓါတ်ဆီဖိုးကို ဘောက်ချာနဲ့ အစိုးရဆီ ပြန်တင်လို့ရတယ်။ အမ်းဆေးရုံမှာလည်း
ဘဘကြီးနံမယ်တပ်လှူထားတဲ့ အမ်းဗျူးလင့်တစ်စီးတော့ ရှိသား။ သို့သော်
ဆီကတော်တော်စားတယ် ထင်ပါရဲ့လေ။ တကယ်တော့ အဲသလို လူနာတစ်ဦးချင်းစီ
ကောက်သင်းကောက်ပြီး လွှဲနေမယ့်အစား အထူးကုဆရာဝန်တစ်ယောက်ကို ပစ္စည်းကိရိယာ
အစုံအလင်နဲ့ (ထပ်ပြောမယ်နော်။ ပစ္စည်းကိရိယာ အစုံအလင်နဲ့) ခန့််ထားပေးနိုင်ရင်
အများကြီး ကုန်ကျစားရိတ်တွေ သက်သာသွားမယ် မဟုတ်ဘူးလား။ ဟဲ ဟဲ။ အဲဒါပြောချင်လို့
စလိုက်တာ ဒီရောက်အောင် မနည်းရုန်းလာရတယ်။ ဆရာဝန်တစ်ယောက်ကို အမ်းပို့ဖို့ဆိုတာ
မြွေဖမ်းရသလိုပဲ။ အဆိပ်ရှိသလား။ အဆိပ်မရှိဘူးလား အရင် အကဲခတ်ရတယ်။ ရေမြွေလို့
ကိုယ့်ပြန်မပတ်နိုင်တဲ့၊ သူ့အဆိပ်လောက်တော့ မဖြုံဘူးကွ လို့ သဘောထားနိုင်တဲ့
တစ်ယောက်ယောက်ကို အရင်ရွေးရတာပေါ့။ လွတ်တယ်ထင်ပြီး ကိုင်ပလိုက်တာ နောက်မှ
“ဆွေမျိုးတော်တယ် ဘယ်ကိုခေါ်မလဲ” ဆို တစ်လတောင် မပြည့်သေးဘူး။ ပြန်ပြောင်းပေးလိုက်တာ
ရှိတယ်။ အမ်းဆေးရုံထရန်စဖာနဲ့ မလေးဗီဇာ ကျကျသွားတာတွေလည်း နည်းမှတ်လို့။
ပို့တိုင်းလည်း မလာဘူး။ လာတိုင်းလည်း မနေဘူး။ နေတိုင်းလည်း မလုပ်ဘူး။
လုပ်တိုင်းလည်း မမြဲဘူး။ အဲဒီတော့ ပို့လို့ လာလို့ နေလို့ လုပ်လို့ရှိမှတော့
ပျော်အောင်ကလေး ထားကြပါတော့လားဗျာ။
နို့ မောင်ရင်က မပျော်လို့လား။
အစကတော့ ပျော်သဆို လို့ မေးရင် ပျော်သားပဲ။ ဒါပေမယ့် ကိုယ်တစ်ယောက်တည်း ပျော်နေလို့
အလုပ်မဖြစ်ဘူးလေ။ အမ်းကဆရာဝန်လေးတွေကြည့်လိုက်ရင် နေထိကြာလိုပဲ။
ရေလောင်းပေါင်းသင်မရှိတော့ နွမ်းဖတ်နေတာ။ အလုပ်က ခေါင်းမဖော်နိုင်ဘူး။
ဆေးခန်းထိုင်လို့ မရဘူး။ ဂျီပီကောင်းတဲ့ရွာတွေက မနိုင်ရင်ကာ ဖြူကာပြာကာကျမှ
အမ်းရောက်လာတာ။ ညနေတိုင်ကျရင် မူးမူးရူးရူး ထိပ်ပေါက်ခေါင်းကွဲတွေလာရင်
ခေါင်းတုံးရိတ်တဲ့ သန့်ရှင်းရေးအလုပ်သမားကသာ ငါးရာတစ်ထောင်စီမယ်။ စာအုပ်ဖိုး၊
ချုပ်ကြိုးဖိုး လေးငါးထောင်ကုန်သွားမယ်။ ဆရာဝန် ကတော့ အလကားလုပ်ရတယ်။ ကလေးလာမွေးရင်
အချင်းမြှုတ်ဖို့ အ၀တ်လျှော်ဖို့ နှစ်ထောင်သုံးထောင် ပေးရမယ်။ ဆရာဝန်ကတော့ အလကား
လုပ်ရတယ်။ ခွဲခန်းဝင်ရင် ကိုယ်ဝင်ရင် ၀င်သလောက် သူတို့လည်း လိုက်ကူရတယ်။
စောစောကပြောတဲ့ ကုန်ကျစားရိတ်တွေရှိတယ်။ ရှင်ဘုရင်လုပ်ပေးတဲ့ ကုလားကလေးတောင်
ဝန်ဆောင်ခရတယ်။ ဆရာဝန်ကတော့ အလကားလုပ်ရတယ်။ (ကိုယ်တောင် အလကားလုပ်မှတော့ သူတို့လည်း
ကျွန်ဝယ်ရာ အဆစ်ပါရတာပေါ့လေ)။ လေးငါးခြောက်လတော့ သည်းခံနိုင်မှာပေါ့။ တစ်နှစ်က
နှစ်နှစ်ဆို ခံနိုင်ရိုးလား။ တကယ်လို့များ အမ်းကို လခနှစ်ဆရတဲ့ ခက်ခဲဒေသထဲမှာ
အရင်တုန်းကအတိုင်း ထည့်ထားမယ်ဆိုရင်တော့ သူတို့လည်း နေရထိုင်ရ သည်လောက်
ဒုက္ခရောက်မယ် မထင်ပါဘူးလေ။
အမ်းလိုနေရာမျိုးမှာ
လာနေရတဲ့ဆရာဝန်တွေမှာ ဆုံးရှုံးရတဲ့ တခြားအခွင့်အရေးတွေလည်း အများကြီး ရှိပါသေးတယ်။
ကိုယ့်နေရာကိုယ် အော်ဒါထွက်နေတာ စာရွက်ကိုယ့်လက်ထဲရောက်ဖို့ သုံးလကြာတယ် လို့
ပြောပြီးပြီ။ ဒါတောင် ရောက်လာတာ ကျေးဇူးတင်ဦး။ နိုင်ငံခြားသွားဖို့၊
စာမေးပွဲဖြေဖို့၊ ရန်ကုန်ကလူတွေ မလိုချင့်အဆုံး အခွင့်အရေးတွေကို အမ်းကလူတွေ
စာရွက်ကလေးတောင် ဖတ်ခွင့်မရှိဘူး။ ကိုယ်သိချင် ကိုယ့်ဘာသာ စုံစမ်းယူပေါ့။
ဒီခေတ်ကြီးထဲ အဲသလောက် အ နေရင် လူလုပ်မနေနဲ့ လို့ အပြောခံရမယ်။ အသေးစိတ်တွေ
ဖွင့်ပြောမိရင် သည့်ထက်အောင့်တဲ့ ဒဏ်ရာတွေ ပေါ်လာမှာစိုးလို့ ပြောတော့ပါဘူး။
ကိုယ်နဲ့အတူတူ ဘူတန်ကပြန်လာတဲ့ဆရာဝန်တွေ အကုန်လုံး ရန်ကုန် မန္တလေး ပြန်ဝင်ကုန်ပြီ။
ကိုယ်ကတော့ သမီးကို ၀ါဆိုမိုးနဲ့ပြန်ခဲ့မယ် ပြောထားတာ နိုဝင်ဘာမှာလာမလား ဒီဇင်ဘာမှာ
လာမလား ဖြစ်နေတုန်းရှိသေးတယ်။ နေနိုင်ပါသော်ကောဗျာ။ မနေနိုင်စရာ မရှိပါဘူး။
နောက်လာမယ့်ဆရာဝန်ကတော့ သည်လိုချောင်ထိုးထားတတ်မှန်းသိရင် ဘယ်သူမှ လာမှာ မဟုတ်ဘူး။
(အဲဒါကြောင့် နေလက်စနဲ့ ဆက်နေလိုက်ပါ မောင်စံဖားရယ် ဆို ထားတာထင်တယ်)
တကယ်တော့ သည်လိုနေရာမှာ ဆရာဝန်လေးတွေ
ပျော်အောင်ထားဖို့ ဒေသခံတွေဘက်က လိုအပ်သလို ၀န်ကြီးဌာနကြီးဘက်ကလည်း
ပံ့ပိုးပေးနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ ဆရာဝန်အချင်းချင်း
စာနာထောက်ထားသောအားဖြင့်ပေါ့။ ကျွန်တော်တို့ဆီကထွက်တဲ့ ပျားရည်ပုလင်းကလေးတွေကို
မူဆယ် တာချီလိတ်က ဆရာဝန်တွေဆီကလာတဲ့ ဘလူးလေဘယ်ကြီးနဲ့ တန်ဖိုးတူတူထားရင်
ဘယ်လောက်ကောင်းမလဲ။ ခုတော့ ပျားရည်နဲ့ လူကြီးဆီ မျက်နှာပြရမှာ အားနာလို့ ကိုယ့်ဘာသာ
ဝမ်းချပြီး ဖြေသိမ့်နေရတယ်။ ရေးကတည်းက သုမနကျောမှာ ဒဏ်ရာတွေနဲ့လို့ဆိုတော့
အောင့်လုံးတွေ မနည်းမနောကြီးထွက်လာမှပဲ လို့ ထင်နေဦးမယ်။ ဟင့်အင်ပေါင်။
ဘာကျိတ်လုံးအောင့်လုံးမှ မရှိဘူးခင်ဗျ။ ထားလည်းပျော်ပျော် ခေါ်လည်းအေးအေးပဲ။ ဒဏ်ရာက
အခုမှအစဖော်တော့မှာ။
ကွန်တော့်အဒေါ်တစ်ယောက်က
ကျောင်းဆရာမဗျ။ မွေးချင်းထဲမှာ ပညာအထူးချွန်ဆုံးမို့ ပညာရေးကို ဦးစားပေးပြီး
ဆယ်တန်းအောင်အောင်ထား။ ဆရာအတတ်သင် ပြီးအောင်ဖြေ၊ ဘီအေဘွဲ့ယူ၊ ဘီအီးဒီဘွဲ့ယူနဲ့
ပညာရေးလောကမှာ လမ်းဆုံးအောင် လျှောက်ခဲ့တယ်ဗျ။ အိမ်ထောင်ကျတော့လည်း လူရိုးလူအေး
ကျောင်းဆရာတစ်ယောက်နဲ့ပဲ ကျတယ်။ လမ်းဆုံးတော့ ရွာရောက်တာပေါ့ခင်ဗျာ။ ဘယ်ရွာရောက်သလဲ
သိလား။ အလယ်တန်းပြဆရာမဘ၀နဲ့ပဲ အလုပ်ထွက်ပြီး ဈေးရောင်းစားရတယ်။
သူတသက်လုံးတက်လာခဲ့တဲ့ ပညာရေးပန်းတိုင်ကြီးကို အမှတ်တရအဖြစ်နဲ့တူပါတယ်။
သူ့ဆိုင်ကလေးကို နံမယ်ပေးထားတယ်။ “ဆရာမ စတိုး” တဲ့။ အစကတည်းက ဆိုင်ထွက်မှာဖြင့်လည်း
အဲဒီ B.A.(Ed), B.Ed.တွေ ဘာလုပ်ဖို့ တက်နေရသေးသတုန်း။ ဒါပေမယ့် ဆိုင်မထွက်
အလုပ်မထွက်လို့လည်း မဖြစ်တော့တဲ့ဘ၀။ ကျောင်းဆရာ ဆရာမ နှစ်ယောက်ရဲ့ ၀င်ငွေဟာ
သူတို့သားသမီးတွေ ကျောင်းစားရိတ်ကို ဘယ်လိုမှ မကာမိဘူး။ မိဘက ကျောင်းဆရာဆိုတော့
သားသမီးတွေက အကုန်ပညာထူးချွန်တယ်လေ။ အလုပ်ထွက်ပြီး စားဝတ်နေရေးရုန်းကန်မယ့်သူ
တစ်ယောက်မှ မပါဘူး။ အချင်းချင်း အပြိုင်အဆိုင် စာကြိုးစားကြတာ
ဟောတစ်ယောက်ဟောတစ်ယောက် ဆယ်တန်းအောင်ကုန်တော့ ဘယ်မိဘမျိုးက တစ်ယောက်ယောက်ကို
အနစ်နာခံဖို့ ပြောထွက်မှာလဲ။ နာချင်းနာ ကိုယ်ပဲ အနာခံလိုက်တော့တာပေါ့။
ကိုယ့်ဘ၀ရှေ့ရေးဆိုတာ ဘွဲ့ရရုံနဲ့ ရေရာတဲ့ကိစ္စ မဟုတ်ဘူး။ ကိုယ့်အောက်ကလူတွေ
တစ်ယောက်ပြီးတစ်ယောက် ကျောင်းအုပ်တွေ ဖြစ်ကုန်လည်း ကိုယ့်ကျတော့ နယ်လွှတ်တာ
မသွားနိုင်လို့ဆို အလယ်တန်းပြနဲ့ အိုသေအောင်ထားတော့တာလေ။ တကယ်တော့
သူမသွားနိုင်ဘူးဆိုပြီး ကပ်ရပ် အလုပ်လုပ်နေတဲ့ကျောင်းကလေးကိုက
နယ်မြို့ကကျောင်းကလေး။ သူ့ဘ၀တစ်သက်တာမှာ ပညာရေးအတွက်နဲ့ အချည်းနှီး
အချိန်တွေကုန်ခဲ့ရသလို မြင်မိတယ်။ (သူသင်ပေးခဲ့လို့ စာတတ်သွားတဲ့ တပည့်တပန်းတွေ
အများကြီး ရှိလိမ့်မယ် လို့ပဲ ဖြေသိမ့်လိုက်ပါတော့)။
နောက်တစ်ယောက်ကတော့ အမ်းရောက်မှ
တွေ့တာ။ သူလည်း ကျောင်းဆရာမတစ်ယောက်ပဲ။ တွေ့ခါစမှာ တော်တော်ဆူလိုက်သေးတယ်။
ကျွဲကောသီးသာသာလောက်ရှိတဲ့ ရင်သားကင်ဆာကြီးကို ဆရာဝန်မပြပဲ ဗိန္ဓောနဲ့ ကုနေလို့။
အနာကြီးက ကြီးးလွန်လွန်းလို့ ခွဲပြီး တပတ်လောက် ဆေးဆက်ထည့်ရတယ်။ အသားစအဖြေရပြီး
ဆေးသွင်းဆေးစားနဲ့ ကောင်းသွားတယ်။ တစ်နှစ်ကျော်ကြာတော့ ကိုယ့်ဆီက
ဆေးရုံဆင်းလက်မှတ်ပြန်လာတောင်းတော့ သေချာလည်း မသိမ်းဘူးဆို စိတ်တောင် တိုသေးတာ။
နောက်မှ ဖြစ်ကြောင်းကုန်စင်သိရတော့ ဒေါသတွေ အလိပ်လိုက်တက်လာတယ်။ တကယ်တော့ ဒီလူနာဟာ
မသေလို့ အခုလိုတွေ့ရတာ။ နို့မို့သေတာ မနှစ်ကတည်းက။ ဆေးရုံတက်၊ ခွဲစိတ်၊
ကင်ဆာဆေးသွင်း၊ ဆေးရုံဆင်း အဲဒီအထောက်အထား လက်မှတ်တွေကို သူတို့ရုံးက
အသိအမှတ်မပြုဘူး။ ဆေးခွင့် မပေးနိုင်ပါဘူးဆိုပဲ။ ဆရာဝန်ရေးတဲ့ လက်ရေးက ပီပီသသ
မရှိဘူးလို့ ပြောပြီး အသစ်ပြန်ရေးလာခဲ့ လို့ ပြောသတဲ့။ သူက ခွင့်မပေးရင်လည်း နေပစေ။
လစာမဲ့ခွင့်ပေါ့ လို့ ထားပေမယ့် နောက်ပိုင်း ပင်စင်တင်တဲ့အခါကျတော့ အဲဒီခွင့်ကိစ္စက
ပြဿနာ ပေါ်ပြန်ရောတဲ့။ သူ့ဌာနက ၀န်ထမ်းအချင်းချင်း ပတ်ရစ်နေတဲ့ပွဲမှာ ကိုယ့်လက်ရေးက
ဖတ်မရဘူးဆိုပြီး အမှုတွဲထဲ ဆွဲထည့်ထားတော့ မရတော့ဘူးလေ။ ကိုယ်နဲ့သိတဲ့
ပညာရေးမှူးဆီဖုန်းဆက်ပြီး အကူအညီတောင်းရပါတော့တယ်။ ကိုယ့်ဌာနက
ဝန်ထမ်းအချင်းချင်းတောင် ဖုန်းဆက်လိုက်ရမလား လုပ်လုပ်ယူရတဲ့
စီမံခန့်ခွဲအုပ်ချုပ်မှုအောက်မှာ မေတ္တာဖြန်းမှ လန်းဆန်းမယ် ဖြစ်နေကြရတဲ့
ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ဘ၀ကို တစ်ချက်ကလေးလောက် စောင်းငဲ့ကြည့်ရှု
စာနာစေချင်တဲ့အတွက် လူမြင်မကောင်းတဲ့ ကျောကဒဏ်ရာတွေ လှန်လှောပြသရပါတယ်ဗျာ။
အတိုင်အတောကတော့ ၀ါသနာကို မပါပါဘူး။ နောက်လာမယ့် မောင်ပုလဲ ဒိုင်းဝန်ထက်ကဲမယ်မှန်း
စောဖေတို့က နောကျေလှပေါ့။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။