By Myat Thi Ha on Thursday, November 8, 2012 at 11:51am ·
မောင်သော်က ပြောသောပုံပြင်
မျိုးဆက်မှန်သမျှ ခေါင်းမထောင်နိုင်အောင်
နှစ်ပေါင်းနှစ်ဆယ်ကျော် လက်စားချေ လာလိုက်တာ ကြည့်လိုက်စမ်းပါ နှမတော်ရယ်
ဗမာနိုင်ငံကြီးတခုလုံး အခု ဘယ်လို ဖြစ်နေပြီလဲ ဆိုတာကို” လို့ ပြောပြီး
ဦးနေဝင်းကြီးက အားပါးတရ ရယ်ချလိုက်ပါတယ်၊
မြန်မာနိုင်ငံနဲ့
အိမ်နီးချင်းထိုင်းနိုင်ငံတို့ဟာ ရာဇဝင်ထဲက မကျေနပ်မှုတွေကို ထုံးတို့မှတ်ထားပြီး
စီးပွားရေးအရ ဟန်ဆောင်အပြုံးတွေနဲ့ ဆက်ဆံနေကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်၊ အဲဒီ
ဟန်ဆောင် ဆက်ဆံနေခဲ့တာဟာလည်း နှစ်ပေါင်းရာချီကြာခဲ့ကြပါပြီ၊ စီးပွားရေးအရ ဘယ်လိုပဲ
အသာစီးရ ဆက်ဆံနေရစေဦးတော့ ထိုင်းနိုင်ငံဟာ နယ်ချဲ့ဗမာတွေကို ရာဇဝင်ကြွေးဆပ်ဖို့
အမြဲလို ခြောင်းမြောင်း နေခဲ့ပါသတဲ့။
ဗမာတွေဟာ အိမ်နီးချင်း ယိုးဒယားပြည် အခုတော့
ထိုင်းနိုင်ငံကို နယ်ချဲ့ကျူးကျော်ခဲ့တဲ့အပြင် နန်းဆက်ရင်သွေး တွေကိုလည်း
သုတ်သင်ခဲ့ပါတယ်။ ဒါ့အပြင် စစ်သုံ့ပန်းတွေ အဖြစ်လဲ ယိုးဒယားဘုရင်ရဲ့
အနွယ်တော်တွေကို ဗမာနိုင်ငံဆီ ခေါ်ဆောင်ခဲ့တယ်။ ရိုးရာအနုပညာတွေကိုလည်း ဗမာပိုင်
လုပ်ပြီး လက်ရှိအချိန်အထိ ကော်ပီရိုက်မရှိ့ သုံးနေတယ်လို့ ထိုင်းနိုင်ငံက
ယုံကြည်ခဲ့ပါသတဲ့၊ ဒါက ရာဇ၀င်ထဲက ဇာတ်လမ်းတွေ ဖြစ်ပါတယ်။
ဒီဘက်ခေတ်မှာတော့ ထိုင်းနဲ့
မြန်မာနိုင်ငံကြားမှာ အံ့သြစရာ ဇာတ်လမ်းတပုဒ် ဖြစ်ခဲ့တယ်လို့ ဆရာ မောင်သော်က က
ပြောခဲ့ဖူးပါတယ်။
မဆလခေတ်က ထိုင်းနိုင်ငံက မင်းသမီးတစ်ပါး
မြန်မာနိုင်ငံကို အလည်အပတ်ရောက်လာခဲ့ပါတယ်။ အဲဒီ မင်းသမီးဟာလည်း
နန်းဆက်ရင်သွေးတွေထဲက လူဝင်စား မင်းသမီး တပါးဖြစ်ပါတယ်။ သူမဟာ ဗမာတွေ သုတ်သင်မှာကို
မလိုလားတာကြောင့် သူမနဲ့အတူ သူမရဲ့ အချစ်ဆုံးအစ်ကိုတော်နဲ့ မောင်တော်တွေဟာ
ရင်ဝဓားစိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ သူတွေဖြစ်ကြပါတယ်။
အဲဒီမင်းသမီးဟာသူ့နိုင်ငံမှာပဲ လူဝင်စားဘဝနဲ့ မင်းသမီးဖြစ်ပြီး
လူ့ဘဝကိုပြန်လည်ရရှိနေပါတယ်။ သူ့နိုင်ငံတိုးတက်ရေး အတွက် ဆက်လက်တာဝန်ထမ်းနေသလို
လူမှုရေး လုပ်ငန်းတွေကို အထူးစိတ်ဝင်းစားတဲ့ မင်းသမီးတစ်ပါး ဖြစ်နေပါသတဲ့။
ခက်တာက မင်းသမီကသာလူ့ဘဝကိုပြန်ရခဲ့ပေမယ့်
သူ့အစ်ကိုတော်ဟာ ဘယ်ဘဝကိုရောက်နေတယ် ဆိုတာကို သူမ မသိရလေတော့ စိတ်မချမ်းမသာ
ဖြစ်နေရပါတယ်။ သူတို့မောင်နှမနှစ်ဦးဟာ တဦးကိုတဦး အင်မတန်ချစ်ကြသလို၊
သူတို့တိုင်းပြည်ကိုလည်း ချစ်ကြသူတွေဖြစ်တော့ သူတို့ကိုယ် သူတို့
သေကြောင်းမကြံခင်မှာ သစ္စာရေသောက် အဓိဌာန်ပြုခဲ့ကြပါတယ်။
ဖြစ်လေရာဘဝ ရောက်လေရာ အရပ်ကနေ ဗမာတွေကို
ပြန်လည်လက်စားချေနိုင်သူတွေဖြစ်ရပါလို၏လို့ အဓိဌာန်ပြုခဲ့ကြတာပါ။ နောက်ဆုံးတော့
မင်းသမီးခင်ဗျာ လူ့ဘဝကို ပြန်ရောက်မလာတဲ့ အစ်ကိုတော်အတွက် ဖြေမရတဲ့စိတ်ကို
ဒုန်းဒုန်ချပြီး ဖြစ်ချင်တာ ဖြစ်ရော့ဟယ် ငါတယောက်ထဲပဲ ဒင်းတို့ဗမာတွေကို
လက်စားချေတော့ မဟဲ့လို့ ဆုံးဖြတ်ချက်ချကာ မြန်မာနိုင်ငံကို ရာဇဝင်ကြွေး ဆပ်မယ့်
ခရီးထွက်ခဲ့ပါတယ်။
မြန်မာနိုင်ငံကိုရောက်တယ်ဆိုရင်ပဲ၊ မင်သမီးခင်ဗျာ
စိတ်မချမ်းမြေ့စရာအဖြစ်နဲ့ ရင်ဆိုင်တိုးခဲ့ရပါတော့တယ်။ အဲဒါကတော့ တခြားသူကြောင့်
မဟုတ်ပဲ ဦးနေဝင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုပါ မင်းသမီးဟာ ဦးနေဝင်းကို
တွေ့လိုက်တာနဲ့ ဘဝဟောင်းကအစ်ကိုတော်ဆိုတာ သိလိုက်ရလို့ဖြစ်ပါတယ်။ သူတို့တွေဟာ
ရှေးဘဝက သွေးရင်းတွေဆိုတော့ တွေ့တွေ့ချင်း ကြက်သီးမွှေးညှင်းတွေ ထသွားလို့
ဖြစ်ပါတယ်။ မင်းသမီးကသာ အဲသလို ဖြစ်ခဲ့ပေမယ့် ဦးနေဝင်းကတော့ ဘာမှမဖြစ်သလို
နေနေတော့ကာ မင်းသမီးလည်း သံသယ ဖြစ်ခဲ့ပါသေးတယ်။ ဒါ ငါ့အစ်ကိုတော်မှ ဟုတ်ပါလေစပေါ့။
နောက်တော့ အမှတ်အသားတခုကိုသွားတွေ့ လိုက်ပါသတဲ့။ (ဘာအမှတ်အသားဆိုတာကိုတော့
ဆရာကပြောမပြခဲ့ပါဘူး၊ သူတို့ချင်းသာ သိနိုင်တဲ့အမှတ် အသားလို့သာ ပြောခဲ့ပါတယ်)
သူ့မောင်တော် သေချာပြီဆိုတာ သိလိုက်ရတဲ့အချိန်ကစပြီး မင်းသမီးခင်ဗျာ တမှိုင်မှိုင်
တတွေတွေနဲ့ စိတ်မသာမယာ ဖြစ်ခဲ့ရပါတော့တယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေ ဖြစ်နေလေတော့ကား
ကလေးတွေလို ရန်တွေ့လို့ကလည်း မဖြစ်ပြန်ပါဘူး။ နှစ်ဦးချင်း လွတ်လွတ်လပ်လပ်တွေ့တဲ့
အချိန်မှပဲ ရင်ထဲရှိတာ ပွင့်ပွင့်လင်းလင်း ပြောတော့မဟဲ့လို့ မင်းသမီးက တေးထား
လိုက်ပါတယ်။
တညမှာတော့ ဦးနေဝင်းက မင်းသမီးကို ညစာစားပွဲနဲ့
တည်ခင်းဧည်ခံပါတယ်။ ဧည့်ခံတဲ့ အစားအစာ တွေကို ကြည့်တော့လည်း မင်းသမီးခင်ဗျာ
စိတ်မကောင်း ဖြစ်ရ ပါတယ်။ အစားအစာတွေဟာ အရင်ဘ၀က ထီးနန်းက စားဖိုမှူးတွေကို
သုံ့ပန်းအဖြစ် ခေါ်သွားပြီး ဗမာတွေရယူခဲ့တဲ့ ပွဲတော်ဆက်ချက်ပြုတ်နည်းတွေ
ဖြစ်နေလို့ပါပဲ။ ဟင်းပွဲတွေ ကြည့်ပြီး အတွေးလွန်နေတဲ့ မင်းသမီးကို ဦးနေဝင်းက
ဧည့်ဝတ်စကား ဆိုလိုက်ပါတယ်။
“မင်းသမီး သုံးဆောင်တော်မှုပါ၊ ရိုးရာဟင်းလျှာ
ပွဲတော်တွေ ချည့်ပါပဲ”
အဲသလိုပြောလိုက်ကာမှ မင်းသင်္မီးခင်ဗျာပိုပြီး
မစားနိုင် ဖြစ်ရပါတယ်။ ဘေးဘီမှာကလည်း ကျန်ဧည့် သည်တော်တွေ ဝန်ကြီးတွေနဲ့ဆိုတော့
ရာဇအိနြေ္ဒမပျက် ထိန်းသိမ်းပြီး ဟင်းပွဲတချို့ကို တို့ထိရုံ အဆင့်လောက်နဲ့
စားပွဲကို မြန်မြန်သိမ်းလိုက်ပါတယ်။ ဒီနောက်မှာတော့ အခွင့်အရေး တခုရလိုက်ပါတယ်။
ဦးနေဝင်းနဲ့ မင်းသမီးတို့ နှစ်ဦးချင်းတွေ့ဆုံ စကားပြောခွင့်ရတာဖြစ်ပါတယ်။
“အစ်ကိုတော်ဘုရား” ဒေါသသံနဲ့ ခေါ်လိုက်တာပါ။
(သူတို့နှစ်ဦးတွေ့တုန်း ပြောဆိုတဲ့ ဘာသာစကားကို ဘယ်သူမှ နားမလည်ကြပါဘူး။
ဘာ့ကြောင့်လဲဆိုတော့ နန်းသုံး ရှေးစကားတွေလို့ဆိုပါတယ်။) ဦးနေဝင်းက နှမတော်ကို
အပြုံးနဲ့ကြည့်ပြီး-
“ညီမတော်ကလည်း အစ်ကိုတော့်ကို ဒေါသတော်တွေ
ထွက်တော်မှုနေတာကို” လို့ ပြောလိုက်ပါတယ်။
“ဒေါသထွက်တော်မူရတာပေါ့၊ စဉ်းစားတော်မူပါဦး
အကိုတော်ရယ်၊ နှမတော်တို့ နန်းဆက်ရင်သွေးတွေကို သုတ်သင်၊ တို့တိုင်းဌာနေက
ပညာရှင်တွေကို စစ်သုံ့ပန်းအဖြစ် ခေါ်ဆောင်ခဲ့တဲ့ ဒီတိုင်းပြည်မှာမှ အစ်ကိုတော်က
လူ့ဘဝကို ပြန်အရယူပြီး ဒီနိုင်ငံတိုးတက်ရေး အတွက်တောင်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာတောင်တွေတောင် ချမှတ် ပြီး
အုပ်ချုပ်မင်းလုပ်နေလိုက်သေးတယ်” အီး အီး အီး ဆိုပီး လွတ်လွတ်လပ်လပ်
ငိုတော်မူလိုက် ပါတယ်၊ ညီမတော် ငိုနေတာကိုကြည့်ပြီး၊ ဦးနေဝင်းဟာ မချော့တဲ့အပြင်
ဟက်ဟက်ပက်ပက် ရာဇအိနြေ္ဒပျက်အောင်ကို ရယ်မောတော် မူနေပါတယ်။ ဆရာ့
ပြောစကားအရပြောရရင်တော့ အံ့ကျော် ရီသလို မဟုတ်ပါဘဲ၊ မင်းသားဝင်းမြင့် ရီသလို ရီနေတာ
ဖြစ်တယ်လို့ ဆိုပါတယ်)
“နှမတော် သင်သည်ကား ဟိုအရင်ဘဝကကဲ့သို့ပင် ပညာကိုသာ
လေ့လာဆည်းပူးတတ်တဲ့၊ ပညာလောဘ သာ ရှေ့တန်းတင်လေ့ရှိတဲ့ စိတ်နှလုံးသားနူးညက်တော်မူတဲ့
အပြစ်ကင်းစင်တော်မူတဲ့ နှမတော်လေး ဖြစ်တော်မူ၏၊ မောင်တော်ကဲ့သို့ မကောက်ကျစ်
မယုတ်မာတတ်သည် ကိုလည်း မောင်တော် လက်ခံယုံကြည်တော်မူ၏၊ ဒီမယ် နှမတော်
မောင်တော်ပြန် လည်မြင်ယောင်မိ ပါသည်နှမတော်” ဦးနေဝင်းကပင် သူတို့မောင်နှမရဲ့
နောက်ဆုံး သစ္စာဆိုခန်းကို နောက်ကြောင်းပြန်ပြခဲ့ပါတယ်။ ကဲ စကားရှည်နေမှာမို့
ဒီနေရာကနေပဲ တိုတိုတောင်းတောင်း ပြောပါရစေတော့။
ဗမာစစ်ည်တော်များ နန်းဆောင်တွေထဲ ဝင်လာခဲ့ပြီး
တွေ့သမျှ နန်းဆက်တွေကို သုတ်သင်နေချိန်တွင် ဦးနေ၀င်းတို့ မောင်နှမနှစ်ဦးဟာ
နန်းဘုံမြင့်ဆောင်ပေါ် ရောက်နေပြီး သစ္စာဆိုနေ ကြပါတယ်၊ ရောက်ရာဘဝကနေ ဗမာတွေကို
ပြန်လည်လက်စားချေခွင့် ရလိုပါ၏လို့ သစ္စာတိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့
နှစ်ဦးသားရင်ဝဓားစိုက်ကာ နန်းမြင့်ဆောင်ပေါ်မှ ခုန်ချပြီး သူတို့ကိုယ်သူတို့
လုပ်ကြံ လိုက်ကြ တာ ဖြစ်ပါတယ်။
“ဟုတ်တယ်လေ နှမတော်လဲ မှတ်မိတော်မူတာပဲ၊
ဒါ့ကြောင့် အစ်ကိုတော်ကို မတွေ့တော်မူတာနဲ့ ဖြစ်ချင်တာဖြစ်တော်မူ နှမတော်တယောက်ထဲပဲ
လက်စားချေတော်မူမယ်ဆိုပြီး ဒီနိုင်ငံတော်ကို ရောက်တော်မူ လာတာ ဖြစ်တော်မူပါတယ်”
လို့ လျှောက်ထားတော်မူပါတယ်။
နောက်ဆုံးမတော့ ဦးနေဝင်းက နှမတော်လေး
ရွှေစိတ်တော်အလိုကြ ပြုံးတော်မူနိုင်လောက်တဲ့ အထိ ပြောဆိုတော်မူနိုင်ခဲ့ပါတယ်။
ဦးနေဝင်းပြောလိုက်တာကတော့-
“နှမတော် တို့မောင်နှမ နောက်ဆုံးသစ္စာဆိုခဲ့တာကို
မှတ်မိတော်မူပါရဲ့လား” (မင်းသမီးက စကားတခွန်းမှ မပြောတော့ဘဲ အစ်ကိုတော်ပြောသမျှကို
အံ့သြဝမ်းသာ စိုက်ကြည့်နေပြီး ခေါင်းပဲညိမ့် နေပါတယ်) “တို့တွေဟာ ဖြစ်ရာဘဝ
ရောက်ရာနေရာကနေပြီး လက်စားချေလိုပါ၏လို့ ဆိုခဲ့ကြတာလေ၊ အစ်ကိုတော်
ပြောခဲ့ပြီးသားနော် ကောက်ကျစ်တဲ့နေရာမှာတော့ အစ်ကိုတော်ကို မီတဲ့သူ မရှိဘူးဆိုတာ၊
စိတ်ချစမ်းပါ ညီမတော်ရယ်၊ အစ်ကိုတော်ဟာ ဒီနိုင်ငံမှာ နေရာပေးခြင်းမခံရတဲ့
တရုတ်မိသာစုထဲမှာ လူပြန်ဖြစ်တာတောင် ဒီဘဝက မောင်တော့်ဖခင်ရဲ့
ပေါင်ကိုထိုးဂွင်းထိုးစေပြီး တနိုင်ငံလုံး မျက်လုံးလည်သွား အောင် လုပ်နိုင်ခဲ့တယ်။
စာတိုက်စာရေးလေးဘဝကနေ ပါတီဥက္ကဌကြီးနဲ့ နိုင်ငံတော်သမ္မတကြီးဖြစ်အောင်တောင်
လုပ်နိုင်ခဲ့တာပါ၊”(နှမတော်ကပြုံးနေပါတယ်) “မောင်တော်ဟာ တိုင်းပြည်ရဲ့
ဘဏ္ဍာတော်အားလုံးနဲ့ အာဏာအရပ်ရပ်ကို တယောက်ထဲအပိုင်စီးနိုင်ခဲ့ပြီးတဲ့အချိန်ကစပြီး
ဗမာတွေ ဗမာတွေ (ဒေါသသံနဲ့ပြောနေ ပါပြီ) ဗမာတိုင်းပြည်က လူမှန်သမျှ မျိုးဆက်မှန်သမျှ
ခေါင်းမထောင်နိုင်အောင် နှစ်ပေါင်းနှစ်ဆယ်ကျော် လက်စားချေ လာလိုက်တာ
ကြည့်လိုက်စမ်းပါ နှမတော်ရယ် ဗမာနိုင်ငံကြီးတခုလုံး အခု ဘယ်လို ဖြစ်နေပြီလဲ
ဆိုတာကို” လို့ ပြောပြီး ဦးနေဝင်းကြီးက အားပါးတရ ရယ်ချလိုက်ပါတယ်၊
မင်းသမီးကလည်း အစ်ကိုတော်ကို ကြည့်ပြီး
ကျေနပ်သွာပါလေတော့တယ်။
ဒါကတော့ ဆရာမောင်သော်က ပြောခဲ့တဲ့ လူဝင်းစား
ဦးနေ၀င်းအကြောင်းပုံပြင်ဖြစ်ပါတယ်၊
ဒီနေရာမှာ ကျနော်က ထပ်ဖြည့် ပြောလိုက်ချင်တာ
ကတော့ ဦးနေဝင်းဟာ သူနဲ့အတူလူဝင်စားပြန်ဖြစ်လာခဲ့တဲ့ ညီတော် တူတော်တွေကို ဗမာပြည်ရဲ့
အာဏာအရပ်ရပ်ကို ဟန်ဆောင်လွှဲပြောင်းပေးခဲ့ပြီး အာဏာကို ဆက်လက် ချုပ်ကိုင်ဖို့
ကြိုးစားခဲ့ပါတယ်၊ ဒါပေမယ့် အရင်ဘဝက သူ့ရဲ့ အနိုင်ကျင့်ခြင်းကိုခံခဲ့ရတဲ့
ကျောက်ဆည်နယ်ကိုအပို့ခံခဲ့ရတဲ့ ယိုးဒယားစစ်သုံ့ပန်း မိသားစုဘ၀တွေထဲကနေ
လူဝင်စား ပြန်ဖြစ်လာတဲ့ ညီတော်မင်းသားသန်းရွှေက သူ့ကိုအံတုပြီး တိုင်းပြည်အာဏာကို
အရယူကာ ဦးနေ၀င်းကို လက်စားချေခဲ့သလို မြန်မာနိုင်ငံကို လဲ အဆုတ်ပြတ်ဆုံး
နိုင်ငံအဆင့်ရောက်အောင် ဆက်လက် အုပ်ချုပ်နေပါပြီ၊ မြန်မာပြည်သူလူထုတွေကို
အရှိန်အဟုန်မြင့် ဆက်လက် လက်စား ချေနေကြောင်းပါခင်ဗျား။
ဆရာမောင်သော်က ပြောတဲ့ ပုံပြင်တွေကို
နာဆင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊
စိတ်ချမ်းမြေ့ ပြုံးနိုင်ကြပါစေ၊ ကျနော်
ကိုဂျေပါ ခင်ဗျာ၊

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။