နောင်တစ်ချိန်မှာ ကိုယ်ရိုက်ခဲ့တဲ့ကားကို ပြန်ကြည့်လို့ နောင်တရစရာဖြစ်နေမှာမျိုး မလုပ်ခဲ့ချင်ဘူး
အေးသူစံ
အတွဲ (၁၁)၊ အမှတ်(၃၇)
အေးသူစံ
အတွဲ (၁၁)၊ အမှတ်(၃၇)
မန္တလေးရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးက ၂၀၁၀ ပြည့်နှစ်အတွင်းမှာ ရိုက်ကူးခဲ့ပြီး ၂၀၁၁ ခုနှစ်အတွင်း မုံရွာမြို့မှာ ရုံတင်ပြသခဲ့တဲ့အတွက် ၂၀၁၁ အကယ်ဒမီစာရင်းမှာ စာရင်းဝင်သွားတဲ့ “ထာဝရအလင်းတန်းများ” ရုပ်ရှင်ဇာတ်ကားဟာ အကယ်ဒမီဆုပေးပွဲ နီးလာတာနဲ့အမျှ ထူးချွန်ဆုတွေ
ရနိုင်ခြေအများကြီးရှိတဲ့ ဇာတ်ကားလို့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်လာပါတယ်။
အကယ်ဒမီစိစစ်ရွေးချယ်ရေး အဖွဲ့ဝင်တစ်ဦးကိုယ်တိုင်က ဒီဇာတ်ကားဖန်တီးသူ ဒါရိုက်တာထွန်းအောင်ဇော်ဟာ ဒါရိုက်တာထူးချွန်ဆုရနိုင်တယ်လို့ ပြောကြားထားပါတယ်။ မန္တလေးကနေ ၂၂ မိုင်အကွာ ချောင်ကြိုချောင်ကြားက ၀ါးနက်ရွာလေးမှာ အခြေစိုက်ပြီး အကြောင်းကြောင်းကြောင့် စာသင်ကျောင်းကိုပစ်ပယ်ကာ လုပ်ငန်းခွင်ဝင်နေရတဲ့ ကလေးတွေကို စာသင်ကျောင်းပေါ်ရောက်အောင် ကြိုးစားလှုံ့ဆော်ခဲ့တဲ့ ကျောင်းဆရာလေး စောကျော်အေးဘ၀ကို ရိုက်ကူးခြယ်မှုန်းပြထားတဲ့ ရှားပါးကျောင်းဆရာဇာတ် ဖြစ်နေတာကြောင့်လည်း အကယ်ဒမီဆုတွေ အများကြီးရနိုင်တယ်လို့ အနုပညာရှင်တွေကပါ ပြောဆိုခန့်မှန်းနေကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို နိုဝင်ဘာ ၁၆ ရက်မှာ နေပြည်တော်မှာ ရုံတင်မှာဖြစ်ပြီး ရန်ကုန်မှာတော့ နိုဝင်ဘာလကုန်ပိုင်းမှ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားဖန်တီးသူ ဒါရိုက်တာထွန်းအောင်ဇော်ဟာ ၂၀၁၀ တုန်းကလည်း “ငါ့ဓား၊ ငါ့သွေး၊ ငါ့ဧရာဝတီ” ဇာတ်ကားနဲ့ အကယ်ဒမီဆန်ခါတင်စာရင်း ၀င်ခဲ့သူပါ။ လက်ရှိမှာ ရုပ်ရှင်ကားကြီးငါးကား ရိုက်ကူးထားတဲ့ ဒါရိုက်တာထွန်းအောင်ဇော်နဲ့ “ထာဝရအလင်းတန်းများ” ဇာတ်ကား အကယ်ဒမီရင်ခုန်သံများကို မေးမြန်းခဲ့ပါတယ်။
“ထာဝရအလင်းတန်းများ” ဇာတ်ကားဟာ ၂၀၁၁ ခုနှစ်ရဲ့ အကယ်ဒမီဆန်ခါတင်စာရင်းထဲမှာ အတော်လေးရေပန်းစားတဲ့ဇာတ်ကား ဖြစ်နေပါတယ်။ ဒီကားနဲ့ ဒါရိုက်တာထူးချွန်ဆုရမယ်လို့ ခန့်မှန်းနေကြတဲ့အပေါ် ဦးရဲ့ခံစားချက်က ဘယ်လိုများရှိပါသလဲ။
ခံစားမှုတော့မရှိပါဘူး။ သူများပြောရင်တော့ ဟုတ်များနေမလားလောက်ပဲရှိတယ်။ ကျွန်တော် ဒီကားကိုစရိုက်ကတည်းကိုက ကားကောင်းဖို့ရည်ရွယ်ပြီး ရိုက်တာ။ အကယ်ဒမီရဖို့ရိုက်တာမဟုတ်ဘူး။ ထုတ်လုပ်သူရီမြင့်ရုပ်ရှင်ကလည်း ပံ့ပိုးပေးတယ်။ ဒီပြင့် မင်းသား၊ မင်းသမီးနဲ့ရိုက်မယ်ဆိုလည်း ရက်ကအဆင်မပြေလို့ သူ့သားနဲ့ရိုက်ဖြစ်တာ။ အကယ်ဒမီချီးမြှင့်ခံရရင်တော့ ထိုက်တန်လို့ ပေးတယ်လို့ပဲ မှတ်ပါတယ်။ အကယ်ဒမီရပါစေလို့ မျှော်လင့်ပြီး ရိုက်ခဲ့တာတော့ မဟုတ်ပါဘူး။ အရင်ကလည်း အကယ်ဒမီဆန်ခါတင်ထဲမှာ အရင်ကလည်း ငါ့ဓား ငါ့သွေးတုန်းကလည်း ဖြစ်ဖူးတယ်။ ဆရာသမားတွေကလည်း ပြောကြတော့ ငါများဖြစ်နေမလားပေါ့။ တကယ်တမ်းကျတော့ ကျွန်တော်နဲ့လွဲသွားတယ်။ အကယ်ဒမီရင်ခုန်သံနဲ့ ပတ်သက်ရင်တော့ နည်းနည်းအရေထူသွားပြီ။ (ရယ်လျက်)
ဒီဇာတ်ကားက ကျေးလက်မှာ ကျောင်းဆရာတွေ များများပေါ်ထွက်လာစေချင်တဲ့ မက်ဆေ့ခ်ျကို ပေးထားတယ်လို့ သိရပါတယ်။ အဲဒီအတိုင်း တစ်ထပ်တည်း ဖန်တီးနိုင်ခဲ့တယ်လို့ ထင်ပါသလား။
ကျောင်းဆရာတစ်ယောက်ဘ၀မှာ ကျေးလက်က ကလေးတွေအတွက် ဘယ်လိုအနစ်နာခံခဲ့တယ် ဆိုတာကိုတော့ ကျွန်တော် ပီပြင်အောင် ပုံဖော်နိုင်ခဲ့ပါတယ်။ ဒီကားရိုက်ဖို့စီစဉ်တာ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကတည်းကပါ။ အခု မင်းသားနောင်နောင့်နေရာမှာ ကျော်ရဲအောင်နဲ့ရိုက်ဖို့ပါ။ ဇာတ်တင်ပြီးမှ မရိုက်ဖြစ်ဘူး။ ဒါပေမဲ့ ကိုယ်လုပ်ချင်တဲ့အလုပ်မို့ ဖြစ်အောင်လုပ်မယ်လို့ကြိုးစားပြီး ရိုက်ခဲ့တာ။ နောက်ဆုံး ဦးဇော်မြင့်နဲ့ရိုက်ဖြစ်တယ်။ ဒီကားကိုရိုက်ဖြစ်ဖို့ ကာတွန်းဖတ်ဖို့ တိုက်တွန်းခဲ့တာက ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)။ ဒီကားထဲမှာ ကလေးတွေ ရေထဲမှာ ပိုက်ချရင်းနဲ့ ရေနစ်တဲ့အခန်းပါတယ်။ ကာတွန်းထဲမှာကျတော့ ဆော့တဲ့ကလေးတွေ ဒေါင်းနေချောင်းထဲမှာ ဆီးသီးသွားကောက်တုန်း ရေကျလာတော့ မပြေးနိုင်တဲ့ ကလေးတွေကို သွားကယ်ရင်းနဲ့ ဆရာလေးက အသက်စွန့်သွားတာ။ ကျွန်တော့်ကားကို ကြည့်ပြီးတဲ့သူတွေက ဇာတ်ကိုကြိုက်ပေမယ့် နောင်နောင်က ကျောင်းဆရာဖြစ်ပြီး ဆံပင်ရှည်နေတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ နယ်တွေမှာ တကယ်ထိတွေ့ရတဲ့ ကျောင်းဆရာတွေဆို ဆံပင်ရှည်ရုံမကဘူး။ စုတ်ပြတ်ပြီး ရုန်းကန်နေကြရတာ။ ကျောင်းအုပ်ဆရာကြီးဆိုလည်း အခန်းကျဉ်းလေးထဲမှာ အပင်ပန်းခံပြီး လုပ်နေရတာ။ ဒါတွေကကုန်ကြမ်းတွေပဲ။ ဒါတွေကိုစုပြီး ရိုက်ရတာ။
အရင်ခေတ်တုန်းက ဖက်ဖူးရောင်၊ ဘယ်သူပြိုင်လို့လှပါတော့နိုင်၊ ပယင်းရောင်တို့လို ကျောင်းဆရာဇာတ်ကားတွေက ပြည်သူတွေနဲ့ နီးစပ်ခဲ့တယ်။ ထာဝရအလင်းတန်းများမှာရော ဒီနေ့ခေတ် ဆရာနဲ့ကျောင်းသားလေးတွေရဲ့ဘ၀က ပရိသတ်နဲ့သဟဇာတဖြစ်မယ်လို့ ထင်ပါသလား။
အဲဒါကတော့ ၅၀၊ ၅၀ လောက်စီပဲရှိမယ်။ အရင်ခေတ်ကတော့ ဆရာကို ဘယ်လိုရိုသေရမယ်ဆိုတာရှိတယ်။ လူတွေအားလုံးက ဆရာတွေကို လေးစားကြတယ်။ ဒီဘက်ခေတ်မှာတော့ နည်းသွားကြတယ်။ ဘယ်သူပြိုင်လို့လှပါတော့နိုင်တို့ ၊ပယင်းရောင်တို့လိုမျိုးတော့ ရှိမယ်မထင်တော့ဘူး။
ဒီဇာတ်ကားမှာ သရုပ်ဆောင်သစ်တွေရော၊ ကလေးသရုပ်ဆောင်တွေရော ပါနေတော့ ဇာတ်ကားဖန်တီးစဉ်က အခက်အခဲလေးတွေကို ပြောပြပေးပါဦး။
အသစ်တစ်ယောက်ကို ရိုက်ရတာ ပင်ပန်းပါတယ်။ သူက ရီမြင့်ရုပ်ရှင်ရဲ့သားဆိုပေမယ့် သူ့ရဲ့လှုပ်ရှားမှု၊ သရုပ်ဆောင်ချက်တွေကအစ နည်းနည်းစိမ်းတာလေးတွေရှိတယ်။ ကလေးသရုပ်ဆောင်တွေမှာ တကယ်ကောင်းတဲ့တော်တဲ့ ကလေးတွေပါသလို မတော်လို့
ကောင်းအောင်မနည်းရိုက်ခဲ့ရတဲ့ ကလေးတွေပါတယ်။ ခဲတံခိုးတဲ့ကလေး အောင်သူရဆို ကလေးသရုပ်ဆောင်သင်တန်းမှာ သွားရွေးတော့ ရုပ်ကလေးက ချစ်စရာလေး။ သူ့ရွေးမယ်ဆိုတော့ ဆရာလုပ်တဲ့သူက သူ့ကိုတာဝန်မယူဘူး။ ကျွန်တော်က သူ့ရုပ်လေးကိုချစ်တော့ မင်းလုပ်မလား။ မင်းကိုမကောင်းဘူးလို့ သူများကပြောနေတယ်၊ မင်းလုပ်မှရမယ်ဆိုတော့ ကလေးကလုပ်မယ်တဲ့။ သူ့ကိုရိုက်တာ နှစ်ရက်၊ သုံးရက်လောက်ကြာတော့ တချို့ငြိုငြင်ကြတယ်။ ကားပြီးလို့ကြည့်လိုက်တော့ အဲဒီကလေးလေးက တော်တော်ကောင်းသွားတယ်။ ပင်ပန်းရကျိုးနပ်တာပေါ့။
ဒီကားမှာ ဦးလေးအပြင်တခြား ဘယ်လိုဇာတ်ရုပ်တွေ၊ အတတ်ပညာပိုင်းဆိုင်ရာဆုတွေ ရနိုင်မယ်လို့ ထင်ပါသလဲ။
ဦးညွန့်ဝင်းလည်း ကောင်းတာပဲ။ အခန်းနည်းတော့ မှန်းရတာနည်းနည်းခက်တယ်။ ကိုလူမင်းဆိုလည်း မင်းသားတန်းကနေ ပန်းပုဆရာချက်ကြီးဆိုတဲ့ ဇာတ်ပို့နေရာ ဆင်းရိုက်တယ်။ စာမတတ်ဘဲနဲ့ စာတတ်ချင်ယောင်ဆောင်တဲ့ ဟာသကနေ ဒရာမာကိုချိုးသွားတဲ့ ကိုမော့စ်လည်းကောင်းတာပဲ။ နောင်နောင်ဆိုလည်း အသစ်တစ်ယောက်ပေမယ့် သူ့တာဝန်သူကျေအောင် လုပ်နိုင်တယ်။ မယ်လိုဒီဆိုလည်း
ဆေးရုံကဆင်းလာပြီး ဗိုက်ခွဲထားတဲ့ ဒဏ်ရာကြီးနဲ့ကို ကျွန်တော်က ရေထမ်းတဲ့အခန်းရိုက်တော့ ရေပုံးကိုပြည့်ချင်တယ်။ မယ်လိုဒီက အဲဒီရေပုံးအပြည့်ကို ထမ်းတယ်။ သူ ဒီကားမှာ တည်တည်ငြိမ်ငြိမ်နဲ့ သူလုပ်သွားနိုင်တယ်။ ကလေးသရုပ်ဆောင် အိစိကွေး၊ အောင်သူရတို့လည်း ကောင်းကြတယ်။
နောင်နောင်က ထုတ်လုပ်သူသားဖြစ်တော့ ဦးဖန်တီးချင်တဲ့ ဇာတ်ရုပ်ကို အမီမလိုက်နိုင်မှာ စိုးရိမ်မှုဖြစ်ခဲ့လား။
မဖြစ်ဘူး။ ကျွန်တော် ကားရိုက်ရင် မင်းသားက စွက်ဖက်တာ လုံးဝလက်မခံဘူး။ ကျွန်တော့်ဘက်ကလည်း ကိုယ်နားလည်ရမယ့် အနုပညာပိုင်း အတတ်ပညာပိုင်း အားလုံးဖြည့်ထားတယ်။ မရိုက်ခင်တည်းက သူ့အဖေကို ပြောထားတယ်။ ရိုက်မယ့်နေရာက မန္တလေးနဲ့ ၁၄ မိုင် ဝေးတယ်။ ရိုက်ကွင်းကို ၁၀ နာရီ အရောက်လာဖို့ မင်းသားက ၈ နာရီခွဲလောက် အိပ်ရာထရမယ်လို့။ ၁၀ နာရီမှ ရိုက်ကွင်းမရောက်ရင် နောက်ရက်မလာနဲ့လို့ အပြတ်ပြောထားပြီးသား။ သူ့ကိုမှမနိုင်ရင် နောက်ကပါလာတဲ့ ၀ါရင့်သရုပ်ဆောင်တွေကို ထိန်းလို့ရမှာမဟုတ်ဘူး။ သူ့ကို ထုတ်လုပ်သူသားမို့လို့ အခွင့်အရေးသွားပေးလိုက်ရင် တခြားလူတွေပေါ် မမျှမတဖြစ်သွားမယ်။
ရိုက်ကွင်းပေါ်ရောက်မှ ဒေသအခြေအနေကြောင့် ပြောင်းလဲရိုက်ကူးရတဲ့ရိုက်ကွင်း ရှိပါသလား။
ရှိတာပေါ့။ စာသင်ကျောင်းကြီးမှာ သံချောင်းခေါက်တဲ့အခန်းတွေ၊ ကလေးတွေ ကျောင်းမှာ ဆော့ကစားနေတာတွေကို ရိုက်ပြချင်တယ်။ ဒါပေမဲ့ ရှိတဲ့ကလေးအနေအထားနဲ့ ကျောင်းအနေအထားကြောင့် နည်းနည်းပြုပြင်ပြောင်းလဲ ရိုက်ခဲ့ရတယ်။ တချို့ကျောင်းတွေဆို ရိုက်ချင်တယ်လို့ သွားပြောတော့ ပညာရေးဌာနကိုတင်ပါလို့ ပြောတယ်။ ဇာတ်သိမ်းမှာ စာသင်ကျောင်းကြီးတစ်ကျောင်းကို ပြချင်လို့ တကယ့်စာသင်ကျောင်းကြီးကိုရိုက်ဖို့ သွားခွင့်တောင်းတော့ ကျောင်းအုပ်ဆရာကြီးကခွင့်မပြုဘူး။ ကျောင်းအစစ်ကို မရိုက်ရတဲ့အတွက် ဒီပြင့် အဆောက်အအုံတစ်ခုကို ကျောင်းလို့လိမ်ပြီးပြလိုက်ရတာ စိတ်မကောင်းဘူး။
“ထာဝရအလင်းတန်းများ”ဟာ ဒရာမာစစ်စစ်ဖြစ်တယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း ဈေးကွက်ကို ဦးဆောင်နေတဲ့သူတွေ မဟုတ်တော့ ဒီကားကို ဖန်တီးချိန်မှာ စိုးရိမ်စိတ်တွေ အနည်းနဲ့အများ ဖြစ်မိလား။
ဒါက ထုတ်လုပ်သူသတ္တိပဲ။ ဒီဇာတ်ကို သူ့ကိုပြတဲ့အချိန် သူကြိုက်တယ်။ ရိုက်မယ်ဖြစ်သွားတယ်။ သူကလည်း ရုပ်ရှင်ကို ခုမှစထောင်တာ မဟုတ်ဘူးလေ။
“သင်္ကြန်မိုး”တို့၊ “ဒဏ္ဍာရီ”တို့ “ပန်းချစ်သူ”တို့ ကားမျိုးတွေနဲ့ ပိုက်ဆံရအောင် လုပ်ခဲ့ဖူးတဲ့သူပဲ။ အခု သင်္ကြန်မိုးမှာ သင်္ကြန်တိုင်းမှာ ပြနေရတဲ့ကားပဲ။ ဖန်တီးတဲ့သူက တစ်ခုထက်တစ်ခု ပိုကောင်းအောင် ဖန်တီးရမှာပဲ။
ဖျော်ဖြေရေးထက် ဘ၀သရုပ်ဖော်ကို အားပေးတဲ့ ဒရာမာဇာတ်ကားတွေ လာကြည့်ဖို့ ပရိသတ်ကို ဘယ်လိုဆွဲဆောင်ရမယ်လို့ ထင်ပါသလဲ။
ဒါကတော့ အစွယ်ရှိတဲ့သူက အစွယ်အားကိုးတယ် ဆိုသလိုပေါ့။ ကျွန်တော် မသေခင်အချိန်အထိ နောင်တစ်ချိန်မှာ ကိုယ်ရိုက်ခဲ့တဲ့ကားကို ပြန်ကြည့်လို့ နောင်တရစရာ ဖြစ်နေမှာမျိုး မလုပ်ခဲ့ချင်ဘူး။ ရှက်နေစရာအကြောင်း မရှိဘူး။ ထုတ်လုပ်သူက ဒရာမာရိုက်လို့ ကျွန်တော်နဲ့ မရိုက်ချင်ဘူးဆိုလဲ ဒါသူ့ရွေးချယ်မှုပါပဲ။ မရိုက်ရလို့ နောင်တလည်းမရပါဘူး။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။