by Aungmyo Tun on Sunday, November 4, 2012 at 9:31pm ·
၁။
တရားဥပဒေစိုးမိုးတိုင်း တရားမျှတမှုရှိမယ် ဆိုရင် ၁၉၆၀
ကျော်
Civil Rights Movements တွေ ပေါ်လာစရာမရှိဘူး။ တောင်အာဖရိက လူ့ အခွင့်အရေး
လှုပ်ရှားမှုတွေ ရှိလာစရာလိုမှာ မဟုတ်ဘူး။ တရားဥပဒေစိုးမိုးခြင်းက လူအခွင့်အရေးရဲ့ 
အစိတ်အပိုင်းတခုသာဖြစ်ပြီး ၊ တရားဥပဒေစိုးမိုးရုံနဲ့ တရားမျှတမှူရှိမယ်လို့ အာမခံလို့မရဘူး။
၂။ တရားဥပဒေစိုးမိုးရေးဆိုတာ ကြားနေပြီး ၂ ကောင်စလုံးမှားတယ်ပြောတဲ့အလုပ်
မဟုတ်။ မတရားလုပ်တာဘယ်သူလဲ ဘာလို့မတရားလဲဆိုတာပြောပြီး တရားမျှတမှုရှိအောင်
တဘက်က ရပ်တည်ပေးတာ။ ချိန်ခွင်ရဲ့ အနစ်သာရက အဲဒါပဲ။
၃။ မတရားတအခြေအနေမှာ ၂ ကောင်စလုံးမှားတယ် ပြောတာက မတရားလုပ်သူကို
အားပေးစေပြီး ခံရတဲသူကို အစွန်းရောက်စေတယ် ။ ဒါဟာ တည်ငြိမ်တဲ့အခြေအနေ
တရားမျှတမှုကို ရေရှည်ဖြေရှင်းနိုင်မှာ မဟုတ်။
၎။ တရားဥပဒေစိုးမိုးရေးကို လုံထိန်း အလုပ်လို့ အဓိပ္ဖာယ်ဖွင့်ရင်တော့ ကော်မတီတောင်
မလိုဘူး။ လုံထိန်းတွေလုပ်တတ်ပြီးသားပဲ။
(Amara Thiha ၏ status မှ..)
...............................................................................................
မြန်မာနိုင်ငံရေးသမားတွေရဲ့ မိန့်ခွန်းတွေထဲမှာ ရူးအော့ဖ်လော (rule of law)ဆိုတာတချိန်လုံး
ကြားနေရတယ်။ စစ်လွှတ်တော်ထဲမှာလည်း လွှတ်တော်တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး
ကော်မတီဆိုပြီး ကော်မတီတရပ်ပေါ်ထွန်းလာတယ်။ နိုင်ငံတကာမှာတော့ တရားဥပဒေစိုးမိုးရေး
လို့ ပြောကြရင် တရားဥပဒေဟာ နိုင်ငံသားတိုင်းအပေါ်ကို ညီတူညီမျှ သက်ရောက်စေရမယ်ဆိုတဲ့
သဘော။ ဘယ်သူမှလည်း တရားဥပဒေ အထက်မှာ မရှိစေရဘူးတဲ့။
မြန်မာနိုင်ငံမှာရော ဒီဥပဒေတွေကို ဘယ်သူက ရေးဆွဲသလဲ။ တရားမျှတသော ဥပဒေတွေ
ဟုတ်ပါရဲ့လား။ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး ရေးဆွဲထားတဲ့ ဥပဒေတွေ
ဟုတ်ပါရဲ့လား၊ နိုင်ငံသားတိုင်းကို ညီတူညီမျှ သက်ရောက်နေပါရဲ့လား.. .စတဲ့အချက်တွေကို
ဆက်ပြီး စဉ်းစားဖို့ တော့ လိုမယ်။ နောက်ပြီးတော့ တရားဥပဒေရှေ့ မှောက်မှာ နိုင်ငံသားတိုင်းဟာ
တန်းတူညီမျှ အခွင့်အရေး ရကြပါသလား။
နိုင်ငံအုပ်ချုပ်ရေးယန္တယားရဲ့ ပင်မအချက်အခြာ အသက်သွေးကြောတမျှ အရေးကြီးလှတဲ့
၂၀ဝ၈ အခြေခံဥပဒေမှာ စစ်တပ်ကိုယ်စားလှယ်တွေက လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို
ယှဉ်ပြိုင်စရာမလိုဘဲ ရတယ်ဆိုတော့ စစ်သားများဟာ အရပ်သားများထက် တဆင့်မြင့်တဲ့
အခွင့်ထူးခံ လူတန်းစားတရပ်လို ရှိနေတယ် ဆိုတာ တွေ့ ရတယ်။ ဒါ့အပြင် သမ္မတနဲ့ ဒုသမ္မတ
ရာထူးအတွက်လည်း စစ်ရေးအမြင် ရှိရမယ် ဆိုတဲ့ အချက်နဲ့  အရပ်သားက သမ္မတ
မဖြစ်နိုင်အောင် ကန့် သတ်ထားပြန်တယ်။ ဒီတော့ ၂၀ဝ၈ အခြေခံဥပဒေအောက်မှာ
နိုင်ငံသားတိုင်းဟာ တန်းတူညီမျှ မရှိဘူး ဆိုတာ အထင်းသား ပေါ်လွင်နေတယ်။ ယခင်
စစ်အစိုးရ အဆက်ဆက် လက်ထက်က တာဝန်အရ လုပ်ဆောင်ခဲ့တာတွေကို မှားမှားမှန်မှန်
နောက်ကြောင်းပြန် အရေးယူခြင်း မရှိရဘူးဆိုတဲ့ အချက်ကြောင့် စစ်အစိုးရအဖွဲ့ ဝင်များဟာ
တရားဥပဒေအထက်မှာ ရှိနေကြတာကို တွေ့ ရပြန်ရော။ ပဒေသရာဇ်ခေတ်က ရှင်ဘုရင်တွေဟာ
တရားဥပဒေအထက်မှာရှိတဲ့ သဘောမျိုး။
လက်ရှိ မြန်မာပြည်က ဥပဒေတွေဟာ နိုင်ငံသားတိုင်းကို အညီအမျှ သက်ရောက်စေခြင်း
မရှိတဲ့ ဥပမာတခုကတော့ အစိုးရကို ထောက်ခံ ဆန္ဒပြသူတွေအပေါ် တရားစွဲဆို အရေးယူခြင်း
မရှိဘဲ အာဏာပိုင်တွေက မျက်စိမှိတ် ခွင့်ပြုပေးထားချိန်မှာ အစိုးရကို ဝေဖန်ဆန့် ကျင်တဲ့
သဘောကိုဆောင်တဲ့ ဆန္ဒပြတောင်းဆိုသူတွေကိုတော့ ဥပဒေ ချိုးဖောက်သူများအဖြစ်
တရားရုံးပေါင်း မြောက်မြားစွာမှာ တပြိုင်နက်တည်း တရားစွဲဆို အရေးယူနေခြင်းပါပဲ။
စီတန်းလှည့်လည်ဆန္ဒပြခွင့် လျှောက်ထားတဲ့အခါ ရက်များစွာ ကြိုတင်လျှောက်ထားရခြင်း၊
ခွင့်ပြုချက်ထုတ်မပေးခြင်း စတဲ့ အချက်တွေကိုယ်တိုင်ကလည်း ဥပဒေရဲ့ ဖိနှိပ်ချုပ်ချယ်လိုတဲ့
သဘောနဲ့  ဥပဒေကို ထိန်းသိန်းစောင့်ရှောက်ရမယ့် ဥပဒေဘက်တော်သားတွေရဲ့  အာဏာ
အလွဲသုံးစားလုပ်မှုတွေကို ထင်ဟပ်နေစေပါတယ်။ မတရားတဲ့ ဥပဒေကို ကာကွယ်ထိန်းသိမ်း
စောင့်ရှောက်ခြင်းကို တရားဥပဒေစိုးမိုးရေး လို့  ခေါ်ဆိုလို့  မရပါ။ အုပ်ချုပ်သူအစိုးရက
နိုင်ငံသားများကို ဖိနှိပ်ရာမှာ အသုံးချတဲ့ နည်းလမ်းတခုမျှသာ ဖြစ်နေပါလိမ့်မယ်။
ပြည်သူလူထုကို အင်မတန်ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ နဝတခေတ်၊ နအဖ ခေတ် စတဲ့ စစ်အစိုးရ
အဆက်ဆက် လက်ထက်တုန်းက “ဥပဒေ ဘောင်တွင်း နေထိုင်ခြင်းဘေးကင်းရန်ကွာ
လွန်ချမ်းသာ” ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ လမ်းမကြီးတွေဘေးမှာ ပြူးနေအောင် ထောင်ထားတာ
တွေကြုံခဲ့ကြရဖူးပါတယ်။
“မတရားတဲ့ဥပဒေဆိုတာ ဥပဒေလုံးဝ မဟုတ် ဘူး” လို့ စိန့် သြဂတ်စတင်းက
ပြောဘူးပါတယ်။ မတရားတဲ့ဥပဒေတွေကို ပြည်သူတွေအပေါ်မှာ ကျင့်သုံးလာရင် ကိုယ့်မှာ
အဲဒီ ဥပဒေတွေကို ချိုးဖောက်ခွင့် ရှိတယ်။ တွန်းလှန်ကာကွယ်ခွင့် ရှိပါတယ်။ တွန်းလှန်ကာကွယ်
ရမယ့်ဝတ္တရား ရှိတယ် လို့ တောင် ပြောနိုင်ပါတယ်။ ဥပဒေဆိုတာ ပြည်သူပြည်သားတွေ
အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေသာဖြစ်ရမှာ ဖြစ်ပြီး အုပ်ချုပ်သူအစိုးရရဲ့ 
အာဏာကို ကာကွယ်ရန် သက်သက် ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေ မဖြစ်စေရပါ။
(ကိုပေါ ၏ “တရားဥပဒေစိုးမိုးရေးဆိုတဲ့ စကား သတိထား” ၊ ခေတ်မောင်း စာစောင်
အောက်တိုဘာလထုတ် မှ..)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။