Bamaw Thein Pe added 2 new photos.
ကြီးပွားအောင်မြင်ရေးအကျင့် (၂၉)
#ရွေးချယ်မှုရဲ့တန်ဖိုး
လူတွေဟာ အမြဲတမ်းရွေးချယ်မှုတွေ လုပ်နေတယ်။ နေ့တိုင်း လုပ်နေကြတယ်။ မိုးလင်းကနေ မိုးချုပ်အထိ ရွေးချယ်မှုပေါင်းများစွာ လုပ်နေကြတယ်။ ဒီလိုပြောလို့ မဖြစ်နိုင်ပါဘူး။ ဒီနေ့တစ်နေ့လုံး ငါ ဘာမှ ရွေးချယ်မှု မလုပ်ပါဘူးလို့ ပြောချင်ကြမှာပါ။
ရွေးချယ်မှု လုပ် မလုပ်ဆိုတာ ကြည့်ကြရအောင်ပါ။ မနက်မိုးလင်းလို့ မျက်စေ့ ၂
လုံး ပွင့်လာတာနဲ့ စပြီး ရွေးချယ်မှု လုပ်ပြီ။ ဘာလုပ်တာလဲ။ ချက်ချင်း
အိပ်ယာထရမလား
။ ဆက်အိပ်ပြီး မှိန်းနေရင် ကောင်းမလား။ မအိပ်တော့ပါဘူးကွာ။ အခုပဲ အိပ်ယာက ထတော့မယ်။ သင်ရွေးချယ်မှု တစ်ခု လုပ်လိုက်ပြီ။ အိပ်ယာသိမ်း စောင်ခေါက်ရင်း စဉ်းစားတယ်။ အိမ်သာဝင်ပြီး အပေါ့အလေး သွားရမလား။ ဒါမှမဟုတ် ရေတစ်ခွက် အရင်သောက်ရမလား။ ရွေးချယ်စရာတွေထဲက တစ်ခုခုကိုရွေးဖို့ ဆုံးဖြတ်ရတော့မှာပါ။ မနက်စာစားဖို့ ထမင်းစားပွဲမှာ ထိုင်လိုက်တော့ မိန်းမဖြစ်သူက ထမင်းကြော်၊ ကြာဇံကြော်နဲ့ကော်ဖီ ပြင်ထားပေးတယ်။ ထမင်းကြော်စားရင် ကောင်းမလား။ ကြာဇံကြော်စားရင် ကောင်းမလား။ ရွေးချယ်စရာ ၂ ခုထဲက တစ်ခုခုကို ရွေးချယ်ရတော့မယ်။ မနက်စာစားပြီးသွားတော့ ရုံးသွားဖို့ အင်္ကျီလက်တို ၀တ်ရမလား။ ပုဆိုးက ဘာအရောင် ဝတ်ရမလဲ စတဲ့ ရွေးချယ်စရာတွေ အများကြီးနဲ့ကြုံလာပြန်ပြီ။ အဆင်ပြေတာ တစ်ခုခု ရွေးချယ်လိုက်တယ်။ ရွေးချယ်လိုက်တာနော်။
ဒါမနက်ပိုင်း ခဏလေးမှာ သင်ဟာ ရွေးချယ်မှုအများကြီး လုပ်ခဲ့တယ်။ တစ်နေကုန်ဆိုရင် ရွေးချယ်မှုပေါင်း ဘယ်လောက်များမယ်ထင်သလဲ။ ခန့်မှန်းကြည့်ပေါ့။ အနည်းဆုံး ဆယ်ဂဏန်းကနေ ရာဂဏန်းလောက်ထိ ရှိနိုင်တယ်။ ရွေးချယ်မှုတွေလုပ်တာများလွန်းလို့ ရွေးချယ်မှုလုပ်နေမှန်းတောင် မသိတော့တော့တာပါ။
ဒါတွေ ပြောပြနေရတာက လုပ်တဲ့အလုပ်တိုင်းမှာ ရွေးချယ်မှုရှိတယ်ဆိုတာ သိစေချင်လို့ပါ။ (၁၀) တန်းအောင်တော့ တက္ကသိုလ်ဆက်တက်မလား။ အလုပ်လုပ်မလားမှာ တက္ကသိုလ် ဆက်တက်ဖို့ ရွေးချယ်လိုက်တယ်။ တက္ကသိုလ်က ဘွဲ့ရတော့ အလုပ်လုပ်မလား။ ဘွဲ့လွန် ဆက်တက်မလား ရွေးချယ်စရာမှာ အလုပ်လုပ်ဖို့ ရွေးချယ်လိုက်တယ်။ ဘယ်အလုပ်လုပ်မလဲကို ဆက်ရွေးချယ်တယ်။ နောက်ဆုံး အဲဒီလူ ယနေ့ရောက်နေတဲ့ အခြေအနေဟာ ရွေးချယ်မှုပေါင်းများစွာထဲက မှန်တယ်ထင်တာကို ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့်ပါ။
ထိုနည်းတူပဲ ကျောင်းဆရာမ၊ စာရင်းကိုင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ လေယဉ်မောင်းပိုင်းလော့ အားလုံးဟာ သူတို့ရဲ ရွေးချယ်မှုကြောင့် ဖြစ်လာကြတာပါ။ အဲဒါဆိုရင် လူတွေအားလုံးဟာ သန်းကြွယ်သူဋ္ဌေးဖြစ်ဖို့ ရွေးချယ်ခဲ့ရင်ကော မဖြစ်နိုင်ဘူးလား။ ဒီမေးခွန်းကို ဘယ်နှစ်ယောက်များ သူတို့ကိုယ်သူတို့ မေးကြည့်ဖူးပါသလဲ။
ယနေ့ ကမ္ဘာမှာ ချမ်းသာနေကြတဲ့ ဘီလျံနာသူဋ္ဌေးကြီးတွေဟာ ချမ်းသာဖို့ကို ရွေးချယ်ခဲ့ကြသူတွေပါ။ အဲဒီလို ရွေးချယ်ပြီးတာနဲ့သူတို့ဟာ သူတို့ဖြစ်ချင်တာကို စိတ်ရော ကိုယ်ပါ မြုပ်နှံလုပ်ကိုင်ခဲ့ကြတယ်။ ဒီတော့ သင်ကြွယ်ချမ်းသာတဲ့ သန်းကြွှယ်သူဋ္ဌေးဖြစ်ရမယ်လို့ ဆုံးဖြတ်လိုက်ပါ။ ဘယ်တော့ ဆုံးဖြတ်ရမှာလဲ။ ဒီနေ့ပဲ အခုပဲ။
တစ်ကယ် ဖြစ်ရမယ်။ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကို ဒုံးဒုံးချလိုက်တာနဲ့ သင့်ရဲ့ဘ၀အခြေအနေဟာ ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
၁၁-၀၂-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။