Min Myat Maung added 4 new photos.
"'အလကားရတဲ့နွား"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျနော် မြန်မာပြည်က ထွက်ပြီဆိုတော့ ပထမဆုံး နင်းရတဲ့ နိုင်ငံခြားမြေက ထိုင်းနိုင်ငံ ဗန်ကောက်မြို့တော်ပေါ့ဗျာ။ ရောက်ခါစမှာ တောသား မြို့ရောက်သလို နေရာတကာ ရင်သပ်အံ့ဩမိပါတယ်။ ဒါတောင် ထိုင်းက ဗန်ကောက်ပဲ ရှိသေးတာ။ မမြင်ဘူးတော့ မူးကို မြစ်ထင်တာပေါ့။
နောက်နေ့မနက်မှာ မိတ်ဆွေတစ်ယောက်နဲ့ ဗန်ကောက်မြို့ထဲ လျှောက်ကြည့်ရင်း
သူတို့ဆီက အလန်းဆုံး မာဘွန်ခရောင် (MBK) ရှော့ပင်းစင်တာကို ရောက်သွားပါတယ်။
ဖိတ်ဖိတ်တောက် MBK အဆောက်အအုံကြီးအဝင်ဝမှာ ထိုင်းပျိုဖြူချောတစ်ယောက်နဲ့
ဆုံမိခဲ့တာ တစ်သက်မမေ့နိုင်စရာပေါ့ဗျာ။ (ဒန်တန့်တန်)
ချောမောလှပတဲ့ မျက်နှာချိုချို၊ ကျော့ရှင်းတဲ့ ကိုယ်လုံးလှလှလေးမှာ အဖြူရောင်စကပ်တိုတို ဆင်မြန်းထားတဲ့ အသက် ၂၀ လောက် ထိုင်းမလေးဟာ ကျနော့ကို ပြုံးပြရင်း ခပ်သွက်သွက် လျှောက်လှမ်းလာပါတယ်။
သူ့ရဲ့ ဝမ်းပိစ် အထက်အောက်တဆက်တည်း စကပ်တို ဖြူဖြူလေးပေါ်မှာ ပန်းခရမ်းနဲ့ အစိမ်းရောင် Rejoice ဆိုတဲ့ စာလုံးကြီးက ထောင်လိုက် ကနုတ်သဖွယ် နွယ်တက်နေတဲ့ ဒီဇိုင်းမျိုးနဲ့ ခေတ်မီမီအရမ်းလန်းနေတယ်။ ကောင်မလေးက အနားကို ရောက်တော့ သူ့တံတောင်မှာ ချိတ်ထားတဲ့ ခြင်းတောင်းလေးထဲက အထုပ်တစ်ခု ကမ်းပေးတဲ့အခါ ကျနော်လည်း ကြောင်အမ်းအမ်း ဖြစ်သွားတာပေါ့။
ကျနော် မနေ့ညကမှ ဗန်ကောက်ရောက်တာဆိုတော့ သူနဲ့ ကျနော် တစ်ခါမှ မမြင်ဘူးတာ သေချာတယ်။ ခုမှတွေ့တဲ့သူကို အကြောင်ရိုက် ပစ္စည်းအတင်းလာရောင်းတာလား ဆိုပြီး တောသားက မယူရဲဘူးလေ။ လိုက်ပို့ပေးတဲ့ အစ်ကိုက ယူလိုက်ယူလိုက် အလကားပေးတာဆိုမှ ယူလိုက်ရတယ်။ ကောင်မလေးက ပြုံးပြီး ထိုင်းလိုပြောတာ ဘာမှန်း နားမလည်ဘူး။
သူပေးသွားတဲ့အထုပ်ကို ကြည့်တော့ Rejoice Shampoo & Conditioner ခေါင်းလျှော်ရည်နဲ့ ကွန်ဒစ်ရှင်နာ နမူနာအထုပ်သေးလေးပါ။ ကျနော့ဘဝမှာ တစိမ်းတရံစာ မိန်းကလေးတစ်ယောက်ဆီက ပထမဆုံး အလကားရတဲ့နမူနာပစ္စည်းမို့ သူကလေးကိုပါ မမေ့နိုင်စရာ ဖြစ်ခဲ့ရတာပေါ့ဗျာ။
ဂျပန်ကိုရောက်တော့လည်း ဟိုကဒီက အလကားရတာတွေ အများကြီးရှိတယ်။ ရထားဘူတာအပေါက်ဝမှာ တစ်ရှူးစက္ကူထုပ်လေးတွေ အလကားဝေတာ ယူလို့တောင် မနိုင်ဘူး။ တန်ဖိုးမကြီးတဲ့ ပစ္စည်းတွေတော့ စကားထဲ ထည့်မပြောပါနဲ့။ တစ်ချိန်က မြန်မာနိုင်ငံမှာ တော်ရုံသူဌေးတောင် မကိုင်နိုင်တဲ့ လက်ကိုင်ဖုန်းတွေကို ဂျပန်မှာ အလကားပေးတာပါ။ ဒီတော့လည်း အလကားရတဲ့နွား သွားဖြဲကြည့်ပြီး တော်ရုံတန်ရုံဆို မယူဘူး၊ လူဆိုတာ မာနနဲ့လေ။
ဂျပန်မှာနေရင်း အချိန်အတော်ကြာလာတဲ့အခါ ဂျပန်စကားပုံတစ်ခုကို နားမလည်နိုင်ဘဲ တော်တော်လေး စဉ်းစားခဲ့ရတယ်။ただより高い物はない တာ့ဒါယောရိ တာကားအိ မိုနိုဝ နိုင်း (အလကားရသော ပစ္စည်းထက် တန်ဖိုးကြီးသောအရာ မရှိပါ) ဆိုတဲ့ စကားပုံဟာ ဘယ်လိုအဓိပ္ပာယ်ကြီးပါလိမ့်။
ထိုင်းမလေး အလကားပေးသွားတဲ့ ခေါင်းလျှော်ရည်ထုပ်၊ ဂျပန်ဘူတာတွေမှာ အလကားဝေတဲ့ တစ်ရှူးစက္ကူထုပ်၊ လိုချင်သူ အလကားယူလို့ရတဲ့ လက်ကိုင်ဖုန်းတွေက ဒီလောက်တောင် တန်ဖိုးကြီးသလား၊ အဖိုးတန်သလား။ ဟာ…မဟုတ်တာပဲ၊ တစ်ခုခုတော့ လွဲနေပြီထင်တယ်။
သေသေချာချာ စဉ်းစားတော့ တရေးရေး သိမြင်လာတယ်။ တစ်သိန်းပေးပြီး ဝယ်လိုက်တဲ့ပစ္စည်းဟာ တန်ဖိုး တစ်သိန်းရှိတယ်လို့ ချက်ချင်းပြောနိုင်တယ်။ ဒါပေမယ့် မေတ္တာ စေတနာနဲ့ အလကားပေးလိုက်တာကျတော့ တန်ဖိုးဖြတ်လို့မရဘူး။
ထိုင်းမလေး အလကားပေးတာဟာ သူတို့ခေါင်းလျှော်ရည် ရောင်းကောင်းဖို့ပါ။ မြန်မာ ကိုလူချောကို ချစ်လို့ မေတ္တာရှိလို့ ဟုတ်မယ်မထင်ဘူး။ (ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊ ဘယ်ပြောနိုင်မလဲနော်… )
ဂျပန်မှာ အလကားဝေတဲ့ တစ်ရှူးစက္ကူထုပ်တွေကလည်း အပေါ်မှာ ပုံနှိပ်ထားတဲ့ ကြော်ငြာတွေကို ယူချင်အောင် တစ်ဖက်လှည့်နဲ့ ဖြန့်ဝေတာပါပဲ။ လက်ကိုင်ဖုန်းဆိုရင်လည်း အလကားလိုချင်ရင် သူတို့လိုင်းကို ၂ နှစ်သုံးပါမယ်လို့ စာချုပ်လက်မှတ်ထိုးရတယ်လေ။ ဆန်ပေးမှ ဆေးရသလို အယူရှိရင် ပြန်ပေးရလိမ့်မယ်။
ဒါပေမယ့်၊ ပြန်လည်ရယူလိုမှု တစ်စုံတရာ မရှိပါဘဲ မေတ္တာစေတနာနဲ့ ပေးလိုက်တာကိုကျတော့ ဘယ်လိုမှ တန်ဖိုးဖြတ်လို့မရဘူး။ ဒါကြောင့်လည်း ဂျပန်တွေက "အလကားရသော ပစ္စည်းထက် တန်ဖိုးကြီးသောအရာ မရှိပါ" လို့ ပြောကြတာကိုး။
ဂျပန်တွေလည်း အပြောတော့ ရွှေမန်းလို့ ကောက်ချက်မချလိုက်နဲ့။ သူတို့ကို မေတ္တာစေတနာနဲ့ လုပ်ကိုင်ကူညီပေးရင် တကယ်တန်ဖိုးထားကြပါတယ်၊ ကျနော်တို့ မြန်မာလူမျိုးချင်းတောင် ဒီလိုမျိုး တွေ့ရခဲတယ်။
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာတာဝန်ကျခဲ့တဲ့ ဂျပန်စစ်ပြန်ကြီးတွေဟာ အခွင့်အရေးရတာနဲ့ မြန်မာပြည်ကို သွားပြီး သူတို့ကို ကူညီစောင့်ရှောက်ခဲ့သူ မြန်မာများကို ကျေးဇူးဆပ်ကြပါတယ်။ စစ်ရှုံးပြီး ဆုတ်ခွာရတဲ့ ဂျပန်စစ်သည်တွေအပေါ် ကူညီစောင့်ရှောက်ပေးခဲ့သူများကို မရမက ရှာဖွေကျေးဇူးပြုကြပါတယ်။
သူတို့ထဲက အိမအိဇုမိ ဆေးဂျိဆိုတဲ့ အဖိုးကြီး တစ်ယောက်ကို နမူနာအဖြစ် ပြောပါရစေ။ အိမအိဇုမိစန်ဆိုတဲ့ အသက် ၂၀ ကျော် ခြေလျင်တပ်သားလေးတစ်ယောက် ဆွေမရှိမျိုးမရှိ မြန်မာပြည်စစ်မြေပြင်မှာ တပ်ပျက်ပြီး တစ်ယောက်တည်း ငှက်ဖျားမိလို့ သေလုမျောပါး ဖြစ်ခဲ့ပါတယ်။ တောကြိုအုံကြား ရွာလေးမှာ မြန်မာမိသားစုတစ်ခုက သူ့ကို ကြင်ကြင်နာနာ ပြုစုစောင့်ရှောက်ခဲ့သတဲ့။ သူနေကောင်းပြီး ထူထူထောင်ထောင် ဖြစ်လာတဲ့အထိ ကျွေးမွေးပြုစုထားတယ်။ စစ်ပြီးသွားတော့ သူ့ကို အင်္ဂလိပ်စစ်တပ်လက်ထဲ အပ်ခဲ့ပါတယ်။ အလိုဗျာ၊ ရန်သူ့လက်ထဲ သွားအပ်တဲ့ မြန်မာမိသားစုကို ဘာများ ကျေးဇူးတင်စရာရှိသလဲ။
စစ်သုံ့ပန်းအဖြစ်နဲ့ မဟာမိတ်တွေက ပြန်ပို့မပေးခဲ့ရင် အိမအိဇုမိဟာ အဖဂျပန်နိုင်ငံတော်ကို အသက်ရှင်လျက် ပြန်ရောက်စရာ မရှိတော့ဘူး။ အဲဒီအချိန်က အကောင်းဆုံး စဉ်းစားလုပ်ဆောင်ပေးခဲ့တဲ့ မြန်မာမိသားစုကို အိမအိဇုမိစန်ဟာ မြင်းမိုရ်တောင်လောက် ကျေးဇူးတင်ပါတယ်တဲ့။
သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ပြီး ငွေရှိလာတဲ့အခါ သူဟာ အဲဒီမိသားစုကို ကျေးဇူးဆပ်ချင်လွန်းလို့ မြန်မာပြည်ကို နှစ်ခါတောင် သွားပြီး ရှာဖွေပါတယ်။ တောကြိုအုံကြား အတည်တကျမရှိတဲ့ ရွာလေးတစ်ခုက အညတရ မိသားစုကို ဘယ်လိုမှ ရှာမတွေ့လို့ သူ့ခမျာ အလွန်ဝမ်းနည်းခဲ့ရတယ်။ ဘာမှ ပြန်လည်ရယူလိုမှုမရှိဘဲ မေတ္တာစေတနာသက်သက် ကူညီစောင့်ရှောက်ခဲ့တဲ့ သူတို့ရဲ့ကျေးဇူးဟာ တန်ဖိုးဖြတ်လို့မရ ဆပ်လို့မကုန်နိုင်ဘူးလို့ သူခံယူထားတယ်။
ဒါကြောင့်၊ ရှာမတွေ့တော့တဲ့ မြန်မာမိသားစုကိုယ်စား ကျေးဇူးဆပ်ဖို့ မြန်မာကျောင်းသူကျောင်းသားတွေ ဂျပန်မှာ ပညာသင်ကြားနိုင်အောင် ထောက်ပံ့ကူညီပေးတဲ့ အိမအိဇုမိဖောင်ဒေးရှင်းကို ထူထောင်ခဲ့ပါတယ်။ ခုဆိုရင် မြန်မာကျောင်းသူကျောင်းသား ၂၀၀ ကျော်ကို ထောက်ပံ့ခဲ့ပြီး ၃၀ ကျော်ဟာ ပါရဂူဒေါက်တာဘွဲ့ရခဲ့ပါတယ်။ (ကျနော့ ဖေ့စ်ဘွတ်ခ်မိတ်ဆွေများထဲမှာလည်း အိမအိဇုမိ ထောက်ပံ့ကြေးရခဲ့သူ အများကြီး ရှိပါတယ်။) မြန်မာပြည်မှာ စစ်အတွင်း အလကားရခဲ့တဲ့ ကူညီစောင့်ရှောက်မှုကို ကျေးဇူးသိစွာ ပြန်လည်ပေးဆပ်တာ အိမအိဇုမိစန် တစ်ယောက်တည်းတော့ မဟုတ်ဖူး။ တစ်ခြား ဂျပန်စစ်ပြန်ကြီးတွေလည်း အများကြီးပါ။
အလကားရတဲ့ပစ္စည်းထက် တန်ဖိုးကြီးတာ ဘာမှမရှိဆိုတဲ့ အဓိပ္ပာယ်ကို နည်းနည်းသဘောပေါက်လာပြီဆိုရင် ပိုပြီး ရှင်းအောင် ပြောပါရစေဦး။
ကျနော်တို့အားလုံး မွေးကတည်းက အလကားရခဲ့တဲ့ မိဘရဲ့ မေတ္တာစေတနာတွေကို မေ့ထားလို့မရဘူး။ မွေးသည်ကစလို့ အရွယ်ရောက်တဲ့အထိ ကျွေးမွေးပြုစု စောင့်ရှောက်ပေးခဲ့တဲ့ မိဘများဆီက အလကားရခဲ့တာတွေကို ကျနော်တို့ တန်ဖိုးမသိခဲ့ကြပါဘူး။ အလကားရတဲ့ပစ္စည်းထက် တန်ဖိုးကြီးတာ ဘာမှမရှိဘူးဆိုတာ ဒီနေရာမှာ မှန်လိုက်လေခြင်း။
ကျနော်တို့ မိဘဆီက အလကားရနေတာတောင် ကိုယ်လိုချင်တာမပြည့်ဝရင် ဆန္ဒပြတောင်းဆိုလိုက်သေးတယ်။ (ကျနော် တကယ်လုပ်ခဲ့မိပါတယ်။) တကယ်တော့ မိဘတွေဟာ သားသမီးဆီက ဘာကိုမှ မမျှော်လင့်ဘဲ သန့်ရှင်းဖြူစင်တဲ့မေတ္တာနဲ့ တတ်စွမ်းသမျှ အလကားပေးခဲ့တာ မဟုတ်ဖူးလား။ မိခင်နို့ချိုကို အလကားသောက်စို့ခဲ့ရတယ်။ ဖခင်ရဲ့ လမ်းညွှန်စောင့်ရှောက်မှုကို အလကားရခဲ့တယ်။ မိဘရဲ့ အရိပ်အာဝါသမှာ အလကား နေထိုင်ခိုလှုံခွင့်ရခဲ့တယ်။ မိဘကျွေးမွေးတဲ့ အစာအာဟာရကို အလကား စားသောက်ကြီးပြင်းလာခဲ့ကြတယ်။ ဒီတော့ အလကားရတာတွေကို တန်ဖိုးမထား အလကားလို့ပဲ ထင်ခဲ့ကြတာပေါ့။ အမှန်တော့ တန်ဖိုးဖြတ်လို့မရဘူး။ ဆပ်လို့မကုန်တဲ့ ကျေးဇူးတွေပါ။
ကိုယ်အလကားရခဲ့တဲ့ မိဘကျေးဇူး မြင်းမိုရ်ဦးလို့ ချီးကျူးဂုဏ်တင်ပြီးတဲ့နောက် ချန်ထားလို့ မရတဲ့ ကျေးဇူးရှင်တစ်ယောက်ရှိသေးတယ်။ ကျနော်တို့ မြန်မာပြည်သူတွေဆီက ဘာကိုမှ ရယူလိုမှုမရှိဘဲ ပေးဆက်ခဲ့တဲ့ အမျိုးသမီးကြီးပေါ့။ ၁၉၈၈ ခုနှစ်ကစလို့ သူတတ်စွမ်းသမျှ အားလုံး "အလကား" လုပ်ဆောာင်ပေးခဲ့တယ်။ ၂၀၁၂ ခုနှစ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာချိန်မှာ ပြည်သူ့လစာစပြီး ရခဲ့တာကလွဲလို့ ၂၄ နှစ်လုံးလုံး တောက်လျှောက် စွန့်လွှတ်ပေးဆက်ပြီး အလကား လုပ်ပေးခဲ့တာပါ။ မြန်မာပြည်သူတွေဆီက ငွေကြေးဥစ္စာ တစ်ပြားတစ်ချပ်မှ မရခဲ့ပေမယ့် သူ့ခမျာ မိသားစုကိုတောင် စွန့်လွှတ်ပြီး အစစအရာရာ အနစ်နာခံခဲ့ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် ထားရှိတဲ့ သူ့ရဲ့ မေတ္တာနဲ့ စေတနာက အနှိုင်းမဲ့လို့ ဆိုချင်ပါတယ်။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ဘုန်းတော်ဘွဲ့လို့ ထင်ချင်ထင်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော့ရင်ထဲ အသည်းနှလုံးထဲက ခံစားချက်ကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောခြင်းသာ ဖြစ်ပါတယ်။
အခုလို တိုင်းပြည်နဲ့ လူထုအတွက် အလကားလုပ်ဆောင်ပေးနေတာမို့ သူ့ကို အလကားရတဲ့နွားလို့ ထင်နေသူတစ်ချို့ရှိသေးတယ်။ သူတို့က အလကားရတဲ့နွား သွားဖြဲကြည့်ရုံမဟုတ်ဖူး၊ လိုချင်တာမရလို့ ဆဲချင်ဆိုချင် ပုတ်ခတ်ချင်ကြတယ်။ အမှန်က နွားမဟုတ်တဲ့ ပတ္တမြားဆိုတာ သိဖို့ကောင်းပြီ။ သူ့ကျေးဇူးကို သိပြီး သူ့ပြောစကားကို လေးစားလိုက်နာသင့်ပါပြီ။
လူတွေဟာ အလကားရရင် တန်ဖိုးမထားချင်ဘူး။ နောက်ကွယ်က မေတ္တာနဲ့ စေတနာကို မြင်အောင်ကြည့်ရင် "အလကားရသောပစ္စည်းထက် တန်ဖိုးကြီးသောအရာ ဘာမှမရှိ" (တာ့ဒါယောရိ တာကားအိမိုနိုဝ နိုင်း) ဆိုတဲ့ ဂျပန်စကားပုံကို ပိုပြီး နားလည်သဘောပေါက်လာပါလိမ့်မယ်။
_____________________________
(ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ရောက်ရှိနေတုန်း ဂျပန်အကူအညီတွေ ပေးတော့မယ့် သတင်းတွေ ထွက်လာချိန်မှာ အတွေးပေါ်ပြီး ရေးမိတာပါ။)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။