Starbucks ကော်ဖီဆိုင် ပိုင်ရှင် ဘီလျံနာသူဋ္ဌေးကြီး ဟိုးဝါဒ်ရှုစ့်ရဲ့ မှတ်မှတ်သားသား စကားများ။
ဆင်းရဲလွန်းတဲ့ ကောင်လေးတယောက်ဟာ ၁၂ နှစ်သားမှာ မိသားစုစားဝတ်နေရေး မပြေလည်တာကြောင့် ကျောင်းကထွက်လိုက်ပြီး အလုပ်လုပ်ရတယ်။ လမ်းဘေးမှာ သတင်းစာရောင်းရသလို တွန့်လိမ်နေတဲ့ တိရစ္ဆာန်သားရေအချပ်ပြားတွေကို ပြန့်ကားသွားအေင် ဝှက်မှင်ဘီး (Brush) နဲ့ တနေကုန် ပွတ်တိုက်ဖြန့်ပေးရတာလဲ လုပ်ရတယ်။ နောက်ပိုင်းမှာ ရေနွေးအိုး၊ ကော်ဖီဖျော်စက်နဲ့ မီးဖိုချောင်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချတဲ့ Hammarplast ကုမ္ပဏီမှာ ဝင်လုပ်နေရင်း တခြားမြို့က Starbucks ဆိုတဲ့ ကုမ္ပဏီလေးတခုဟာ ကုမ္ပဏီကြီးတွေထက် ကော်ဖီဖျော်စက်တွေကို ပိုပြီးဝယ်ယူနေတာကို သတိထားမိလာတယ်။ အဲဒီကိစ္စကို သိချင်လို့ ဟိုးဝါဒ်ဟာ Starbucks ကုမ္ပဏီရှိတဲ့ အဲဒီမြို့ကို သူ့စရိတ်နဲ့ သွားလိုက်တယ်။ အဲဒီစူးစမ်းချင်စိတ်ကြောင့် နောင်မှာ Starbucks ကော်ဖီဆိုင်တွေကို ကမ္ဘာအနှံ့မှာဖွင့်ရင်းနဲ့ ဘီလျံနာသူဋ္ဌေးကြီးတယောက် ဖြစ်လာခဲ့တယ်။ သူ့နာမည်က ဟိုးဝါဒ်ရှုစ့် (Howard Schultz) ပါ။
သူ ပြောခဲ့တဲ့ မှတ်သားစရာ စကားလေးများ
- အောင်မြင်ချင်ရင် သင့်အပေါ် မျှော်လင့်ထားသလောက်ပဲ မလုပ်ပါနဲ့။ မျှော်လင့်ထားတာထက် ပိုလုပ်ပြပါ။
- သူများတကာထက် ပိုပြီးစွန့်စားပါ။ ဒါပေမဲ့ အန္တရာယ်ကင်းပါစေ။ သူများတကာထက် အိပ်မက်ပိုမက်ပါ။ ဒါပေမဲ့ တကယ်လက်တွေ့လုပ်နိုင်တာတွေ ဖြစ်ပါစေ။
- တကယ့်အခက်အခဲအကြပ်အတည်းနဲ့ ကြုံတွေ့တဲ့အခါကျမှသာ သင်ဟာ ဘယ်လိုလူစားမျိုးဆိုတာ ပေါ်လာမှာပါ။
- ကျနော်တို့ဟာ လူတွေကို ပိုက်ဆံနဲ့ ရောင်းနေတဲ့ကော်ဖီလုပ်ငန်း လုပ်နေတာ မဟုတ်ပါဘူး။ လူတွေကို စိတ်ချမ်းသာစေဖို့ ကော်ဖီလုပ်ငန်း လုပ်နေတာပါ။
- အိပ်မက်ကို ယုံကြည်မှုရှိပါ။ အိပ်မက်ကြီးကြီးမက်ပါ။ ပြီးရင် ပိုပြီးကြီးတဲ့ အိပ်မက်ကို ထပ်မက်ပါ။ အိပ်မက်မမက်တဲ့သူဟာ သေနေတာနဲ့ အတူတူပါပဲ။
- အဓိပ္ပယ်ရှိသော အောင်မြင်မှုဆိုတာ အများနဲ့ ဝေမျှခံစားခြင်းပါ။
- သင်ထက်သာလွန်တဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုရှိတဲ့ လူတွေမရှိရင် သင့်ကုမ္ပဏီဟာ ကြာရှည်မခံပါဘူး။
- ငယ်ငယ်လေးကတဲက အမေက ကျနော့်ကို လောကကြီးမှာ ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတဲ့ အသိကို ကျနော့်ခေါင်းထဲထဲ့ပေးခဲ့ပါတယ်။
- ခေါင်းဆောင်ဆိုတာ ဘေးက ရပ်ကြည့်နေတဲ့လူမျိုး မဖြစ်ရဘူး။ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
- တရုပ်ပြည်ကလူတွေဟာ အရင်က လက်ဖက်ရည်ပဲ သောက်ကြတယ်။ အခု ကျနော် သူတို့ကို ကော်ဖီသောက်တတ်အောင် လုပ်ပေးနိုင်ခဲ့ပြီ။
မှတ်ချက်။ ဗန်းမော်သိန်းဖေရဲ့ ဒုတိယမြောက်စာအုပ် “ဆင်းရဲနွံမှ ချမ်းသာဘုံသို့” မှ ကောက်နူတ်ချက်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။