“ဆန်ပေးမှ ဆေးရမယ့်ကတိတွေ”
************************** ********
ရုရှားနိုင်ငံ မော်စကိုမြို့တော်ကနေ စိန့်ပီတာ့စ်ဘာ့ဂ်မြို့ကို သွားမယ့် ရထားကြီးပေါ်မှာ ခရီးသည်တွေ နေရာယူကြတယ်။ ခုံနံပါတ်အလိုက် နှစ်ယောက်တွဲ ထိုင်ခုံတွေကို မျက်နှာချင်းဆိုင် စီစဉ်ထားတာမို့ လေးယောက်တစ်စုစီ ထိုင်ကြရတာပေါ့။
အဲဒီလို လေးယောက် မျက်နှာချင်းဆိုင် ထိုင်ခုံတစ်စုမှာ နေရာရတဲ့ ခရီးသည် သုံးယောက်ဟာ နှာခေါင်းတစ်ရှုတ်ရှုတ်နဲ့ အတော် စိတ်ညစ်သွားတယ်။ သူတို့နဲ့ အတူတူ ထိုင်ရမယ့် အမျိုးသားတစ်ယောက်ရဲ့ ခြေအိတ်က အနံ့ဆိုးတွေ အရမ်းထွက်နေတာကိုး။ ခြေအိတ်စွပ်သူတွေ သိကြပါတယ်။ ခြေအိတ်ကို မလျှော်ဘဲ ဆက်တိုက်ဝတ်ရင် ပုပ်ဟောင်တဲ့ အနံ့ဆိုးဟာ တော်တော် အခံရခက်တယ်လေ။
၇ နာရီခွဲလောက် ရထားစီးရင်း ဒီအနံ့ဆိုးကြီးကို ရှူသွားရမှာမို့ ကျန်တဲ့ ခရီးသည် သုံးယောက်က သေချင်အောင် စိတ်ပျက်သလို အမျိုးသမီးတစ်ယောက်ဆိုရင် ပျို့အံမတတ် ခံစားနေရတယ်။ ဟိုလူကတော့ ခပ်တည်တည်ပဲ။
ရထားထွက်လို့ နာရီဝက်လောက် ကြာတော့ ခရီးသည်တစ်ယောက်က မခံစားနိုင်တော့ဘူး။ သူ့ခရီးဆောင်သေတ္တာကို ဖွင့်ပြီး ခြေအိတ်အသစ်စက်စက် တစ်စုံ ထုတ်လိုက်တယ်။ ပြီးတော့၊ သူ့ရှေ့ခုံက အနံ့ဆိုးတဲ့ လူကို လှမ်းပေးရင်း “ဒီမှာ မိတ်ဆွေရယ်၊ ဟောဒီ ကျနော့ ခြေအိတ်အသစ်ကို အလကားယူပြီး ခင်ဗျားရဲ့ ခြေအိတ်ဟောင်းနဲ့ လဲဝတ်လိုက်ပါလားဗျာ” လို့ တောင်းပန်တယ်။
ဟိုလူက “အို…ဒီလို လွယ်လွယ်နဲ့ ဘယ်ရမလဲဗျာ၊ ခင်ဗျားတို့ သုံးယောက်က ကျနော့ကို ရူဘယ်လ် ၅၀၀ စီ ပေးရင်တော့ စဉ်းစားရမှာပေါ့” လို့ ပြောလိုက်သတဲ့။
************************** ****************
မြန်မာပြည်မှာလည်း အဲဒီလိုမျိုး အဖြစ်အပျက်တွေ ကြားနေရတယ်လေ။ ရွေးကောက်ပွဲအတွက် ကြံ့ဖွတ်အမတ်လောင်းတွေက သူတို့ကို မဲပေးရင် လမ်းဖောက်ပေးမယ်၊ တံတားဆောက်ပေးမယ်၊ လျှပ်စစ်မီးသွယ်ပေးမယ်၊ ဆေးခန်းဖွင့်ပေးမယ်လို့ မဲဆွယ်ကြတယ်။
အဲဒီအလုပ်တွေက ဘယ်အစိုးရတက်တက် မလုပ်မနေ လုပ်ရမယ့် တာဝန်ဝတ္တရားတွေ မဟုတ်ဖူးလား။ ၂၀၁၀ ကတည်းက သူတို့ အာဏာရပြီး ထိုင်ခုံနေရာယူထားတုန်းက ၅ နှစ်လုံးလုံး ဘာလို့ မလုပ်ဘဲ ခုမှ မစားရ ဝခမန်း ကတိတွေ ရွှန်းရွှန်းဝေ နေရတာပါလိမ့်။
ကိုယ်လုပ်ဆောင်ရမယ့် အလုပ်တာဝန်ဝတ္တရားတွေကို ကိုယ့်ဖာသာ လုပ်ကိုင်ဖြည့်ဆည်းပေးဖို့ အရင်တုန်းကတော့ ယောင်လို့မှ အိပ်မက်မမက်ခဲ့ဘဲ ခုကျမှ မဲပေးရင် လုပ်ပါမယ်ဆိုတော့ ယုံရခက်သေးတယ်။
သူတို့ ကတိပေးတဲ့ လမ်း၊ တံတား၊ လျှပ်စစ်၊ ဆေးခန်းတွေကို ဘယ်သူ့ ဘဏ္ဍာငွေနဲ့ လုပ်ဆောင်ပေးမှာလဲ မေးကြည့်ချင်တယ်။ ပြည်သူ့အခွန်ငွေ၊ တိုင်းပြည် သယံဇာတ ရောင်းရငွေတွေပါ။ အဘတို့ ပိုက်ဆံ တစ်ပြားမှ မပါပါဘူးဗျာ။
အဘတို့က အခုချိန်ကျမှ မဲပေးရင် ဒါတွေ လုပ်ပေးမယ်လို့ ကတိပေးတာဟာ သူများက ခြေအိတ်အသစ်ထုတ်ပေးတာတောင် ပိုက်ဆံပါပေးမှ လဲနိုင်မယ်လို့ ပြောတာနဲ့ အတူတူပဲလေ။ အဲဒီလို ညစ်ပတ်နံစော်နေတဲ့ အဘတို့ကို မဲပေးမယ့်အစား သန့်ရှင်းပြီး ကတိတည်သူတွေကိုသာ ပြည်သူတွေ ရွေးချယ်ကြမှာပါ။
ရထားကြီးလည်း ဘူတာကို ဆိုက်ခါနီးပြီ။ အားလုံး ဒီမှာတင် လမ်းခွဲပြီး ကိုယ့်လမ်းကိုယ် ဆက်သွားရပါတော့မယ်။ အဘတို့ဖာသာ နံနံစော်စော် နေခဲ့ကြပေတော့။
ပြည်သူတွေကတော့ လှပသန့်ရှင်းတဲ့ အနာဂတ်ကိုပဲ ရွေးချယ်ပါတော့မယ်။
**************************

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။