"အိကိဇုကုရိ"
**************
ဂျပန်လူမျိုးတွေမှာ အားကျအတုယူစရာ စံနမူနာတွေ အများကြီး ရှိသလို၊ စိတ်ညစ်စရာ အလေ့အထတွေလည်း ရှိပါတယ်။ အဲဒီအထဲက ကျနော် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ဒီနေ့မှာ တိုက်ဆိုင်တာ ရှိလို့ သတိပြန်ရမိတယ်။
တိုကျိုမှာတုန်းက တစ်နေ့တော့ ဂျပန်ရိုးရာ စားသောက်ဆိုင်တစ်ခုမှာ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ညစာစားပွဲတစ်ခု အတူတူစားသောက်ကြပါတယ်။ ဂျပန်အစားအသောက်တွေကို မြန်မာတစ်ချို့က ရေလုံပြုတ်၊ အရသာမရှိဘူးလို့ ကဲ့ရဲ့ကြပေမယ့် ကျနော်ကတော့ ကြိုက်တယ်ဗျ။
မှာထားတဲ့ အစားအသောက်တွေ တစ်ပွဲပြီး တစ်ပွဲ လာချတော့ ဘီယာခွက်တွေ ကမ်ပိုင်လုပ်ပြီး ပျော်ပျော်ပါးပါး စားကြသောက်ကြတာပေါ့။ ပွဲတစ်ပွဲလာချတော့ အားလုံး ဝမ်းသာအားရ ဝေးဟေးဟေးလို့ အော်ကြတယ်။ ဘာများလဲလို့ ကြည့်လိုက်တော့ ငါးအစိမ်း ဆာရှိမိပါ။ ဂျပန်တွေ သားငါး အစိမ်းစားတာ ကျနော့အတွက် မဆန်းတော့သလို ကျနော်လည်း ဆာရှိမိ၊ ဆူရှီးတွေ ကြိုက်ပါတယ်။
အခုလာချတဲ့ ငါးအစိမ်းကတော့ တစ်ကယ့် လတ်လတ်ဆတ်ဆတ်မို့ အားလုံး ပျော်သွားတာလေ။ ဘယ်လောက်တောင် လတ်သလဲဆိုတော့ စားပွဲပေါ်ကို ရောက်လာတဲ့အထိ ငါးက မသေသေးဘူး။ ပါးဟက်လေး တစ်လှုပ်လှုပ်၊ ပါးစပ်လေးဟစိ ဟစိနဲ့ အသက်ရှင်နေသေးတယ်။ အသားတွေကို လှီးပြီး အရိုးသက်သက် ကိုယ်လုံးပေါ်မှာ စီစီရီရီ တင်ထားတာ တူလေးနဲ့ ညှပ်ယူလိုက်ရင် အသားလေးတွေ တစ်ဆတ်ဆတ် လှုပ်နေဆဲပဲ။ အဲဒါ ရိုးရိုးဆာရှိမိမဟုတ်တဲ့ အိကိဇုကုရိ (အရှင်လတ်လတ်စားပွဲ) ပါ။
မိန်းကလေးတွေကအစ အားလုံး လက်သွက်သွက် ယူပြီး ပဲငံပြာရည်၊ ဝါဆဘိတွေနဲ့ တို့ပြီး စားကြတာပေါ့။ အိုးအိရှီး အိုးအိရှီး (အရသာရှိလိုက်တာ) လို့လည်း တစ်ဖွဖွ ပြောကြတယ်။
ကြက်သေသေပြီး ကြောင်ကြည့်နေတဲ့ ကျနော့ကိုလည်း စားလေ စားလေနဲ့ တိုက်တွန်းကြတယ်။ ကျနော်လည်း စားရကောင်းနိုး၊ ငြင်းရကောင်းနိုး ချီတုံချတုံ ဖြစ်နေပြီးမှ ဆုံးဖြတ်လိုက်ပါတယ်။ ငါမစားရင်လည်း ဒီငါး ဘယ်လိုမှ ပြန်ရှင်လာမှာ မဟုတ်တဲ့အတူတူ မြန်မြန်စားပစ်လိုက်ရင် သူဝဋ်ကျွတ်သွားမယ်ဆိုပြီး တစ်ဖတ်ပြီး တစ်ဖတ် ယူစားလိုက်တယ်။
ပြီးတော့ ပါးစပ်လေး ဟစိဟစိ ဖြစ်နေတဲ့ ငါးရဲ့ ခေါင်းကို တူနဲ့ စိုက်ပြီး ဇာတ်သိမ်းပေးလိုက်တယ်။ ကျနော် ရက်စက်ရာများ ကျသလား။ ခေါင်းကို ခါရင်း၊ သူ့အတွက်ပဲလေလို့ ဖြေသိမ့်ပြီး တွေးလိုက်မိပါရဲ့။
ဘာရယ်မဟုတ်ဖူး။ ဒီနေ့ ကျနော်တို့ ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်မှာ ဆရာဝန်အကူအညီနဲ့ ဘဝအဆုံးသတ်ရေးကိစ္စ (physician-assisted suicide) ကို ဥပဒေပြုရေး ကြားနာဆွေးနွေးကြမှာမို့ တိုက်တိုက်ဆိုင်ဆိုင် ဂျပန်တုန်းက အဖြစ်အပျက်လေး ပြန်တွေးမိတာ။
ကုလို့ မရနိုင်တဲ့ ရောဂါကြီးကို နာတာရှည် ခံစားနေရသူ လူနာတွေအတွက် ဝေဒနာ မခံစားရဘဲ ငြင်ငြင်သာသာ အသက်ဇီဝိန် ချုပ်ငြိမ်းရေးကို ကူညီလုပ်ဆောင်ပေးဖို့ ဆရာဝန်အများစုက မလိုလားပါဘူး။ ဟစ်ပိုကရေးတီး ကျမ်းသစ္စာနဲ့လည်း ဆန့်ကျင်တယ်။ ဒါပေမယ့်၊ ဒေါက်တာ ကီဗိုကီယန်တို့လို ပြတ်ပြတ်သားသား ကူညီလုပ်ဆောင်ပေးသူတွေလည်း ရှိတယ်။
အမေရိကန် ပြည်ထောင်စုမှာ အော်ရီဂန်၊ ဝါရှင်တန်၊ မွန်တားနားနဲ့ ဗားမောင့် ပြည်နယ်တွေမှာ PAS ကို တရားဝင် ခွင့်ပြုထားပါပြီ။ လူဦးရေ ၃၈ သန်းနဲ့ အများဆုံး ပြည်နယ် ဖြစ်တဲ့ ကယ်လီဖိုးနီးယားမှာတော့ ဒီကိစ္စကို အစဉ်တစိုက် ဆန့်ကျင်ခဲ့တဲ့ ဩဇာကြီးမားတဲ့ ကယ်လီဖိုးနီးယား ဆေးပညာအသင်း (CMA) က အခုတော့ လက်ရှောင်လိုက်ပြီ။ ကက်သလစ်ခရစ်ယာန် ဘာသာရေးအဖွဲ့တွေက ဆက်လက်ဆန့်ကျင်နေဆဲပါ။
ဒီနေ့တော့ ပြည်နယ်လွှတ်တော်မှာ စတင်ကြားနာ ဆွေးနွေးပါလိမ့်မယ်။
ကျနော်လည်း အဲဒီကိစ္စကို အမှားအမှန် စဉ်းစားဆင်ခြင်ရင်းနဲ့ “အိကိဇုကုရိ” က ခေါင်းထဲကို အလိုလို ရောက်လာလေရဲ့။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။