မတ်လ အရေးအခင်းက ရန်ကုန်မြို့မှာ ဖွဲမီးလို တငွေ့ငွေ့ ကျန်နေခဲ့ပါတယ်။
ကျောင်းပြန်မဖွင့်ခင်ကတဲက ပြန်ဖွင့်ရင် တခုခုလုပ်မယ်လို့ နီးစပ်ရာသူငယ်ချင်းတွေနဲ့ တိုင်ပင်ခဲ့ဘူးပါတယ်။
ဒါပေမဲ့ သူငယ်ချင်းအများစုက အလုပ်တဘက်နဲ့ တချို့လည်း မဟာသိပ္ဗံတက်နေလို့ သိပ်စိတ်မ၀င်စားကြပါ။
ဂျွန်လ ကျောင်းပြန်ဖွင့်ခါနီးတော့ ရန်ကုန်မှာ ကောလဟာလတွေပြန့်လာပါတယ်။
ဗိုလ်ချုပ်ဈေးမှာ ပိတ်အုပ်အနက်တွေကို ကျောင်းသားတွေ ၀ယ်သွားကြပြီ၊
ကျောင်းဖွင့်တဲ့အခါ မတ်လအတွင်းက ကျဆုံးခဲ့တဲ့ ကျောင်းသားတွေအတွက်
ဝမ်းနည်းကြောင်းပြသတဲ့ အနေနဲ့ မိန်းကလေးတွေက လုံချည်အနက်တွေဝတ်ကြမယ်၊
ယေင်္ကျားလေးတွေက ကချင်လုံချည်၊ အကျီ င်္အဖြူနဲ့တိုက်ပုံတွေ ၀တ်ကြမယ် ဆိုတဲ့ သတင်းတွေပြန်နှံ့လာပါတယ်။
ဇွန်လ (၁၃) မှာ ကျောင်းစဖွင့်တယ်။ ကျွန်တော်သိပ်ရင်ခုံနေပါတယ် ဘာဖြစ်မလဲ ဆိုတဲ့ စိတ်က သိပ်လှုပ်ရှားနေခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်က လုပ်သားကောလိပ်မှာတက်နေရသူဆိုတော့ နေ့ဘက်မှာ အလုပ်လုပ်ရပါတယ်။
အ.မ.က (၁၅) ကမာရွတ်မှာ လုပ်ပါတယ်။ အဲဒါက ခိုင်ရွှေဝါလမ်းထဲမှာပါ။
ဒါကြောင့်လည်းကျောင်းထဲက ဖြစ်ပျက်သမျှသိနေခွင့်ရနေတာပါ။
ဖြစ်ချင်တော့ အဲဒီနေ့က ကမ္ဘာအေးလှိုဏ်ဂူမှာ ဆွမ်းဆန်စိမ်းလောင်းပွဲရှိပါတယ်။
ကျွန်တော်တို့ ကျောင်းကိုယ်စား ကျွန်တော်ပါဘို့ တာဝန်ကျပါတယ်။
စိတ်ကတော့ ကျောင်းထဲမှာ တခုခုဖြစ်လေမလားဆိုတဲ့ စိတ်ကြောင့်ကျောင်းထဲကိုပဲ ရောက်နေခဲ့ပါတယ်။
ဆွမ်းဆန်စိမ်းလောင်းပွဲက နေ့လည်(၂) နာရီလောက်မှာ ပြီးပါတယ်။
ပြီးတာနဲ့ ကျွန်တော်ရန်ကုန်တက္ကသိုလ်ရှိရာကို သုတ်ခြေတင်ခဲ့ပါတယ်။
နေ့လည်နှစ်နာရီခွဲ (၃)နာရီလောက်မှာ မာလာဆောင်ရှေ့ကို (၄၈) ဒတ်ဆန်းလိုင်းကားနဲ့ရောက်လာပါတယ်။
ကားပေါ်က ဆင်းပြီးကျောင်းထဲကို လှမ်းကြည့်လိုက်တော့ ဂျပ်ဆင်ရှေ့မှာ ကျောင်းသားတချို့ ရုတ်ရုတ်သဲသဲ ဖြစ်နေတာကိုမြင်လိုက်ရပါတယ်။
ကျောင်းဝင်းထဲဝင်တဲ့ ဂျပ်ဆင်ရှေ့က တံခါးနှစ်ချပ်စလုံးပိတ်ထားပါတယ်။
အဲဒီအချိန်မှာ ကျောင်းသားတချို့ကျွန်တော်ရှိရာ ၀န်းတံခါးဘက်ကို ပြေးလာကြပါတယ်။
ဘာဖြစ်တာလဲမေးတော့ " ကျောင်းသားတချို့ သပိတ်မှောက်နေကြပြီ" လို့ပြောပါတယ်။
ကျွန်တော်က စိတ်အခံနဲ့ ဒေါသထွက်သွားပြီး ဘာလို့ထွက်ပြေးတာလည်း ငါတို့လည်းပါရမယ်လို့ ပြန်အော်ပြီး
ဝန်းနံရံသံတိုင်တွေကို ကျော်ပြီးတက်လိုက်ပါတယ်။
ကျွန်တော်ဂျပ်ဆင်နားရောက်တော့ ကျောင်းသားတဦးက စားပွဲခုံတလုံးပေါ်တက်ပြီး တရားဟောနေပါတယ်။
သူ့မျက်နှာ လက်ကိုင်ပုဝါစီးထားပါတယ်။ သူဟာမောင်မောင်ကျော်ပဲလို့ နောက်ပိုင်းမှာ သိရပါတယ်။
စကား(၁၀)မီးနစ်လောက်ပြောပြီး ကျောင်းသားတွေက အဓိပတိလမ်းရှိရာဘက်ကို ချီတက်ကြပါတယ်။
ကျွန်တော်လည်းနောက်က လိုက်သွားပါတယ်။ ကျောင်းသားတွေက (၃၀) လောက်ပဲ ရှိမှာပါ။
များတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ အားလုံးရဲ့မျက်နှာတွေက တင်းမာနေကြပါတယ်။
တခုခုကို လုပ်တော့မယ်ဆိုတာ အထင်းသားပေါ်နေပါတယ်။ အဓိကတိ လမ်းပေါ်မှာ မှာတရားဆက်ဟောဘို့ပြင်ကြပါတယ်။
အဲဒီအချိန်မှာ ပါမောက္ခချုပ် ဒေါက်တာ ချစ်ဆွေနဲ့ ဆရာကြီး၊ ဆရာမကြီးတွေ၊
ကျူတာတွေ (၂၀) လောက်က စာကြည့်တိုက်ဘေးက လမ်းထိပ်မှာ ရပ်နေကြပါတယ်။
ဒေါက်တာချစ်ဆွေက ကျောင်းပစ္စည်းတွေမဖျက်ဆီးဘို့ပြောပါတယ်။
ကျောင်းသားအများစုက ဆရာတွေကို ထိုင်ကန်တော့ကြပါတယ်။ ကျောင်းသားတယောက်က-
" ကျွန်တော်တို့ တရားမျှတမှုအတွက်တောင်းဆိုကြမှာပါ ကျောင်းထဲက သစ်ရွက်တရွက်တောင် မထိခိုက်စေရပါဘူးလို့" ပြန်ပြောပါတယ်။
ကျောင်းသားတဦးကတော့ မျက်ရည်တွေနဲ့ပြည့်နေတဲ့ မျက်လုံးနဲ့ ဆရာကြီးကို စုးစိုက်ကြည့်ရင်း
" ကျွန်တော်တို့ ကျောင်းသားတွေကို အပစ်မရှိပဲ သတ်ခဲ့တယ်။ ထောင်ချထားတယ်။
ပြီးတော့ကျောင်းထုတ်တယ်။ ကျောင်းထုတ်ခဲ့တာကို ဆရာကြီးတို့ပြန်လက်ခံပေးရမယ်လို့"
အဓိကတိလမ်းကို လက်သီးနဲ့ ထုရင်းအော်ပြောလိုက်ပါတယ်။ အဲဒီကျောင်းသားဟာ ကိုသူရိန်ပဲဖြစ်ပါတယ်။
သူက နောက်ပိုင်းမှာ ဗကသ ( ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ပြန်ကြားရေး ဥက္ကဌ ဖြစ်ခဲ့သူပါ။
ဒီလိုနဲ့ ညနေ (၄) နာရီ (၅) နာရီလောက်မှာ သပိတ်သိမ်းပါတယ်။
တကယ်တော့ တချို့ကျောင်းသားတွေက ၄-၅ ဦးလောက်အဖွဲ့လိုက်ဖြစ်ပေမဲ့ အများစုက ကိုယ့်စိတ်နဲ့ကို ပါခဲ့ကြတဲ့ တကိုယ်တော်သမားတွေပါ။ ဒါပေမဲ့ ကျောင်းသားအချင်းချင်း ချက်ခြင်းပဲရင်းနှီးကြပါတယ်။ ကျွန်တော်က လုပ်သားကောလိပ်က ပါခဲ့သူပါ။
ကမာရွတ် အ.မ.က (၁၅) ရဲ့ ကျောင်းအုပ်ဆရာမကြီးက မျိုးချစ်စိတ်တော်တော်ကြီးပါတယ်။
ကျွန်တော်ကို " သား လုပ်သာလုပ် ဒါမင်းတို့ခေတ်ပဲ" လို့ အားပေးခဲ့ပါတယ်။
တကယ်တော့ သူ့အမျိုးသားက အ.ထ.က (၅) ရဲ့ ကျောင်းအုပ်ဆရာကြီးလည်းဖြစ် မြို့နယ် အချိန်ပိုင်း တရားသူကြီးလည်းဖြစ်ပါတယ်။
နောက်တနေ့မနက် (၁၀) နာရီခွဲလောက်ကျောင်းထဲရောက်သွားပြန်ပါတယ်။
ကျောင်းသားတွေက R.C ၀န်းကျင်နဲ့ စာကြည့်တိုက်ရှေ့က ရေတမာပင်တွေအောက်မှာ
သူ့အစု ကိုယ့်အစု ထိုင်နေကြပြီး ဘယ်သူစမလဲ စောင့်နေကြတဲ့ပုံပါ။
ကျွန်တော်က စာကြည့်တိုက်နောက်က သိပ္ဗံကင်တင်းမှာ မနက်စာစားနေပါတယ်။
မကြာခင်မှာပဲ "သပိတ် ..သပိတ် မှောက်မှောက်" ဆိုတဲ့ ကျယ်လောင်တဲ့ အသံကြီးကြားလိုက်ရပါတယ်။
ကျွန်တော်လည်းချက်ခြင်းစားလက်စကို ရပ်လိုက်ပြီး အဓိကတိ လမ်းမဘက်ပြေးထွက်လိုက်ပါတယ်။
မနေ့က တွေ့ခဲ့တဲ့ မျက်နှာ တချို့ပြန်တွေ့ရပါတယ်။ ကျွန်တော်လည်း ချက်ခြင်းကြွေးကြော်သံဝင်တိုင်လိုက်ပါတယ်။
ဖမ်းဆီးကျောင်းသားပြန်လွှတ်ရေး ဒို့အရေး ဒို့အရေး ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး ဒို့အရေး ဒို့အရေး ။
ချက်ခြင်းပဲ ဘေးနားက ကျောင်းသားတွေအားလုံး သပိတ်မှောက်ကျောင်းသားတွေ ဖြစ်ကုန်ပါတယ်။
ဒီလိုကြွေးကြော်နေတဲ့ အချိန်မှာပဲ စာကြည့်တိုက်ဘေးက လမ်းပေါ်မှာ
သမဂ္ဂခွပ်ဒေါင်းအလံကြီး လွှင့်လို့ ကျောင်းသား တအုပ်ချီတက်လာကြပါတယ်။
ဘေးက ကြည့်နေတဲ့ ကျောင်းသားတွေရောကြွေးကြော်နေတဲ့ ကျွန်တော်တို့ သပိတ်မှောက်ကျောင်းသားတွေရော
လက်ခုပ်တွေဝိုင်းတီးပြီး ကြွေးကြော်သံတွေ မြှင့်ပြီးတိုင်ကြပါတယ်။
ဒီတခါမှာတော့ ချီတက်လာတဲ့ ကျောင်းသားတွေသာမက ကျောင်းသားအားလုံး ၀ိုင်းပြီးကြွေးကြော်လိုက်ကြပါတယ်။
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး ဒို့အရေးဆိုတဲ့ အသံကတော့ လေးငါးကြိမ် မကကြွေးကြော်ခဲ့ကြယုံမက
အမြင့်ဆုံး အသံနဲ့ ကြွေးကြော်ခဲ့ကြတာပါ။
ကျွန်တော့အတွက်တော့ ဘ၀မှာ ပထမဆုံး မြင်ဘူးတဲ့ သမိုင်းထဲက ခွပ်ခေါင်း အလံတော်ကြီးပါ။
အနီရောင်အောက်ခံမှာ ရွှေဝါရောင်ခွပ်ခေါင်းနဲ့ပါ။ ကျွန်တော့ရင်တွေ ခုံမိတာ ပြုတ်ကျမလားတောင်ထင်ရပါတယ်။
ဒါနဲ့ ခုံရှာသူကရှာ အသံချဲ့စက်ရှာသူကရှာကြပြီး ဟောပြောပွဲစင်ဆောက်ကြပါတယ်။
အလံတော်ပါလာတဲ့ ကျောင်းသားအဖွဲ့ကတော့ အဓိပတိလမ်းကနေ ဘွဲ့နှင်းသဘင်ဘက်ဆက်ချီတက်ကြပါတယ်။
ပြီးမှ စီးပွားရေး တက္ကသိုလ်ရှေ့အထိချီတက်ပြီးမှ မူလစာကြည့်တိုက်ရှေ့ အဓိကတိ လမ်းပေါ်ပြန်ခဲ့ကြပါတယ်။
ကျွန်တော်နဲ့ကျောင်းသားတချို့က စာသင်ခန်းထဲက ကျောင်းသားတွေကို သပိတ်မှာပါဘို့ စည်းရုံးချီတက်ကြပါတယ်။
ကျွန်တော်တို့အဖွဲ့ ပထမဆုံးသွားခဲ့တာက RC နောက်က တိုးချဲ့ဆောင်တွေပါ။
စာသင်နေတဲ့အချိန် ကျွန်တော်တို့ ၄.၅ဦးရုတ်တရက်ဝင်သွားတဲ့ အခါ ဆရာမက ဘေးဖယ်ပေးပါတယ်။
မျက်နှာ လက်ကိုင်ပုဝါတွေ စီးထားတဲ့ ကျွန်တော်တို့ဟာ စစချင်း ဘာပြောရမှန်းမသိပါဘူး။
ကျောင်းသားတဦးက ကျောက်သင်ပုန်းကို "ဘုန်းဘုန်း" ဆိုပြီး လက်ဝါးနဲ့ရိုက်လိုက်ပါတယ်။
" ကျွန်တော်တို့ ကျောင်းသားတွေ မတ်လက အသတ်ခံခဲ့ရတယ်။
ဒါကို အဖြစ်မှန်ဖော်ထုတ်ဘို့ပြောသူတွေကို ထောင်ချထားတယ်။
တချို့ကိုကျောင်းထုတ်ပစ်တယ်။ ကျွန်တော်တို့က အေးအေးဆေးဆေး စာသင်နေကြမှာလား သပိတ်မှောက်ရမယ် ကျောင်းသားအချင်းချင်း ညီညွတ်ရမယ်"
စတဲ့ တရားဟောလို့မှ မပြီးခင် ကျောင်းသားအားလုံးသပိတ်စခန်းရှိရာ ချီတက်သွားကြပါပြီ။
ကျွန်တော်တို့အဖွဲ့က သိပ္ဗံဆောင်တွေဘက်ဆက်ချီတက်ကြပါတယ်။
အဲဒီအခါမှာတော့ သတင်းက ရောက်နေပုံရပါတယ်။
မျက်နှာ အ၀တ်စီးထားတဲ့ ကျွန်တော်တို့တသိုက် ပြေးလွှားလာတဲ့ အသံကြားတာနဲ့ ကျောင်းသားအားလုံး အတန်းအပြင်ထွက်လာကြပါတယ်။
ကျွန်တော်တို့ပြန်ရောက်တော့ အဓိပတိ လမ်းပေါ်က သပိတ်စင်ဘေးမှာ ကျောင်းသားထောင် နဲ့ချီပြီးရောက်နေကြပါပြီ။
အဲဒီအချိန်မှာ ကျောင်းသားတဦးက " ငါတို့လွမ်းသူ့ပန်းခွေလုပ်ပြီး ဗိုလ်အောင်ကျော်အုတ်ဂူမှာချကြမယ်" လို့ အကြံပြုပါတယ်။
ဒါနဲ့ ပန်းခွေကို အနီးက ရေတမာရွက်တွေနဲ့လုပ်ကြပါတယ်။
ကျွန်တော်တို့သပိတ်မှောက် ကျောင်းသားတွေက ဂျပ်ဆင်ဘေးလမ်းကနေ ရွှေဘိုဆောင်ကိုဖြတ်၊ တောင်ငူဆောင်ရှေ့မှာ စုဝေးကြပါတယ်။
တောင်ငူဆောင်အပေါ်ထပ်က ကျောင်းသူတွေက လက်ကိုင်ပုဝါတွေ ကြဲချပါတယ်။
သပိတ်မှောက်ကျောင်းသားတွေကို မျက်နှာစီးထားစေချင်လို့ပါ။
တောင်ငူဆောင်ပေါ်တီကို ပေါ်တက်ပြီးစကားပြောသူတယောက်က မဟာသိပ္ဗံ့တက်နေတဲ့ တာမွေကကျောင်းသူတဦးပါ( အမည်မေ့)။
နောက်တခါ တောင်ငူဆောင်အပေါ်ထပ်က ဓါတ်ပုံရိုက်တယ်ဆိုပြီးရုတ်ရုတ်သဲသဲ ဖြစ်လိုက်ပါသေးတယ်။
အဲဒီကနေ မန္တလေးဆောင်ကိုဖြတ်ပြီး ဗိုလ်အောင်ကျော်အုတ်ဂူရှိရာ သမဂ္ဂအဆောက်အဦးဟောင်းဝန်းထဲကို ချီတက်ကြပါတယ်။
ဗိုလ်အောင်ကျော်အုတ်ဂူဘေးမှာ ပန်းခွေချပါတယ်။
ကျွန်တော်တို့ (၂၁) ဦးထင်ပါတယ် ဗိုလ်အောင်ကျော်အုတ်ဂူကို ၀ိုင်းလို့ လက်ချင်းချိတ်ပြီးသစ္စာပြုကြပါတယ်။
ကိုမောင်မောင်ကျော်က အုတ်ဂူဘေးက အုတ်တိုင်တခုပေါ်တက်ပြီး မိန့်ခွန်းပြောပါတယ်။
သူက ၀ါးဘတ်ဦးထုပ်ဆောင်းထားပြီး ကြည်လင်ပြတ်သားတဲ့ အသံနဲ့ တက်ကြွဘွယ်ကောင်းတဲ့ မိန့်ခွန်းကို ပြောပါတယ်။
တက္ကသိုလ်ဆေးရုံနဲ့ တက္ကသိုလ်စာတိုက်ရှေ့မြေကွက်လပ်မှာတော့ ပြည်သူတွေက ထောင်နဲ့ချီပြီး အားပေးခဲ့ကြပါတယ်။
အဲဒီည ဘီဘီစီ မြန်မာပိုင်းအစီစဉ်ကနေ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက်ကြတယ်ဆိုတဲ့ သတင်းပါလာလို့
ကျွန်တော်တို့ အလွန်စိတ်ဓါတ်တက်ကြွ အားတက်ခဲ့ကြပါတယ်။
(၁၅)လား (၁၆)လားမှာမသိ ကျွန်တော်တို့ သမဂ္ဂအမှုဆောင်အဖွဲ့ကို ဖွဲ့ခဲ့ကြပါတယ်။
သမဂ္ဂဥက္ကဌက ကိုဝင်းလွင်လား ကိုတင့်လွင်ဆိုသူလားမသေချာတော့ မမှတ်မိတော့ပါ။
ကိုမောင်မောင်ကျော်က အတွင်းရေးမှုးပါ။ ဗဟိုဦးဆောင်ကော်မတီ (၁၁)ဦးနဲ့ ဗဟိုကော်မတီ (၅၅)ဦးထားပြီးဖွဲ့စည်းခဲ့ပါတယ်။
ကျွန်တော်က (၁၁)ထဲမှာပါပြီး လုံခြုံရေးတာဝန်ခံတာဝန်ပေးပါတယ်။
ကျွန်တော် အဓိက လုပ်ခဲ့ရတာကတော့ စင်ပေါ်တက်ပြောမဲ့ လူတွေကို တင်ပေးရပြီး စင်အောက်မှာနေပေးခဲ့ရတာပါ။
အစည်းဝေးလုပ်တော့ ကျောင်းသားအရေးလုပ်မလား နိုင်ငံရေးလုပ်မလားဆိုပြီး ငြင်းခုံမှုစပါတော့တယ်။
ဆလိုင်းကိုကိုဦး ဦးဆောင်တဲ့ ကျွန်တော်တို့ လူနည်းစုကပဲ နိုင်ငံရေးလုပ်ချင်လိုပြီး
ကိုဝင်းလွင်ဦးဆောင်တဲ့ အများစုက ကျောင်းသားရေးပဲလုပ်ဘို့ ဆုံးဖြတ်ကြပါတယ်။
ကိုမောင်မောင်ကျော်က ဟောပြောစင်မှာ ရှိနေပါတယ်။
ကျွန်တော်တို့က ၀ိဇ္ဖာခန်းမဘေးက အခန်းတခုမှာ အစည်းဝေးလုပ်နေကြတာပါ။
ဒါနဲ့ကိုကိုဦးက ဒါတရားမျှတမှုမရှိဘူး စင်ပေါ်မှာ ကျောင်းသားအားလုံးရှေ့မှာ ဆန္ဒသဘောယူသင့်တယ်လို့ ပြောပါတယ်။
ဒါကြောင့်ဒီပြသနာ စင်ပေါ်ရောက်သွားပါတယ်။
စင်ပေါ်ရောက်တော့ ကိုတင့်လွင် (ဥက္ကဌ)က ကျောင်းသားရေးပဲလုပ်သင့်တယ်လို့ ပြောယုံရှိသေး
အောက်က ကျောင်းသားတွေက ၀ိုင်းကန့်ကွက်ကြပါတယ်။
သူက စိတ်ဆိုးပြီး " ခင်ဗျားတို့ဘယ်လောက်နားလည်လို့နိုင်ငံရေးလုပ်ချင်တာလည်းလို့ ရှက်ရမ်းရမ်းပါတော့တယ်
" ဒီအခါကျောင်းသားတွေက ဆင်းသွားဆိုပြီးဝိုင်းအော်လို့ ကိုမင်းလွင်ဆင်းပြေးရပါတယ်။
ကျောင်းသားလေးငါးဦးက မကြေနပ်သေးပဲ ကိုဝင်းလွင်ကို လုပ်ဘို့ စင်ဘေးရောက်လာကြပါတယ်။
တယောက်လက်ထဲမှာ ပုဆိတ်အသေးစားဝှက်ကိုင်ထားတာ ကျွန်တော်မြင်လိုက်ပါတယ်။
ကျွန်တော်ကပဲ ကြားက ၀င်တောင်းပန်လိုက်ရပါတယ်။
ကျွန်တော်က စင်ပေါ်မတက်ပေမဲ့ နေ့တိုင်းမြင်နေကြလို့လားမသိပါ သူတို့လှည့်ပြန်သွားပါတယ်။
ကိုဝင်းလွင်ကိုလည်းပြန်ခိုင်း လိုက်ပါတယ်။ တကဲ့ရဲရဲတောက်ကျောင်းသားတွေ တက်လာကြပါပြီ။
သူတို့ကတော့ ကိုသံဒုတ်(RIT)နဲ့ ကိုမိုးသီး (ဇွန်)တို့ပါပဲ။
သူတို့ကတော့ ဦးနေ၀င်းအစိုးရကို ပြတ်ပြတ်သားသားချဘို့ ဟောပြောကြပါတော့တယ်။
အောက်က ကျောင်းသားတွေက လက်ခုပ်တဖြောင်းဖြောင်းနဲ့ စိတ်ရောကိုယ်ပါအားပေးခဲ့ကြတာပါ။
သပိတ်ကာလအတွင်း ကျောင်းသားတွေသာမက ဆရာဆရာမတွေလည်းဘေးကနေ ရပ်ကြည့်အားပေးခဲ့ကြတာပါ။
ပြီးတော့ ကျွန်တော်တို့ ရန်ပုံငွေ အလှုခံတဲ့အခါ တချို့က (၅) ကျပ်တန်အုပ်လိုက်ထည့်တာတောင်တွေ့ခဲ့ရပါတယ်။
စင်နောက်မှာလည်း ကြေညာချက်တွေ ကဗျာတွေကို ဖယောင်းစက္ကူပေါ်မှာ မီးချောင်းတွေနဲ့လှိမ့်ပြီး
လုပ်အားပေးတဲ့ ကျောင်းသူတွေလည်းအပြည့်ပါပဲ။
အလှုငွေသိမ်းသူတွေ အစားအသောက်ဝေဘို့စတဲ့ တာဝန်တွေကို ဘယ်သူခိုင်းတာမှ မဟုတ်ပဲ
ကိုယ်ကျရာ ၀ိုင်းလုပ်ကြတဲ့ သပိတ်ရဲ့ ညီညွတ်ခြင်းကတော့ ဘယ်လိုအရာနဲ့မှ မမှီနိုင်တဲ့ အရသာပါပဲ။
အစားအသောက်တွေကိုတော့ မိဘပြည်သူတွေက ကားတွေဖင်ထိုးပြီး
ကျောင်းအ၀င်ဂိတ်မှာလာလှုကြတာပါ။ အသားထဲကလောက်ထွက်တာကတော့ အဲဒီကတဲကပါ။
ကိုလတ်ဆိုတဲ့ကျောင်းသားက အလှုခံရထားတဲ့ ငွေတချို့ကို ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ထုတ်ယူတာကို
ငွေထိမ်းထားတဲ့ ကျောင်းသူတွေက တိုင်ပါတယ်။
ဒါတင်မက အဲဒီကိုလတ်ပဲ သပိတ်မှာသုံးဘို့ လူနိုင်လုပ်ပြီးခက်ခက်ခဲခဲ ငှားထားရတဲ့ အသံချဲ့စက်ယူနစ်ကို
ရောင်းစားလိုက်လို့ ငြိမ်းပြည့်ဆိုတဲ့ ကျောင်းသားက ကိုလတ်ကို လက်သီးနဲ့ထိုးပြီးဆုံးမခဲ့ရပါတယ်။
ရည်ရွယ်ချက်နဲ့လာကြတဲ့ ကျောင်းသားတွေလည်းရှိပါတယ်။
သူတို့ကတော့ ဗိုလ်အောင်ကြီးသည်ငါတို့ ခေါင်းဆောင်ဖြစ်သည်ဆိုပြီး စာတမ်းကိုင်လာကြတာပါ။
ကျွန်တော်တို့က ဗိုလ်အောင်ကြီးက ငါတို့ရဲ့ မဟာမိတ်သာဖြစ်တယ် ခေါင်းဆောင်မဟုတ်ဘူးလို့ ပါယ်ချခဲ့ပါတယ်။
၁၇ ရက်လောက်မှာတော့ ဒီမိုကရေစီရရှိရေး စပြီးအော်ကြပါပြီ။
ဒီရက်ပိုင်းတွေမှာ ဆေးတက္ကသိုလ်ဘက်က ကိုအောင်နိုင်(ဗွီအိုအေ သန်းလွင်ထွန်း)ခေါင်းဆောင်တဲ့
ဆေးတက္ကသိုလ်ကျောင်းသားတွေက ဂျူတီကုတ်တွေဝတ်ပြီး အဓိပတိလမ်းမကနေ ချီတက်ပြီး လာရောက်ပူးပေါင်းခဲ့ကြပါတယ်။
လမ်းဘေးဝဲယာက ကျောင်းသားတွေက လက်ခုပ်တီးပြီး ၀မ်းမြောက်ဝမ်းသာကြိုခဲ့ကြပါတယ်။
ပြီးတော့ ဆရာတော်တချို့လည်းလာပူးပေါင်းပါတယ်။
၇၄ အလုပ်သမားသပိတ်တိုက်ပွဲဝင်သူတွေလည်း ပူးပေါင်းလာကြပါတယ်။
အထက်တန်းကျောင်းသား အများအပြားလာရောက်ပူးပေါင်းပါတယ်။
အဲဒီအထဲမှာ အမှတ်မိဆုံးကတော့ အင်းစိန်အ.ထ.က (၄)က ကျောင်းသူကလေးတဦးပါ။
သူကတော့ ဒီကနေ့ ကျောင်းသားမျိုးဆက်သစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဒီငြိမ်းလင်းရဲ့ အဒေါ်ပါ။
သူ့အကို ကိုကျော်ကျော်မင်းက ကျွန်တော်နဲ့အတူ သပိတ်မှာပါနေပေမဲ့ သူ့ကိုတော့နောက်ပိုင်းမှ သိခဲ့ရတာပါ။
အထက်တန်းကျောင်းသားတွေ အဓိကတိလမ်းမကနေ၀င်လာတဲ့အခါ ကျောင်းသားကြီးတွေက ပုခုံးပေါ်ထမ်းလို့ စင်မြင့်ရှိတဲ့ နေရာအထိ ချီပိုးဂုဏ်ပြုခဲ့ကြတာပါ။ သူတို့ပြောခဲ့တာကတော့ အလွန်ရိုးစင်းပါတယ်။
" အကိုတော် အမတော်တွေ လုပ်နေတာကို ထောက်ခံမှုပြဘို့ လာခဲ့တာပါတဲ့" ၁၈ ရက်နေ့မှာထင်ပါတယ်။
စင်ကလည်းအကြီးကြီးဖြစ်သွားပါပြီ။ စင်ရှေ့ပိုင်းက စားပွဲတလုံးပေါ်မှာ မြေသပိတ်လေးလုံးတင်ထားပါတယ်။
တကဲ့ သပိတ်တွေ မှောက်ထားတာပါ။
ဘုန်းတော်ကြီးတပါးအလှည့်ရောက်တဲ့ အခါ သူက အားပါးတရ တရားဟောရင်း စားပွဲကို လက်သီးနဲ့ထုလိုက်ပါတယ်။
နေရာမှားပြီး သပိတ်ထုမိလို့ သပိတ်တလုံးကွဲသွားပါတယ်။
အောက်က ကျောင်းသားတချို့က " သပိတ်ကွဲပြီဟေ့" လို့ဝိုင်းအော်လို့ပွဲကျခဲ့ရပါတယ်။
နောက်တခုကတော့ RIT ကျောင်းသားဆိုသူတချို့က အဓိကတိလမ်းဘေး ဓါတ်တိုင်တွေက
ဖုန်းဘောက်စ်တွေဖြုတ်လာပြီး စင်ပေါ်တက်ကြပါတယ်။
ပြီးတော့ အသံဖမ်းစက်တွေလို့ပြောပြီး ဘာလုပ်ကြမလဲလို့ မေးတော့ ခွဲပစ်လိုက်ဆိုပြီး တပျော်တပါးရိုက်ခွဲကြပါတယ်။
နောက်ဆုံးတခုကတော့ အမဲရောင်ရှိပြီး တော်တော်လည်းကြီးပါတယ်။
အဲဒါသူတို့ပြောတာကတော့ အသံဖမ်းစက်ဆိုလား ဗိုလ်နေ၀င်းကြီးက
သူ့ရဲ့ အင်းယားကန်အိမ်ကနေ ကြည့်နိုင်အောင်စီစဉ်ထား တာပါတဲ့ ဘာပြောကောင်းမလဲ တပျော်တပါးကြီး ရိုက်ခွဲလိုက်ကြတာပေါ့။
အဲဒီကာလအတွင်းမှာပဲ ကျွန်တော်ပါတဲ့ ကျောင်း(၂၀) လောက်သစ္စာ ဆိုသွေးသောက်ကြမယ်ဆိုပြီး
သစ်ပုတ်ပင်ကြီးအောက်မှာ လူစုခဲ့ကြပါတယ်။
ဘယ်လိုသွေးဖောက်ကြမလဲလို့ တိုင်ပင်နေတုန်း မီမီသင်းဆိုသူ ကျောင်းသူက
ကွန်ပါဘူးထဲကနေ ဘလိပ်ဓါးထုတ်ပေးပါတယ်။ အားလုံးလန့်ပြီး သွေးမသောက်ဖြစ်ခဲ့ပါ။
ကျောင်းထဲမှာ သပိတ်စခန်းဖွင့်မလားမဖွင့်ဘူးလားဆိုတာလည်း အကြိတ်အနယ်ဆွေးနွေးခဲ့ကြပါတယ်။
ဦးသန့်အရေးအခင်းသိတဲ့ ကျောင်းသားတဦးက မဖွင့်ပဲ နေ့တိုင်းခုလို ပြတာပဲကောင်းတယ်ပြောတာကို သဘောတူုခဲ့ကြပါတယ်။
သပိတ်အတွင်းမှာ မန္တလေးကကျောင်းသားတဦးလည်းရောက်လာပါတယ်။
အမည်မမှတ်မိပါ။ သူကတော့ ဓါးမြောင်တချောင်းအိတ်ထဲမှာပါလာပါတယ်။
သူကတော့ ဗိုလ်နေ၀င်းကို အခွင့်ကြုံရင် သတ်ဘို့လို့ဆိုပါတယ်။
၁၈ရက်နေ့ညနေပိုင်းမှာ ရန်ကုန်တက္ကသိုလ်နဲ့ တက္ကသိုလ် အများအပြားကို ပိတ်လိုက်ကြောင်း
မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) အစိုးရက ကျေညာခဲ့ပါတယ်။
ကျွန်တော်လက်ထဲမှာတော့ သမဂ္ဂအလံတခုနဲ့ ဦးသန့်သပိတ်ကျောင်းသားဟောင်းတွေနဲ့
တခြားကျောင်းသားတွေက ပေးပို့တဲ့ သ၀ဏ်လွှာ တချို့ သိမ်းထားခဲ့ပါတယ်။
(ဤစာဖြင့် ၁၉၈၈ ဂျွန်ကျောင်းသားသပိတ်တိုက်ပွဲတွင်ပါခဲ့သူများကို ဦးညွတ်အလေးပြုလိုက်ပါတယ်။
မှားယွင်းသည့်အချက်များထောက်ပြခြင်းနှင့် ဖြည့်စွက်လိုသည်များရှိပါက ၀မ်းမြောက်စွာကြိုဆိုမည်ဖြစ်ပါသည်။ )
အောင်စံအေး

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။