Published on Friday, 23 November 2012 03:34
Written by တင်ညွန့်
၁၉၆၂
ခုနှစ် မတ်လ ၂ ရက်နေ့၊ နံနက် ၈ နာရီ ၂၅ မိနစ်တွင် မြန်မာ့အသံမှ ကရင်ပိုင်း
အစီအစဉ်ကို ထုတ်လွှင့်နေစဉ်၊ အစီအစဉ်ကို ရုတ်တရက် ရပ်ပြီး ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်ကြီး နေဝင်းက နိုင်ငံတော် အာဏာကို ဗမာ့ တပ်မတော်မှ
တာဝန်ယူစောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း ကြေညာ လိုက်သည်။
ထိုနေ့နံနက်တွင်ပင်
တော်လှန်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း မြန်မာ့အသံမှ ကြေညာခဲ့သည်။
တော်လှန်ရေးကောင်စီတွင် အဖွဲ့ဝင် ၁၇ ဦးပါဝင်ပြီး၊ တော်လှန်ရေးကောင်စီဥက္ကဌမှာ
ဗိုလ်ချုပ်ကြီးနေဝင်းဖြစ် သည်။ ထိုစဉ်က ပညာရေးဝန်ကြီးဌာနနှင့်
ကျန်းမာရေးဝန်ကြီးဌာနကို ပူးတွဲတာဝန်ယူရသူမှာ ဗိုလ်မှူးချုပ် သန်းဖေဖြစ်သည်။
စစ်ဗိုလ်တို့ ပညာရေးလောကတွင် စတင်စိုးမိုးလာသည့် ခေတ်ဦးဟုဆိုရမည်ဖြစ်သည်။
တော်လှန်ရေးကောင်စီတက်လာပြီးမှာ
ကြားလာရသည့်ပညာရေးစနစ်မှာ “စနစ်သစ်ပညာရေး” ဟူ၍ဖြစ်သည်။ ကိုလိုနီခေတ်ပညာရေးစနစ်ကို
မွမ်းမံဖာထေးထားသည့် ပညာရေးကို အလိုမရှိဟုဆိုကာ “စနစ်သစ်ပညာရေး” ကို
ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။ စစ်ဗိုလ်များက လက်ရှိကျင့်သုံးနေသည့် ပညာရေးစနစ်သည်
ဗျူရိုကရေစီ အုပ်ချုပ်ရေးယန္တရားအတွက် စာရေး၊ စာချီနှင့်
အရာရှိအရာခံထုတ်လုက်ရေးအတွက် အဓိကထားသည့် ပညာရေးဟူ၍ ကိုလိုနီခေတ်
အမျိုးသားရေးစိတ်ဓာတ်ကို ဆက်လက်အမွေခံဝေဖန်ပြီး “လက်တွေ့ဘဝနှင့် စပ်ဟပ်ခြင်းမရှိဘဲ
ကင်းကွာလျက် နိုင်ငံခြားလောင်းရိပ်မိကာ ပုံတူကူးချမှုများရှိနေသည့်ပညာရေး” ဟု
ပက်ပက်စက်စက်ဝေဖန်လိုက်ပြီး “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ ပညာရေးမူဝါဒများ” ကို
ချမှတ်လိုက် တော့သည်။ ထိုပညာရေးမူဝါဒတွင် အဓိကအားဖြင့်
(၁)
အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူမပြုသော လက်ရှိပညာရေးစနစ်ကို
ပြောင်းလဲရမည်။
(၂)
အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြု၍ စာရိတ္တမြင့်မားမှုကို အခြေခံသော ပညာရေးကို
ဆောက်တည်မည်။
(၃)
သိပ္ပံပညာကို ဦးစားပေးမည်။
(၄)
အခြေခံပညာကို လူတိုင်းသင်ယူနိုင်ခွင့်ရရေးကို ဦးတည်မည်။
(၅)
အထက်တန်းပညာ (ဝါ) တက္ကသိုလ်ပညာကို ဥာဏ်ပညာ ထက်မြက်ခြင်းရှိ၍ အထက်တန်းကို မီအောင်
လိုက်နိုင်သူ၊ ကြိုးစားမှုရှိသူများကိုသာ သင်ကြားခွင့်ပြုစေရန်
ရည်သန်သည်ဟူ၍ဖြစ်သည်။
အထက်ပါ
ပညာရေးဆိုင်ရမူဝါဒသည် ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ တနင်္လာနေ့တွင် ကြေညာသည့်
တော်လှန်ရေးကောင်စီ၏ ဝါဒသဘောထားကြေညာချက် အပိုဒ် ၁၇ (က) တွင်
ပါဝင်ခြင်းဖြစ်သည်။
တော်လှန်ရေးကောင်စီနှင့်
တော်လှန်ရေးကောင်စီကဖော်ထုတ်လိုက်သည့် ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးကို ၁၉၆၂
ခုနှစ်ကတည်းက ကျောင်းသားများသည် နိုင်ငံရေးအရ ဆန့်ကျင်ခဲ့ကြသည်။ အထူးသဖြင့်
တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ
အဖွဲ့ချုပ် (ဗကသ) ၊ ရန်ကုန်ခရိုင်ကျောင်းသားများ သမဂ္ဂ (ရကသ)နှင့် တပ်ဦး (သစ်)
ကျောင်းသားများက တော်လှန်ရေးကောင်စီကို ဆန့်ကျင်ခဲ့ကြသည်။ တော်လှန်ရေးကောင်စီက
တိုင်းပြည်အား ထိန်းသိမ်းစောင့် ရှောက်ခြင်းဆိုသည်မှာ “လက်နက်နှင့်အာဏာသိမ်းခြင်း”
သာဖြစ်သည်ဆိုပြီး ကန့်ကွက်ကြောင်း ကြေညာ ချက်များထုတ်ပြန်ကာ ဆန့်ကျင်ခဲ့ကြသည်။ ၁၉၆၂
ခုနှစ် ဇူလိုင် ၇ ရက်အရေးအခင်းသည် သမိုင်းတင်နိုင်ခဲ့ သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး
ကျောင်းသားလှုပ်ရှားမှုကြီးတစ်ခုဖြစ်ခဲ့သည်။
တော်လှန်ရေးကောင်စီ၏
ဆိုရှယ်လစ်စနစ်လွှမ်းမိုးထားသည့်အယူအဆများသည် ကျောင်းသားလှုပ်ရှားမှုများ နှင့်
ကိုယ်ပိုင်ကျောင်းများအပေါ် မျက်စိစပါးမွှေးစူးလာခဲ့သည်။ တော်လှန်ရေးကောင်စီက
“လုပ်သားပြည်သူ များ၏ သားသမီးများအားလုံးသည်
ဆိုရှယ်လစ်စီးပွားရေးစနစ်ထူထောင်ရေးအတွက် အထောက်အကူဖြစ်စေ မည့် ပညာရပ်များကို
ပြည်သူ့ကျောင်းများတွင် တစ်ပြေးညီစွာ ပညာယူသင်ကြားနိုင်ရန်အတွက်လည်းကောင်း၊
ကျောင်းသားများ ပညာရည်တိုးတက်မှု၊ အတွေးအခေါ်ပြုပြင်ပြောင်းလဲမှုများကို
တစ်နိုင်ငံလုံး တစ်ပြေးညီစွာ ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ အသွင်အမျိုးမျိုး
ပုံသဏ္ဌန်အဖုံဖုံတို့ဖြင့် ထိုးဖောက်ဝင်ရောက်လာ နေသော နိုင်ငံခြား အလေ့အကျင့်၊
နိုင်ငံခြားဓလေ့ထုံးစံ မှားယွင်းသော အတွေးအခေါ်အယူအဆစသော နိုင်ငံခြား ယဉ်ကျေးမှု
လွှမ်းမိုးခြင်းများကို တားဆီးဖယ်ရှားနိုင်ရန်အတွက်လည်းကောင်း တော်လှန်ရေး
ကောင်စီသည် ပထမအဆင့် တားဆီးသည့်အနေဖြင့်” ဟုဆိုကာ ၁၉၆၃ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင်
“ကိုယ်ပိုင်ကျောင်းမှတ်ပုံ တင်ဥပဒေ” ကိုပြဌာန်းလိုက်သည်။
မြန်မာနိုင်ငံတွင်
လွတ်လပ်ရေးရပြီးနောက်ပိုင်း သာသနာပြုကျောင်းများ၊ ပြည်တွင်းရှိ တရုတ်၊ ကုလားတို့၏
လူမျိုးခြားကိုယ်ပိုင်ကျောင်းများနှင့် စီးပွားရေးသက်သက်ဖြင့် ဖွင့်လှစ်ထားသော
ကိုယ်ပိုင်ကျောင်း အမြောက်အမြား ပေါ်ပေါက်လာခဲ့သည်။ ကိုယ်ပိုင်ကျောင်းများသည်
ဆိုရှယ်လစ်စနစ်နှင့်ဆန့်ကျင်ဘက် ဖြစ်နေခြင်း၊ ပုဂ္ဂလိကကျောင်းများမှ
ကျောင်းသားဆူပူလှုပ်ရှားမှုများပေါ်ပေါက်လာမှုကို မျက်မုန်းကျိုးနေသော
တော်လှန်ကောင်စီသည် ဒုတိယအဆင့် အနေဖြင့် ကိုယ်ပိုင်ကျောင်းများအနက်မှ
အထက်တန်းကျောင်း ၁၀၂ ကျောင်းနှင့် အလယ်တန်းကျောင်း ၂၇ ကျောင်း စုစုပေါင်း ၁၂၉
ကျောင်းကို ၁၉၆၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး ပြည်သူပိုင်ပြုလုပ်ခဲ့သည်။
တော်လှန်ရေးကောင်စီတက်လာပြီးကတည်းက
၁၉၆၂ ခုနှစ် ဇူလိုင်တွင်တစ်ကြိမ်၊ ၁၉၆၃ ခုနှစ် နိုဝင်ဘာလတွင် တစ်ကြိမ်
ကျောင်းသားဆူပူလှုပ်ရှားမှုများဖြစ်ပေါ်လာခဲ့သဖြင့် ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်မဟာဌာန
၃ ခုကို ပိတ်လိုက်ရသည်။ မန္တလေးတက္ကသိုလ်၊ မော်လမြိုင်ကောလိပ်နှင့်
ပုသိမ်ကောလိပ်များလည်းပိတ်ခဲ့ရသည်။ တက္ကသိုလ်ကျောင်းများကို မဖွင့်နိုင်သဖြင့်
ပိတ်ထားရသော ရန်ကုန်တက္ကသိုလ်တွင် ၁၉၆၄ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ
ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ တက္ကသိုလ်ပညာရေး နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ သည်။
ထိုနှီးနှောဖလှယ်ပွဲတွင် တော်လှန်ရေးကောင်စီသည် စစ်အစိုးရကို ထောက်ခံသည့် ပညာရှိ
ပါမောက္ခ ကြီးများ၊ ပညာရှင်များကို စည်းရုံးမွေးထုတ်နိုင်ခဲ့ပြီး စစ်တပ်အစိုးရအလိုကျ
ပညာရေးဆိုင်ရာ မူဝါဒများကို ထုတ်ပြန်ချမှတ်နိုင်ခဲ့သည်။ ရလဒ်အနေဖြင့် “၁၉၆၄ ခုနှစ်
ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်ပညာရေး ဥပဒေ” ပေါ်ပေါက်လာခဲ့သည်။
တော်လှန်ရေးကောင်စီအလိုကျ
စနစ်သစ်ပညာရေးဆိုသည်မှာ “တက္ကသိုလ်သည် စာသင်ရန်သက်သက်၊ သုတေသနပြုလုပ်ရန်သက်သက်”
မဟုတ်တော့ပေ။ စနစ်သစ်တက္ကသိုလ်ပညာရေးကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်တည်ဆောက်ရာတွင်
ဆိုရှယ်လစ်အတွေးအခေါ်များဖြင့် လမ်းစဉ်ပါတီကိုလည်းထောက်ခံ၊ အစိုးရကို လည်း
ကလန်ကဆန်မလုပ်၊ လုပ်သားကောင်းများမွေးထုတ်ရန်ဆိုသည့် အစီအစဉ်များဖြင့်
စတင်တော့သည်။
လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့ရသည့်
သမိုင်းစဉ်ကာလတစ်လျှောက်လုံး ပညာရေးကို ဆုံးခန်းတိုင်အောင် မသင် ကြားခဲ့ရသော
စစ်ဗိုလ်နိုင်ငံရေးသမားများအား ပညာရှင်များက စနစ်သစ်တက္ကသိုလ်ပညာရေးကို “မြန်မာ
ဘာသာဖြင့် သင်ကြားရေး” အားဝိုင်းဝန်းအဆိုပြုကြသည်။ တက္ကသိုလ်တွင် သင်ကြားနေသော
ဘာသာရပ် အသီးသီးကိုလည်း ကျောင်းသုံးစာအုပ်များကို မြန်မာဘာသာဖြင့် မဖြစ်ဖြစ်အောင်
ကြိုးစားပြုစုကာ သင်ကြား ခဲ့ကြသည်။ ထိုအချိန်မှစ၍ တက္ကသိုလ်တွင် အင်္ဂလိပ်စာတတ်ပြီး
ကမ္ဘာကိုရင်ဘောင်တန်းနိုင်မည့်သူများ ပျောက်ကွယ်သွားခဲ့ရသည်။ တက္ကသိုလ်တွင်
မြန်မာစာဖြင့်သာ ဘာသာရပ်များကို သင်ကြားရန်အဆိုပြုပြီး အကောင်အထည်ဖော်ခဲ့မှုအပေါ်
ပြန်လည်လေ့လာဆန်းစစ်ပြီး သင်ခန်းစာယူသင့်ပါသည်။
စနစ်ဟောင်းပညာရေးတွင်
ဘာသာတွဲစနစ် (Combination System) ကိုကျင့်သုံးပါသည်။ တက္ကသိုလ် ကျောင်းသားတစ်ဦးသည်
မိမိနှစ်သက်ရာ ဘာသာတွဲ ၄ ခုကို သင်ကြားရသည်။ စနစ်သစ်တွင် ဘာသာတွဲ အစား
ဘာသာရပ်တစ်ခုတည်းကိုသာလေ့လာစေသည့် အဓိကဘာသာစနစ် (Majoring System) ကိုကျင့်
သုံးလိုက်သောကြောင့် တစ်လိုင်းသွားပညာရေးစနစ်ဖြစ်လာသည်။ ဥပမာ
သမိုင်းမေဂျာယူသည့်သူသည် သမိုင်းဘာသာတစ်မျိုးတည်းကိုသာ လေ့လာစေသဖြင့်
တစ်ဘာသာတည်းကိုသာ သိရှိနိုင်မည်ဖြစ်သည်။ ဘာသာရပ်များကို မြန်မာလိုပြောင်း၊
အင်္ဂလိပ်လို ဘာသာတွဲယူစရာကလည်းမရှိ၊ သင်ကြားရေးတွင် စမ်းသပ် အဆင့်များဖြင့်သာ
အချိန်ကုန်ခဲ့သဖြင့် အင်္ဂလိပ်စာညံ့ခဲ့ရခြင်းမှာ မဆန်းပေ။ ထို့ပြင် စနစ်သစ်ဟု ဆိုကာ
ယခင် အမှတ် ၁၀၀ ပေးသည့် “ရာခိုင်နှုန်းစနစ်” ကိုမကျင့်သုံးတော့ဘဲ
“အဆင့်အမှတ်ပေးသည့်စနစ်” ကိုပြောင်းလဲ ကျင့်သုံးသဖြင့် တက္ကသိုလ်ဆရာများ
သမာသမတ်ကျပါရဲ့လားဟု မေးစရာများဖြစ်လာသည်။ အမှန်မှာ ထိုစဉ် ကတည်းက
တက္ကသိုလ်ပညာရေးတွင် အဆင့်ကို ဆရာများလက်တွင်ထားလိုက်ခြင်းကြောင့် မသမာမှုများ
စတင်ခဲ့သည်ဟုဆိုနိုင်သည်။
မှတ်ချက်
Myanmar
Independence Journal တွင် မြန်မာ့ပညာရေးနိမ့်ကျခဲ့ရခြင်းအား
ပြန်လည်ဆန်းစစ်ခြင်း
ခေါင်းစဉ်ဖြင့်
ဖော်ပြခဲ့ပြီးဖြစ်သည်။
http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/2575-2012-11-23-03-34-43

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။