“ဟားခါး”တဲ့။ မြန်မာပြည်ထဲက ကျွန်မ စိတ်ဝင်စားတဲ့ နေရာလေး တစ်ခု။ သူငယ်ချင်းက ဖုန်းဆက်ပြီး “သွားရအောင်”လို့ ပြောကတည်းက ကျွန်မ ကြိုတင် ရင်ခုန်နေမိပြီ။ တကယ်တော့ ချင်းပြည်နယ်။
ဟားခါးမြို့နဲ့ မြို့မသာသနာပြု စာသင်တိုက်က ဆရာတော် ဘဒ္ဒန္တတေဇောသာရ ဦးစီးပြီး ကျင်းပပြုလုပ်တဲ့ အိပ်မက်တော်ရ သစ္စာအောင်မြေ ကုန်းတော်ပေါ်မှာ ရှိတဲ့“သံသရာအေး”စေတီ ထီးတော် တင်လှူပွဲကို သွားကြတာပါ။ သူငယ်ချင်းက အဲ့ဒီသစ်္စာအောင် မြေကုန်းတော်ပေါ်မှာ မီးထိန်ထိန် လင်းဖို့အတွက် မီးစက်ကြီး လှူထားတာလေ။ ဒါကြောင့်ရေစက် ချပွဲကိုသွားဖို့ အဖော်စပ်တာမို့ အချိန်မဆွဲဘဲ
ကျွန်မတို့ အဖွဲ့ လိုက်ပါလာခဲ့ကြတယ်။
ဧပြီလ ၂၆ ရက်နေ့၊ နေ့လယ် ၁၁ နာရီမှာ မန္တလေးမြို့ကနေ ဟားခါးမြို့အထိ ဟားခါးမန်း မှန်လုံ Express ကားစီးပြီး ကျွန်မတို့တွေ ထွက်လာခဲ့ကြတယ်။ မန္တလေးမြို့ကနေ မထွက်ခင် ကျွန်မတို့ စီးလာတဲ့ မှန်လုံကားက ခေတ္တခဏ ရပ်ပြီး ချင်းဘာသာ စကားနဲ့ လမ်းခရီး တစ်လျှောက်လုံး အန္တရာယ် ကင်းစေဖို့ တိုင်တည် ဆုတောင်းခြင်း ပြုလုပ်ပါတယ်။ ဒါကလည်း သူတို့ရဲ့ရိုးရာဓလေ့ ထုံးစံတဲ့။
မန္တလေးကနေ ပခုက္ကူ-ချောင်းဦးလမ်းခွဲ အတိုင်း ကျွန်မတို့ မှန်လုံကား လေးဟာ နွေခေါင်ခေါင်မှာ ခရီး အပြင်းနှင်ပြီး ပြေးလွှားနေပါတယ်။ မကွေး တိုင်းထဲက ဆင်ဖြူရှင် တံတားကို ဖြတ်ကျော်လာပြီး စားသောက်ဆိုင်တစ် ဆိုင်မှာ နေ့လယ်စာစားဖို့ ရပ်နား ပေးခဲ့တယ်။ နေပူပူမှာ ရေဆာလို့ ရေပူပူ ကို မသောက်နိုင်လို့ ရေအေးအေးတွေ ၀ယ်သောက်ခဲ့ရတာ အမှတ်ရစရာပါ။
ဆားလင်းကြီးမြို့နယ် ထဲက ပုလဲမြို့ကို ဖြတ်ကျော်လာတော့ လမ်းဘေး တစ်လျှောက်မှာ စီစီညီညီ ပေါက်နေကြတဲ့ တမာပင်တန်းက ကဗျာဆန်စွာ လှနေကြပြန်တယ်။ နေလုံးကြီးကို ခေါင်းပေါ်ရွက်လို့ ကုန်ပစ္စည်းတွေ ပြည့်ကျပ်နေတဲ့ ကားပေါ်မှာ ကျွန်မတို့ အဖွဲ့ခရီး ဒဏ်ကို အလူးအလိမ့် ခံရင်း လိုက်ပါလာခဲ့ကြတယ်။

ပုံတောင်၊ ပုံညာကို ဖြတ်တော့ မတ်စောက်လှတဲ့ ချောက်ကမ်းပါးကြီး တွေကို ငေးမောရင်း ရင်တမမနဲ့ ကျွန်မမှာ ဘုရားစာတွေရွတ်ရသေးတယ်။ ကျောမြို့ကို ရောက်တော့ ည ၇ နာရီ ကျော်နေပြီလေ။ ဒါနဲ့ကျောမြို့မှာ ညစားစာပြီး ကားမထွက်ခင် အညောင်းပြေလမ်းလျှောက်ရင်း လေ့လာဖြစ်ကြ တယ်။ ကျောကို ရောက်တော့ ရာသီဥတုက အနည်းငယ် ပြောင်းလာခဲ့ပြီ။ ကျောနဲ့ ဂန့်ဂေါက ၃၇ မိုင်ပဲ ကွာဝေးပေမဲ့ ခရီးလမ်းကကြမ်းတော့ ဂန့်ဂေါကို ရောက်တော့ ညလယ် ၁ နာရီခွဲ ရှိနေပြီလေ။ ကားဘီးပေါက်တာမို့ရတဲ့အချိန် ခဏလေးမှာ ပုံစံခွက်ထဲမှာ ထိုင်ထားရတဲ့ ကျွန်မတို့တွေ အလွန်ပဲနာကျင် နေပြီမို့ လမ်းဆင်းလျှောက်ရင်းနဲ့ ဂန့်ဂေါမြို့ရဲ့ညမှောင်မှောင်ထဲက အလှတရား ကို ပုံဖော်ကြည့်နေမိကြတယ်။
ဂန့်ဂေါ်မြို့ကနေ ကျွန်မတို့ ကားလေး ထွက်လာတော့ တောင်ဆင်းတောင် တက်လမ်းတွေက ပိုပြီး ကျဉ်းမြောင်းကာ ပိုပြီး မတ်စောက်လာခဲ့ ပါတယ်။ နောက်ပြီးရာသီဥတုကလည်း ပိုပြီး အစွမ်းပြလာခဲ့ပြီလေ။ ပါလာတဲ့ အနွေးထည် ပါးလေးတွေ ၀တ်ဆင်ရင်း ကားလမ်းဘေးက ရှုခင်းတွေကို ကြည့်ရင်းနဲ့ အိပ်မပျော်တဲ့ ကျွန်မမှာ ဘုရားစာ ရွတ်ကာ မေတ္တာပို့ရင်း လိုက်ပါလာ ခဲ့တယ်။ ဧပြီ ၂၇ ရက်နေ့ မနက် ၆ နာရီမှာတော့ ထင်းရှူးပင်တွေ မြူနှင်းတွေနဲ့ လှပတဲ့ မနက်ခင်းနဲ့ ဟားခါးမြို့က ကြိုနေခဲ့ပါပြီ။ ဟားခါးမြို့နဲ့ မန္တလေးမြို့က ခရီးရှည် အကွာအဝေး ၃၂၀ မိုင်ရှိပြီး ဟား ခါးမြို့က ပင်လယ်ရေမျက်နှာပြင် အထက် ၆၁၂၀ ပေမှာ တည်ရှိပါတယ်။ ဆရာတော်နဲ့ မြို့မ စာသင်တိုက် ကျောင်းရှေ့မှာ ကားရပ်ပေးလိုက် တော့ ကိုရင်လေးတွေက ပစ္စည်းလေးတွေ လာ သယ်ကူပေးကြပါတယ်။
ဘုရား ထီးတင်ပွဲကို အနယ်နယ် အရပ်ရပ်က အလှူရှင်တွေ လာကြတာမို့ ဓမ္မာရုံထဲမှာ ဧည့် သည်တွေနဲ့ ပြည့်ကျပ် နေခဲ့တယ်။ ကျွန်မတို့ အဖွဲ့လည်းပါ လာတဲ့ ပစ္စည်းတွေ ကိုယ်စီချပြီး သန့်ရှင်းရေး လုပ်ကာ မနက်စာစားဖို့ကျောင်း ရှေ့က “ဂန္ထ၀င်ဆည်းဆာ”လက်ဖက်ရည်ဆိုင်ကို ထွက် လာခဲ့ကြတယ်။ အဲဒီမှာပဲ မထင်မှတ်စွာနဲ့ ကျွန်မ သူငယ်ချင်းရဲ့မိတ်ဆွေနဲ့ တွေ့တယ်။ အဲဒီ အစ်ကိုကြီးက ဟားခါး ဆောက်လုပ်ရေးမှာ တာဝန်ကျနေတာမို့ ကျွန်မတို့အဖွဲ့လျှောက်လည်ဖို့ ကားစီစဉ်ပေးမယ်လို့ ပြောခဲ့တယ်။
မြို့မကျောင်းမှာ မနက် ၁၀နာရီလာကြို မယ်ဆိုတာကြောင့် ကျွန်မတို့တွေ မြို့ထဲက “၀ိုင်း” အလှပြင်ဆိုင်မှာ ခေါင်းလျှော်ခြင်းကို မြန်မြန် လုပ်ခိုင်းရတော့တယ်။ ဟားခါးရဲ့အအေးဒဏ်က တွေးထားတာထက် ပိုအေးနေပါတယ်။ ကျွန်မတို့ အဖွဲ့က မန္တလေးရဲ့အပူရှိန်ကို ခံခဲ့ရသူတွေဆိုတော့ ဟားခါးမှာ သိပ်မအေးလောက်ပါဘူးလို့ တွေးပြီး အနွေးထည်တွေ မယူခဲ့ကြဘူးလေ။ ဒီရောက်တော့ အတွေးနဲ့ လက်တွေ့က ကွာခြားနေတာမို့ အနွေး ထည်ရောင်းတဲ့ ဆိုင်ဆီ ပြေးရပါတော့တယ်။
ဟားခါးမြို့က အိမ်လေးတွေက ကမ်းပါး ယံမှာ မှီတွယ်ပြီးဆောက်လုပ် ထားတာပါ။ ကျွန်မ က ကြည့်ရင်းနဲ့တောင် အသည်း ယားမိတယ်။ ဟားခါးရဲ့ အားကစားကွင်းကြီးက မြို့ရဲ့အလှကို ပံ့ပိုးပေးနေခဲ့တယ်။ မနက် ၁၀ နာရီ အနည်းငယ် ကျော်တော့ ကျွန်မတို့အဖွဲ့ ကားနဲ့လျှောက်လည် နေကြပြီပေါ့။ ဆေးရောင်စုံခြယ် သုတ်ထားတဲ့ ချစ်စရာအိမ်လေးတွေကို ငေးမောရင်း အိမ်ရှေ့ ဘက်တွေမှာ စိုက်ပျိုးထားတဲ့ နှင်းဆီပန်းနဲ့ သစ်ခွ ပန်းတွေကို ကြည့်ရင်း မျက်စိအရသာခံနေမိကြ တယ်။ ဟားခါးကအိမ်လေးတွေရဲ့ တူညီချက်က မှန်ပြတင်းတွေ အလုံပိတ်ထားခြင်းပါပဲ။ ဒါက လည်း တိုက်ခတ်လာတဲ့မိုး၊ လေတွေကို ကာ ကွယ်နေမှာပါ။
ဟားခါးရဲ့ ရှုခင်းသာကို ရောက်တော့ ကျွန်မ တို့အဖွဲ့ ဓာတ်ပုံကိုမြန်မြန်ပဲ ရိုက်ဖြစ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်မှာ မိုးတိမ်တွေ ကမည်းမှောင်လို့ အချက်ပေးနေခဲ့ပြီလေ။ ဒါနဲ့ ကျွန်မတို့လည်း “သာသနာ့ပါလ” ကုန်းတော်ပေါ် မှာရှိတဲ့ “ဇေယျသိဒိ္ဓ” ရုပ်ပွားတော်နဲ့“ ကကုဿန” စေတီတော် ရှိရာဆီ ထွက်ခွာ လာခဲ့ကြတော့တယ်။ တောင်ကုန်းပေါ်ကို ရောက်တော့ တောင်ပေါ်မိုးက သဲသဲမဲမဲ ရွာချပြီလေ။ ဒီတော့အနီးအနားမှာရှိတဲ့ ဓမ်္မာရုံထဲကို မိုးမစိုအောင် ခဏ၀င်ခိုနားဖြစ်ကြ တယ်။ သာသနာ့ပါလ ကုန်းတော်က အမြင့်ပေ ၇၀၀၀ ကျော်မှာရှိပါတယ်။ ဟားခါးရဲ့ ပေ ၈၀၀၀ ရှိတဲ့တောင်တန်းပေါ်မှာတော့ ဂေါက်ကွင်း တစ်ခုရှိ တယ်။ အဲဒီ့ ဂေါက်ကွင်းက ကမ္ဘာပေါ်မှာ ဒုတိယ အမြင့်ဆုံး နေရာမှာ တည်ဆောက်ထားတဲ့ ဂေါက်ကွင်းလို့ အရင်က စာအုပ်ထဲမှာ ကျွန်မ ဖတ်ဖူးခဲ့တယ်။

မိုးနည်းနည်း တိတ်တော့ ကောင်းကင်ကလည်း ကြည်လင်လာပြီမို့ ဘုရားဖူးရင်း အဲ့ဒီကုန်းတော်ပေါ်မှာ သီးသန့်ထား ရှိတဲ့ ဆရာတော်ဘဒ်္ဒန်္တသိရိန်္ဒ ရဲ့ ၈ နှစ်ကြာ ရုပ်ကြွင်းကို ဖူးတွေ့ကြပြန်ပါတယ်။ အဲ့ဒီ့ကနေ ပြန်လာ တော့ ကျွန်မတို့ အဖွဲ့ကို ကားသမားက မြို့မကျောင်းကို ပြန်ပို့ပေးခဲ့တယ်။ ဟားခါးမှာက သိပ်ပြီးလည်စရာ မရှိဘူး ဆိုတာနဲ့ ကျွန်မတို့ နည်းနည်းတော့ စိတ်ပျက်မိသလိုပါပဲ။
မြို့မကျောင်းကိုရောက်တော့ ဆရာတော်ရှိတဲ့ သစ္စာအောင်မြေ ကုန်းတော် ပေါ်ကို သွားဖို့ စီစဉ်ပေးထားတဲ့ တောင်တက်ကားနဲ့ တတ်လိုက်ခဲ့ကြတယ်။ တောင်ပေါ်ကို ရောက်တော့ ရာသီဥတုက ပိုကြမ်းနေပါတယ်။ ဧပြီရဲ့ နွေရာ သီမှာ အရိုးခိုက်အောင် အေးစိမ့်နေခဲ့တယ်လေ။ လေတိုက်နှုန်းကလည်း တော် တော်ပြင်းတာမို့ ကျွန်မကတောင် သူငယ်ချင်းကို စရသေးတယ်။ လေနဲ့အတူ ကျွန်မပါ လွင့်ပါသွားရင် ဆွဲထားဦးလို့လေ။
ဆရာတော်ရဲ့ နားနေဆောင်မှာ ခဏနားပြီး ကျွန်မတို့တွေ မနက်ဖြန် မနက် ထီးတော်တင်လှူပွဲ အတွက် အစီအစဉ်များကို နားထောင်ဖြစ်ကြတယ်။ နောက် ပြီး စေတီတော် အတွက် အလှူငွေများ ဆရာတော်ဆီမှာ ထည့်ဝင်လှူဒါန်း ဖြစ်ခဲ့ကြတယ်။ ပြီးတော့ တောင်ကုန်းပေါ်ကနေ ဟားခါးမြို့ရဲ့အလှကို အပေါ် စီးမှ ကြည့်ဖြစ်ကြတယ်။ ညနေစောင်းတော့ တောင်အောက်ဘက်ဆင်းလာ ပြီး ဟားခါးရဲ့ အမှတ်တရ လက်ဆောင်ဝယ်ဖို့အတွက် ဈေးရှိရာဆီ သုံးဘီး ဆိုင်ကယ်ငှားကာ ထွက်လာခဲ့ကြတယ်။ အဲဒီအချိန် အထိ မရပ်တဲ့မိုးက အဆက်မပြတ် ရွာနေတုန်းလေ။ ဟားခါးမှာက တခြားမြို့ကြီးတွေလိုမျိုး ဈေးသီးသန့် မရှိပါဘူး။ ကားလမ်းဘေး တစ်လျှောက် ဆိုင်ခန်းတွေနဲ့သာ ရောင်းချနေတာလေ။ ဟားခါးရဲ့လက်မှုပညာနဲ့ ရက်လုပ်ထားတဲ့ အောက်ချင်း ငှက်ပုံပါတဲ့ ချင်းလုံချည်တွေ၊ ချင်းတဘက်တွေနဲ့ စပျစ်ဝိုင်တို့ကို ၀ယ်ဖြစ် ခဲ့ကြတယ်။
မြို့မဘုန်းကြီးကျောင်းကို ရောက်တော့ ညစာစားပြီး အိပ်စက်ဖို့အတွက် စိုင်းပြင်းကြပါတယ်။ ဟားခါးရဲ့အေးမြတဲ့ ရင်ခွင်မှာ နားခိုရင်း ကျွန်မတို့အဖွဲ့ မောမောနဲ့ အိပ်ပျော်သွားကြတယ်။ ချင်းတောင်ရဲ့ အအေးဓာတ်က ညဦးယံမှာ ပိုပြီးထိုးနှက်ပါတယ်။ ကျွန်မတို့ ဗန်းမော်သူတွေထက် ပိုပြီး ချမ်းတတ်တဲ့ မန္တလေးက သူငယ်ချင်း နှစ်ယောက်တော့ ခေါင်းစွပ်၊ ခြေအိတ်တွေနဲ့ အပီအပြင် ကွေးနေကြတယ်လေ။

နောက်တစ်နေ့ ဧပြီ ၂၈ ရက်နေ့၊ မနက် ၅ နာရီမှာထပြီး မျက်နှာ သစ်ခြင်းနဲ့ အိမ်သာ တက်ခြင်းကို တန်းစီပြီး တိုးဝှေ့နေရပါတယ်။ ဘုရားဖူးတွေက များပြီး အိမ်သာ အခက်အခဲ အဖြစ်ဆုံးကတော့ မမေ့နိုင်စရာပါ။ ရေချိုးခန်းနဲ့ အိမ်သာရှေ့မှာရှိတဲ့ လူအုပ်ကြီးကိုမြင်ရင် ကျွန်မ ဘယ်လို ငိုချင်သလို ဖြစ်မှန်း မသိ။ နောက်မှ အများနဲ့ ဆိုတော့လည်း ရောမရောက်တော့ ရောမလိုကျင့်ရတော့တာ ပေါ့လေ။
မနက် ၇ နာရီမှာ တောင်ပေါ်တက်ဖို့ ဒိုင်နာ ကားကြီးတွေက လာကြိုပေးပါတယ်။ ဒါပေမဲ့ မိုးကတစ်ညလုံး ရွာထားတာမို့ တောင်တက်လမ်းမှာ ရွှံ့တွေနဲ့ ဖြစ်နေပြီး ကားတက်လို့မရအောင် လမ်းချောနေခဲ့တယ်။ ဒီတော့ ဘုရားဖူးတွေ အားလုံးနီးပါး တောင်ပေါ်ကို လမ်းလျှောက်ကာ ချီ တက်ရတော့တယ်။ သစ္စာအောင်မြေ ကုန်းတော်ပေါ်ကို ရောက်တော့ ထီးတင် လှူပွဲကိုလာတဲ့ အစိုး ရအဖွဲ့အစည်းမှ ၀န်ထမ်းများနဲ့ ဧည့်သည်များက ပြည့်နှက်နေပါတယ်။
မနက် ၉ နာရီမှာ ထီးတော်တင်လှူ ပွဲစမှာမို့ အဲဒီ အချိန်မတိုင်ခင်လေးမှာပဲ မိုးတိတ်သွားခဲ့ တယ်။ တခြား လူတွေကတော့ မိုးရွာခြင်းကြောင့် ပွဲပျက်မှာ စိတ်ပူနေကြတယ်။ ဘာကြောင့်ရယ် မသိဘူး ကျွန်မကတော့ ရင်ထဲမှာ အလိုလို သိနေသလို ခံစားနေရတယ်။ ထီးတော်တင်မယ့် အချိန်မှာ မိုးတိတ်မှာကိုပေါ့လေ။ တကယ်လည်း မိုး တိတ်သွားခဲ့ပါတယ်။ ဒါကလည်း ဘုရားရဲ့ တန်ခိုးတော်ကြောင့်ပဲနေမှာပါ။
ထီးတင်ပွဲစတော့ စေတီပေါ်ကနေ ဆရာ တော်က အလှူငွေများကြဲချပေးပါတယ်။ တောင်ကုန်းပေါ်က လူအုပ်ကြီးကလည်း အလုအယက် ကောက်ကြတယ်။ တ၀ါးဝါး တဟားဟားနဲ့ ပျော် စရာကြီးပါပဲ။ ထီးတင် လှူပွဲပြီးတော့ ဆရာတော်က ရေ စက်ချကာအမျှဝေပါတယ်။ ဆရာတော် ပြောတဲ့ စကားတွေထဲမှာ ကျွန်မ အကြိုက်ဆုံး စကားလေး တစ်ခွန်းကတော့“ရေစက်ရှိလို့ ဒီလို ဝေးလံခေါင် ဖျားတဲ့ နေရာမှာ လာဆုံကြရတာ။ ဒီမှာရှိတဲ့ မကျွတ်လွတ်တဲ့ သူတွေကလည်း ကိုယ်နဲ့ရေစက် ရှိခဲ့ဖူးလို့ ကိုယ့်ဆီက အမျှဝေသံ ကြားချင်လို့ ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် ဒီပွဲမှာ အမျှဝေပေး ကြပါ”တဲ့။

ဆရာတော်နဲ့ အတူ အမျှဝေရင်း ကျွန်မရင်ထဲ ကြက်သီးတွေထကာ ပီတိဖြစ်မိပါတယ်။ တကယ်လည်း ဒီ“သံသရာအေး”စေတီက ဆရာ တော်ကို မကျွတ်မလွတ်တဲ့သူတွေ အိပ်မက်ပေးလို့ တည်ထားရတဲ့ စေတီတော်ပါ။ ဒီစေတီကို စတည်မယ်ဆိုတာနဲ့ ဒီသစ္စာအောင်မြေကုန်းတော် ပေါ်ကို ရောင်စုံလိပ်ပြာကြီးတွေ၊ မြွေတွေလာဖူး ကြတယ်။ ဒါကိုဓာတ်ပုံရိုက်ပြီး ဆရာတော်က ပြသထားပါတယ်။
ထီးတင်ပွဲပြီးတော့ ဆရာတော်က လာသမျှ ဧည့်သည်များကို နေ့လယ်စာ ကျွေးမွေးပါတယ်။ ထီးတင်လှူပွဲပြီးတော့ နေ့လယ် ၁ နာရီကျော်နေ ပြီ။ ဒါကြောင့် ကျွန်မတို့ အဖွဲ့လည်းတောင် အောက်ဆင်းပြီး ကားလက်မှတ် အတွက် စုံစမ်း ဖြစ်ကြတယ်။ ဖြစ်ချင်တော့ မနက်ဖြန်က တနင်္ဂနွေနေ့လေ။ ဒီမှာက တနင်္ဂနွေ ဆိုရင် ဘုရား ကျောင်းတက်ကြတာမို့ ကားမထွက်ဘူး။ ဈေးဆိုင် မဖွင့်ဘူးတဲ့လေ။ သူတို့တွေရဲ့ ဘာသာတရား ကိုင်းရှိုင်းမှုက အားကျစရာ။ အတုယူစရာပါပဲ။
ကျွန်မတို့ကလည်း ဒီတနင်္ဂနွေတစ်ရက်ကို ဟားခါးမှာ မနေချင်ကြတော့ဘူး။ ဆရာတော် ကလည်း တနင်္လာနေ့မှ ထွက်မဲ့ကားနဲ့ မန္တလေးကို ပြန်ဖို့ပြောပါတယ်။ ဒါပေမဲ့ ချင်းပြည်နယ်ကို ရောက်မှတော့ ဟားခါးမှာတင်ခြေချပြီး ကျွန်မ တို့က မပြန်ချင်ကြဘူးလေ။ မြောက်ပိုင်းချင်းပြည် နယ်ကိုတော့ အနှံ့ရောက်အောင် လျှောက်လည်ချင် ကြတာပေါ့။ ဒီလိုနဲ့ ညနေစောင်းတော့ ဆရာတော် စီစဉ်ပြီးငှားပေးတဲ့ ဗင်ကားနဲ့ကလေးမြို့ဘက် ဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။
ဧပြီ ၂၉ ရက်နေ့၊ မနက် ၅ နာရီ ခွဲမှာတော့ ဟားခါးမြို့ကနေ ကျွန်မတို့ အဖွဲ့ ထွက်ခွာခဲ့ကြပြီ။ ခရီးထွက်တိုင်း ကံကောင်းတတ်တဲ့ ကျွန်မတို့ အဖွဲ့က ကူညီတတ်တဲ့ မိတ်ဆွေတစ်ယောက် တိုးခဲ့ပြန်တယ်။ ကျွန်မတို့ ငှားခဲ့တဲ့ ဗင်ကားမောင်းသူက ဟားခါး နည်းပညာ တက္ကသိုလ်က ဆရာတစ်ယောက်ပါ။ အဲဒီ ဆရာကလည်း ဆရာတော်ကို အားနာတာနဲ့ ကျွန်မတို့အဖွဲ့ကို လိုက်ပို့ ပေးခဲ့တာပါ။ ဟားခါးမှာက အဲဒီလို ကိုယ်ပိုင်ကား တစ်စီးလုံး ငှားဖို့ သိပ်ခက်ပါတယ်။
ကားရှေ့ခန်းမှာ ဆရာနဲ့ သူငယ်ချင်းရဲ့အမေဖြစ်တဲ့ မားမားတို့ ထိုင်ကြပါတယ်။ မားမားက ကျွန်မတို့ ခရီးစဉ် တစ်လျှောက်လုံးမှာ ပွဲထိန်းတဲ့ အဓိက မင်းသမီးကြီးပေါ့။ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ပြီ ဆိုရင်လည်း ကျွန်မတို့ထက် မားမားက ပိုပြီး ၀ါသနာပါသူလေ။ အခုလည်း ကားပေါ်မှာ မားမားနဲ့ ဆရာက အပေးအယူမျှကာ ရယ်စရာတွေနဲ့ ဆူညံနေကြတယ်။
ဟားခါးကနေ ထွက်လာတော့ အစိုးမရတဲ့ မိုးက ၀ုန်းဒိုင်းကြဲပြီး ရွာချ ပါတယ်။ ဟားခါးမှာက နွေ၊ မိုး၊ ဆောင်းသုံးရာသီလုံးမှာ မိုးအမြဲ ရွာတတ် တယ်လေ။ ဖလမ်းမြို့ကို ရောက်တော့ မနက် ၉ နာရီ ကျော်နေပြီ။ ရာသီဥတုက လည်း မိုးအုံ့နေတာမို့ ဗိုလ်ချူပ်လမ်းထဲက ခေါက်ဆွဲဆိုင်မှာ ကားနားရင်း မနက်စာ စားဖြစ်ကြတယ်။ ဒီဖလမ်းမြို့က မင်းသမီး သက်မွန်မြင့်ရဲ့မြို့လေး တဲ့လေ။ ဖလမ်းမြို့က ပင်လယ်ရေမျက်နှာပြင်အ ထက်ပေ ၅၂၀၀ မှာ တည်ရှိပြီး တောင်ကမ်းပါးမှာ တည်ဆောက်ထားတဲ့ အိမ်လေးတွေနဲ့ ချစ်စရာမြို့ လေးတစ်မြို့ပါ။
ဖလမ်းမြို့ကနေ ထွက်လာတော့ တောင်တန်း သာသနာပြုဆရာတော် ဦးဥတ္တမသာရ တည်ထားခဲ့တဲ့ ရွှေရောင်တ၀င်းဝင်းနဲ့ လွတ်လပ်ရေး စေတီတော်ကို ဖူးမြော်ခဲ့ရပါတယ်။ ဖလမ်းမြို့နဲ့ ရိဒ်ရေကန်ကို သွားတဲ့လမ်းခွဲ က သိပ်မဝေးပါဘူး။ အစကတော့ ရိဒ်ရေကန်ကို ကျွန်မတို့လည်း သွားမလို့ပါ ပဲ။ မိုးအရမ်းရွာထားတာကြောင့် လမ်းဆိုးတယ်ဆိုတာနဲ့ မသွားဖြစ်ကြတာပါ။
ဗားရ်တံတားကို ရောက်တော့အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ကြပြန်တယ်။ ဗားရ်တံတားက ထွက်လာတော့ ကားလမ်းကအဖြောင့်မရှိဘဲ တောင်ဆင်း တောင်တက်နဲ့ အကွေ့တွေက များလာခဲ့တယ်။ ကားမူးတတ်တဲ့ ကျွန်မရဲ့ သူငယ်ချင်းခမျာ ဒေါင်ချာစိုင်းနေတာမို့ ဆရာကပဲ ဆိုင်ကယ်နဲ့ ကလေးမြို့ အထိသွားမဲ့သူ့ညီကို အကူအညီတောင်းပြီး လူကြုံထည့်ပေးလိုက်ရတော့တယ်။
ဗားရ်တံတားကနေ ကျော်လွန်လာတဲ့ တောင်တက်လမ်းတစ်နေရာက တောင်ထိပ်ပေါ်မှာ စေတီငယ်တစ်ဆူကို ဖူးတွေ့ရပါတယ်။ ဒီလိုချင်းတောင် တန်းတွေပေါ်မှာ ဗုဒ်္ဓရဲ့စေတီတော်ကို တွေ့မြင်ခွင့်ရတာ ကြည်နူးစရာပါ။ နောက်ပြီး ကျွန်မတို့ ကားလမ်းရဲ့အောက်ဖက်မှာ မြင်နေရတဲ့ တောင်တန်းတွေ ပေါ်က မြူနှင်း၊ တိမ်ခိုးတွေဟာ ကြည့်မ၀နိုင်အောင်လှပတဲ့ သဘာဝရဲ့အရ သာကို ပေးစွမ်းခဲ့တယ်။ အဲဒီလို လှပတဲ့ မြင်ကွင်းလေးတွေကို ကြည့်ရင်းနဲ့ ကျွန်မက စာရေးဆရာမဂျူးရဲ့ တိမ်နဲ့ချည်တဲ့ကြိုး ၀တ္ထုကို သတိရမိတယ်။ အဲ့ဒီ ၀တ္ထုကို ဖတ်ပြီးကတည်း ကျွန်မမှာ ချင်းပြည်နယ်ကို သွားချင်လွန်းတဲ့ စိတ်တွေဖြစ်ခဲ့မိတာပါ။ ပြတင်းတံခါးကို ဖွင့်လိုက်တာနဲ့ တိမ်တွေ အိမ်ထဲလိမ့်ဝင် လာမဲ့ မြင်ကွင်းမျိုး ကျွန်မ မြင်ဖူးချင်စမ်းပါဘိ။
တီးတိန်ကို သွားတဲ့ လမ်းခွဲကို ရောက်တော့ ကားခဏရပ်ပြီး ဓာတ်ပုံ ရိုက်ကြပြန်တယ်။ နောက်ပြီးကားလမ်းဘေးက ထင်းရှူးပင်တွေပေါ်မှာ တွယ် ကပ်ပေါက်နေတဲ့ သစ်ခွပန်းပင်တွေကိုလည်း တက်ခူးကြပါတယ်။ တောင် စောင်းကျောက်နံရံမှာ ပေါက်နေတဲ့တောင်ဇလပ်ပင်က ကြွေကျလာတဲ့တောင် ဇလပ်ပန်း နီနီလေးတွေကိုလည်း ကောက်ယူခဲ့ကြတယ်လေ။ ပြီးတော့ ကား လမ်းတစ်လျှောက်မှာ မြင်နေရတဲ့ မရိုးနိုင်တဲ့ ချင်းပြည်နဲ့ အလှကို ပံ့ပိုးပေးနေတဲ့ ထင်ရှူးပင်တွေကလည်း လက်ညှိုးထိုး မလွဲလေ။
တချို့တောင်ပေါ်ရွာငယ်လေးတွေမှာတော့ ရေရှားတဲ့ အတွက် ၀ါးနဲ့ထက် ခြမ်းခွဲပြီး ရေသွယ်ထားတာ မြင်ရပြန်တယ်။ ချင်းပြည်နယ်ရဲ့ဒေသထွက် အသီးအနှံတွေဖြစ်တဲ့ စပျစ်သီး၊ မက်မန်းသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ ပန်းသီးနဲ့ ထောပတ်သီးတို့ကိုလည်း သူ့အချိန်ရာသီမဟုတ်လို့ မမြင်ခဲ့ရဘူး လေ။ တောင်တက်လမ်း တစ်နေရာမှာတော့ ရှုခင်းသာဆိုင်းဘုတ်နဲ့အတူ ထင်း ရှူးပင်အောက်မှာ သဘာဝအလှကို ကြည့်ဖို့ထိုင်ခုံရှည်များ ချထားပေးပါ တယ်။
သိုင်းငင်းရွာကိုရောက်တော့ ခဏနားပြီး နေ့လယ်စာအတွက် အရသာ အလွန်ရှိတဲ့ ကြက်ပေါင်းကိုစားဖြစ်တယ်။ ရာသီဥတု အေးအေးလေးမှာ ကြက် ပေါင်းပူပူ စားရတာ ဘာနဲ့မှမလဲနိုင်တဲ့ အရသာလေ။ ကလေးမြို့ကိုရောက် တော့ ညနေ ၃ နာရီးထိုးနေပြီ။ ကျွန်မတို့အဖွဲ့က ဟားခါးမှာခင်ခဲ့တဲ့ ကလေး မြို့က စကားလှဓမ္မာရုံ ကျောင်းတိုက်က ဆရာတော်နဲ့ ကျောင်းမှာတည်းဖြစ် ကြပါတယ်။ ကျွန်မတို့လိုပဲ ကျောက်မဲကအဖွဲ့တွေကလည်း လာရောက်တည်း ခိုကြတယ်။
ညနေစောင်းတော့ မနက်ဖြန် တမူးမြို့ဘက် ကို သွားလည်ဖို့ အတွက် ကားလက်မှတ်ဝယ်ဖြစ် ကြပြန်တယ်။ နောက်တစ်နေ့မနက် ၇ နာရီမှာ တမူးမြို့ကို ကျွန်မတို့ အဖွဲ့ ထွက်လာခဲ့ကြပါတယ်။ ကျွန်မတို့လိုပဲ ကျောက်မဲအဖွဲ့နဲ့အတူ ဆရာတော် ကလိုက်ခဲ့ပြီး တမူးကိုတခြားကားနဲ့လာခဲ့ကြတယ်။
ကလေးမြို့မှ တမူးမြို့အထိ ကားလမ်း အလွန်ကောင်းပါတယ်။ ဒါပေမဲ့ တမူးမြို့ကို မရောက်ခင် သံဘောင်တံတားတွေ အလွန်ဖြတ် ရတဲ့အတွက် အပြန်ခရီးမှာ တံတားဘယ်နှစ်ခု ဖြတ်ခဲ့လဲဆိုတာမှတ်ဖို့ ကျွန်မစိတ်တွေထားမိ တယ်။ ဟုတ်တယ်လေ။ ဆယ်မိနစ်တစ်ခါ ဖြတ်နေတဲ့ သံဘောင်တံတား ဒီလောက်တံတား များတဲ့မြို့ကို ကျွန်မ မတွေ့ဖူးဘူး။
တမူးကိုရောက်တော့ နေ့လယ် ၁၂ နာရီ ထိုးနေပြီ။ ကျွန်မတို့က နေ့ချင်း ပြန်မှာမို့ နေ့လယ် ၂ နာရီထွက်မဲ့နောက်ဆုံးကားနဲ့ ကလေးကို ပြန်ရမှာလေ။ နောက်ပြီး ဟိုဘက်အိနိ္ဒယနယ် စပ်ထဲအထိ ၀င်လည်မှာဆိုတော့ အချိန်မရမှာ စိုး တာနဲ့ ဆရာဆက်သွယ်ပေးထားတဲ့ ဆရာရဲ့သူငယ် ချင်းကို ဖုန်းဆက်ရတော့တယ်။ ဆရာရဲ့သူငယ်ချင်းက တမူးမှာနေတာလေ။ ကျွန်မတို့ဖုန်း ဆက်လိုက်တော့ ကားနဲ့ချက်ချင်းလာကြိုပေးပါ တယ်။ ပြီးတော့တစ်ခါမှ မမြင်ဖူးတဲ့ ကျွန်မတို့ကို အဲဒီကျေးဇူးရှင်ကပဲ သွားချင်တဲ့ နေရာမြန်မြန် ရောက်အောင် ကူညီပေးခဲ့တယ်။
တမူးမြို့နဲ့ နန်းဖာလုံဈေးကိုရောက်တော့ ကျွန်မတို့မြို့မှာရှိတဲ့ တရုတ်ပစ်္စည်းတွေကိုသာ ရောင်းချနေတာ မြင်ခဲ့ရတယ်။ နန်းဖာလုံဈေး ကနေ ဆယ်မိနစ်လောက်လမ်း လျှောက်လိုက်တဲ့ အခါ နှစ်နိုင်ငံနယ်နိမိတ်အဖြစ် သတ်မှတ်ထားတဲ့ အစောင့်ဂိတ်ကို ရောက်ပါတယ်။ သူများတွေက တော့ဝင်ကြေးပေးပြီး ဖြတ်ရတယ်ပြောပေမဲ့ ကျွန်မ တို့ကတော့ ဘာမှမပေးခဲ့ရပါဘူး။ တစ်ခုပဲ ရှိ တယ်။ ဂိတ်ဝမှာ စောင့်နေတဲ့ အိနိ္ဒယ စစ်သားက ကျွန်မကို ခေါ်ပြီး လက်ထဲက အိတ်ကိုစစ်ဆေးတဲ့ အခါသူကလည်း အင်္ဂလိပ်လို တစ်လုံးပဲ“Open” လို့ပြော၊ ကျွန်မကလည်း တစ်ခွန်းတည်း“Money” လို့ဖြေနဲ့ တော်တော် အဆင်ပြေခဲ့ကြတယ်လေ။
မိုးရေးမြို့ထဲကိုရောက်တော့ ဆရာ့သူငယ် ချင်းက ဦးဆောင်ပြီး ကျွန်မတို့ကို အိနိ္ဒယ အထည်စတွေရောင်းတဲ့ဆိုင်ကို ခေါ်သွားတယ်။ ဆိုင်ရဲ့အတွင်းဘက်မှာ ခင်းကျင်းပြင်ထားတဲ့ အထည်စတွေကို စိတ်ကြိုက်ရွေးပြီး လက် ဆောင်ပေးဖို့ ၀ယ်ခဲ့ကြတယ်။ အထည်ဆိုင်က ထွက်လာတော့ စတီးပစ္စည်းတွေရောင်းတဲ့ ဆိုင်မှာ စတီးချိုင့်၊ စတီးအိုးစတဲ့ ပစ္စည်းတွေ ၀ယ်ကြပြန် တယ်။ နောက်ပြီး အိနိ္ဒယနိုင်ငံလုပ်တဲ့ မုန့်ထုပ်၊ မလိုင်လုံးဘူးတွေလည်း ၀ယ်ခဲ့ကြတယ်။
မိုးရေးကနေ ထွက်လာတော့ နေ့လယ် ၂ နာရီထိုးခါနီနေပြီလေ။ အဲဒီအချိန်မှာ ဆရာတော် က ဖုန်းဆက် ခေါ်တာမို့ တမူးမြို့ဘက်ဆီ ခပ်မြန် မြန်ပဲ လာလိုက်ခဲ့ကြတယ်။ တမူးမြို့ထဲရောက် တော့ ဈေးနားက ထမင်းဆိုင်မှာ နေ့လယ်စာစား ပြီး ဈေးဝယ် ထွက်ကြပြန်ပါတယ်။ နောက်တော့ ဆရာ့သူငယ်ချင်းကို နှုတ်ဆက်ကာ ကျောက်မဲအဖွဲ့ နဲ့အတူ ကလေးမြို့ကို ကျွန်မတို့တွေပြန်လာခဲ့ ကြတယ်။
အပြန်လမ်းမှာ သံဘောင်တံတားကို ကျွန်မ ရေတွက်ခဲ့တာ “၃၈”ခုရှိပါ တယ်။ ကျွန်မက တော့ စိတ်ထဲကပဲ မှတ်ချက်ချလိုက်မိတယ်။ တမူးမြို့ဟာ “တံတားနဲ့ ကုလား တော်တော်ပေါ တာပဲ”လို့လေ။ ကလေးကိုရောက်တော့ ညနေ စောင်းနေပြီ။ ဒါနဲ့ကလေးမြို့ရဲ့“မြို့မ” ဈေးမပိတ် ခင်ဈေးထဲဝင်ပြီး လက်ဆောင်ပစ်္စည်းတွေ ၀ယ်ဖြစ်ကြပြန်တယ်။ ညစာ ကိုတော့ ဟားခါးမှာမစားဖြစ်တဲ့ ချင်းရိုးရာ အစားအစာတစ်ခုဖြစ်တဲ့ “ဆာဗူး တောင်း”ကို သွားစားဖြစ်ကြတယ်။ ဆာဗူးတောင်းက ပြောင်းဖူး၊ ဆန်နဲ့အမဲ သား(သို့မဟုတ်) ကြက်သားကို ရောပြီး ကျိုချက်ထားတဲ့ အစားအစာပါ။ အဲဒီဆာဗူးတောင်းကို ဒီအတိုင်း စားရတာထက် သူတို့လုပ်တဲ့ ချဉ်စပ် ဆော့စ်နဲ့ ရောစားရင် အရသာ ပိုရှိသလိုပဲ။ နွားနောက်သားကိုတော့ ကြားသာ ကြားဖူး ခဲ့ပြီး မမြင်ခဲ့ရဘူးလေ။
ည ၈ နာရီကျော်မှ စကားလှကျောင်းတိုက်ကို ကျွန်မတို့ပြန်ရောက်ကြ တယ်။ ကျောင်းကိုရောက်တော့ ဓမ္မာရုံအပေါ်ထပ်မှာရှိတဲ့ ပုဂံနဂပတိစည်သူ မင်းကြီး လက်ထက်ကထုလုပ်ပြီး ကိုးကွယ်ခဲ့တဲ့ “စကားလှဘုရားကြီး”ကို တက်ဖူးမြော်ခဲ့ကြတယ်။ မနက်ဖြန်မနက် မန္တလေးကို စောစောပြန်မှာမို့ပစ်္စည်း တွေသိမ်းပြီး အနားယူလိုက်ကြပါတယ်။
နောက်တစ်နေ့ မေလ ၁ ရက်နေ့(မေဒေး)နေ့မှာ ကျွန်မတို့တည်းတဲ့ စကားလှကျောင်းတိုက်ကို ငှားထားတဲ့ဗင်ကားတစ်စီးလာကြိုပါတယ်။ ပစ္စည်းတွေတင်ပြီး ဆရာတော်ကိုနှုတ်ဆက်ကာ မနက် ၆ နာရီမှာ ကလေးမြို့ ကနေ ထွက်လာခဲ့ပြီလေ။ ကျွန်မတို့ရဲ့ အပြန်ခရီးက ကလေး၊ ကလေးဝ၊ ယာ ကြီး၊ မုံရွာလမ်းပါ။ ဒီတစ်ခါ ကျွန်မတို့ထွက်တဲ့ခရီးက မိုးနဲ့အကျိုးပေးပုံရ တယ်။ ကလေးဝမြို့ကိုဖြတ်တော့ မြစ်သာတံတားမှာ ဓာတ်ပုံရိုက်ကြပြန် တယ်။ ကျောက်ဆောင်၊ ကျောက်တုံးတွေနဲ့ သစ်ပင်စိမ်းစိမ်းတွေက မြစ်သာ မြစ်ရဲ့အလှကိုဖော်ကျူးနေသလိုပင်။
နေ့လယ် ၁၁ နာရီမှာ မင်းကင်းမြို့နယ်ထဲက ကျော်ရွာမှာကားရပ်နားတာ မို့“ပန်းဆည်းဆာ”ထမင်းဆိုင်မှာ နေ့လယ်စာစားဖြစ်ကြတယ်။ ကျော်ရွာကနေ ထွက်လာတော့ မြေနီလမ်းလေးမို့ ရွှံ့ဗွက်အိုင်တွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒါပေမဲ့ ကျွန်မတို့ကားက အသေးမို့ အဆင်ပြေစွာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပေမဲ့ တခြားမှန်လုံ ကားကြီးတွေကတော့ ဗွက်အိုင်ထဲမှာ ရုန်းနေတုန်းလေ။
မြေပြန့်ဒေသရဲ့အပူပိုင်းကို နီးလာပြီမို့လို့ ကားထဲမှာလှောင်အိုက်နေခဲ့ တယ်။ အဲလိုအပူရှိန်ကို ခံစားရတိုင်းဟားခါးရဲ့ အအေးဓာတ်ကို သတိရမိ လိုလို။ ယာကြီးကရွာက“ခိုင်စံပယ်”စားသောက်ဆိုင်မှာ နားတော့ နေ့လယ် ၂ နာရီထိုးနေပြီ။ ယာကြီးကနေ ထွက်လာတော့ အလောင်းတော်ကဿပ ဘေးမဲ့ထိန်းသိမ်းရေး နယ်မြေကို ဖြတ်ရပါတယ်။ မုံရွာရောက်ခါနီး ချင်းတွင်း တံတားကိုဖြတ်ကျော်လာတော့ ညနေ ၄ နာရီကျော်ခဲ့ပြီလေ။
မုံရွာမြို့ပြင်လမ်းကနေ ဖြတ်မောင်းလာပြီး ညောင်ပင်ဝန်းက စားသောက် ဆိုင်မှာ ခဏနားပါတယ်။ ညောင်ပင်ဝန်းက ထွက်လာတော့ စစ်ကိုင်းနယ်နိ မိတ်ထဲကို ၀င်ရောကင်ခဲ့ပြီ။ မန္တလေးကို ရောက်တော့ မိုးတော်တော် ချုပ်နေပါ ပြီ။ ကျွန်မတို့အဖွဲ့ကို ကားသမားက တစ်အိမ်ပြီး တစ်အိမ် ပို့ပေးပါတယ်။ ခရီးစဉ်လည်း ပြီးပြီမို့လူကပိုပြီး ပေါ့ပါး လွတ်လပ်သွားသလို ခံစားမိတယ်။
ညအိပ်တော့ လှပတဲ့အိပ်မက်လေးတစ်ခု ကျွန်မမက်ပါတယ်။ အိမ်မက် ထဲမှာ ကျွန်မက အိပ်ခန်းပြတင်းတံခါးကို ဖွင့်လိုက်တဲ့အခါ မြူနှင်းတွေနဲ့ မိုးတိမ်ဖြူဖြူတွေက ကျွန်မကိုပွေ့ချီပြီး အေးမြတဲ့ချင်းတောင်တန်းတွေဆီ ခေါ်ဆောင်သွားကြတယ်။ လွမ်းတယ်...ဟားခါးရယ်။
(ဟားခါးဆောက်လုပ်ရေးမှ ကိုအောင်၊ ဟားခါးနည်းပညာတက္ကသိုလ်မှ ဆရာ အောင်ကျော်သူ၊ တမူးမှ ကိုခင်မောင်ထွေးတို့ကို ကျေးဇူးတင်လျက်)

ပန်းသန္တာ၊မနောမြေ၊
(Teen မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)
(Teen မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။