မှတ်မှတ် ရရ ထိုနေ့က ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ ဖြစ်သည်။ ကျွန်တော်လည်း ကျောင်းချိန် မီရန် အတွက် လမ်းမတော် မြို့နယ်၊ ၁၅ လမ်း မှတ်တိုင် အရောက် တွင် အမှတ် (၆၂) ဘတ်စ်ကား ပေါ်မှဆင်းပြီး အပြေးအလွှား ဖြင့် စံပြရုပ်ရှင်ရုံ မှတ်တိုင်ရှိ လူအုပ်ကြီး ထဲသို့ တိုးဝှေ့နေရာ ယူလိုက်သည်။ ဆူးလေမှ မင်္ဂလာဒုံ ဘက်သို့ ထွက်ခွာ မည့် အမှတ်(၅၁) ဘတ်စ်ကား အလာကို စောင့်ဆိုင်း နေစဉ် အဘွားအို တစ်ဦးမှာ လူအုပ် ကြားထဲတွင် မတ်တတ် ရပ်နေ သော ကျွန်တော့်ထံ သို့ တိုးဝှေ့လာပြီး ဆီထမင်းဖိုး အလှူခံထည့်ပါဟူ၍ ပြောဆို လျက် အလှူခံ ပါတော့သည်။ ထိုခဏ၌ အမှတ် (၅၁) ဘတ်စ် ကားသည် ဘုန်းကြီးလမ်း မီးပွိုင့်ကို ဖြတ်၍ ကျွန်တော် မတ်တတ်ရပ် စောင့် ဆိုင်းနေသော မှတ်တိုင် နေရာသို့ ထိုး ဆိုက်ရန် ဦးတည် လာသဖြင့် ကျွန်တော် လည်း အင်္ကျီအိတ်အတွင်းမှ နှစ်ရာ ကျပ်တန် ငွေစက္ကူတစ်ရွက်ကို ထုတ်၍ အဘွားအိုအား လှူဒါန်းလိုက်ပြီး မှတ်တိုင် သို့ ထိုးဆိုက်လာသော ဘတ်စ်ကားပေါ် သို့တက်ရန် ကား၏ ခြေနင်းခုံဆီသို့ လှမ်းလိုက်စဉ်တွင် အဘွားအိုက ကျွန်တော့် ထံ ချဉ်းကပ်လိုက်ပြီး အဘွားအသက် ၈၂ နှစ်ရှိပြီ၊ ဒီ-မအိုဆေးကို စားနေတာ ကြာပြီ၊ ယူသွားပါဟု ပြောကာ စာရွက် တစ်ရွက်ကို ကမ်းပေး ပါသည်။
ဘတ်စ်ကား သည် မှတ်တိုင်သို့ ထိုးဆိုက်လာသဖြင့် မှတ်တိုင်ရှိ ခရီးသည် များက သူ့ထက်ငါအပြိုင်လု၍ ကားပေါ် သို့ တက်ကြရာ ကျွန်တော် လည်း အဘွားအို ကမ်းပေးသော စာရွက်ကို လှမ်းယူလိုက်ပြီး ကားခြေနင်းခုံ ပေါ်သို့ လှမ်းတက်ရန် ဟန်ပြင်လိုက်စဉ် အဘွားအိုက နောက်ထပ် စာရွက် တစ်ရွက်ကို ထပ်မံ၍ ကမ်းလှမ်းလိုက်ပြီး မြန်မြန် ယူလိုက်ပါဟု ပြောကာ ကျွန်တော့် လက်ထဲသို့ အတင်း ထိုးထည့် လိုက်ပြန် သည်။ ကျွန်တော်လည်း ကားပေါ် တက်ရန်သာ အာရုံရောက် နေသဖြင့် အဘွားအို ကမ်းပေး လာသော နောက်စာရွက် တစ်ရွက်ကို ပထမစာရွက် နှင့်အတူ ပူးခေါက် လိုက်ကာ အင်္ကျီအိတ် ထဲသို့ ထိုးထည့် လိုက်ပြီး ကားပေါ်သို့ တက်သွား လိုက်တော့သည်။
လှည်းတန်း မှတ်တိုင်သို့ရောက် သောအခါ ကားပေါ်မှ အပြေးအလွှား ဆင်းကာ ရာမညဆောင်ရှိ စာသင်ခန်း ဆီသို့ ခြေလှမ်း သွက်သွက်ဖြင့် လျှောက် သွားလိုက် တော့သည်။ သို့သော် စာသင် ခန်းထဲတွင် ဆရာတစ်ဦးက စာသင်နေ လေပြီ။ ယနေ့အဖို့ ဆရာက တစ်နာရီ ခွဲသာသာ ခန့် စာသင်ပြီး ကျောင်းသား များကို လွှတ်လိုက်သည်။ ကျွန်တော်လည်း ဗိုက်ထဲတွင် ဟာတာတာ ရှိသဖြင့် အဆာပြေတစ်ခုခု စားသောက်ရန် ဦးချစ် လက်ဖက်ရည် ဆိုင်ရှိ စားပွဲတစ်လုံးတွင် ဝင်ရောက် ထိုင်လိုက်တော့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကျွန်တော် ထိုင်နေသော စားပွဲနှင့် မလှမ်းမကမ်း တွင် ထိုင်နေသော ဆေးလူမှု ဆက်ဆံ ရေးမှူး မအေးအေးမြင့်က သူနှင့် အတန်းဖော်များ ထိုင်နေသည့် စားပွဲသို့ လာရောက် ပါရန် ဖိတ်ခေါ်လိုက်ပြီး ကြိုက် နှစ်သက်ရာ အစားအစာကို မှာ ကြား စားသောက် စေပါသည်။ ကျွန်တော် က လက်ဖက်ရည် တစ်ခွက် မှာကြား လိုက်ပါသည်။
မအေးအေးမြင့်နှင့် သူ၏ အတန်းဖော်များ ကတော့ ကော်ရည် ခေါက်ဆွဲ၊ ထမင်းသုပ်၊ ထမင်းဆီဆမ်း၊ မုန့်ဟင်းခါး၊ ကော်ဖီ စသဖြင့် မှာယူစား သောက်ကြစဉ်တွင် မည်သူက စတင်၍ ပြောဆိုလိုက်သည် မသိပါချေ။ ယနေ့ ဥပဒေ ဘာသာရပ်သင်ကြား ပေးသော အငြိမ်းစား ပါမောက္ခ/ ဌာနမှူး ဆရာမကြီး ဒေါက်တာ ဒေါ် သန်းနွဲ့၏ Tutorial မေးခွန်း အကြောင်း ရောက် သွားတော့သည်။ မအေးအေးမြင့်က Tutorial မေးခွန်းနံပါတ် (၁) ၏ အဖြေမှာ မနီလာ နှင့် မစ္စတာမွန်း တို့သည် တရားဝင် လင်မယား မြောက်ကြောင်း ပြောလိုက် ပါသည်။ နောက်တစ်ယောက်က မေးခွန်း အမှတ်(၂) ၏ အဖြေမှာ လင်၏ အမည် ဖြင့် ဝယ်ယူ ထားသော နေအိမ်ခန်း တစ်ခန်းနှင့် ကားတစ်စီးမှာ လက်ထက် ပွား ပစ္စည်းဖြစ်၍ လင်နှင့်မယား ထက်ဝက်စီ အညီအမျှ ပိုင်ဆိုင်ကြောင်း ဖြေဆိုခဲ့သည်ကို ပြောပြ ပါသည်။ ယင်းနောက် မအေးအေးမြင့်နှင့် အခြား ကျောင်းသူ တစ်ယောက်က မေးခွန်းအမှတ် (၃) ၏ အဖြေမှာ မစ္စတာမွန်းသည် ဗုဒ္ဓဘာသာဝင် မဟုတ် သော နိုင်ငံခြားသား ဖြစ်ပါက မူလဖြေ ဆိုထားသည့် အဖြေမှာ ပြောင်းလဲခြင်း မရှိဘဲ အတူတူပင် ဖြစ်သည်ဟု သူမတို့ ဖြေဆိုခဲ့ကြ သည့်အတိုင်း အဖြေများကို ပြန်လည် ပြောပြနေ ကြပါသည်။ သူတို့တစ်တွေက Tutorial မေးခွန်း အား မည်သို့ ဖြေဆိုခဲ့ကြ ကြောင်း တစ်ယောက် တစ်မျိုး အပြန်ပြန် အလှန် လှန် ပြောဆို နေစဉ်တွင် ကျွန်တော်က ကား မှတ် တိုင်တွင် အဘွားအို ကမ်းပေး လိုက်သော စာရွက်နှစ်ရွက်ကို ထုတ်ယူ ဖတ်ကြည့်နေရာ အောက်ပါကဲ့သို့ တွေ့ ရလေသည်။
ပထမစာရွက်တွင် ရေး သားထားသည်မှာ - ဘဝတန်ဖိုး ဆေးပေါင်းခတဲ့ ဆေး ချင်း ၁၀ ကျပ်သား ပါးပါးလှီး ၍ အရင်ဆုံး ထည့်၊ ကြက်သွန်ဖြူ ၁၀ ကျပ်သား ပါးပါးလှီး၍ထည့်၊ သံပယို သီး ၂၁ လုံး ပါးပါး လှီး၍ ထည့်၊ ဆား အနေတော် ဖြူးပါ။ သကြား ၁၅ ကျပ် သား သံပယိုသီး ပေါ်မှ ဖိပါ။ ချင်း၊ ကြက်သွန်ဖြူ၊ သံပယိုသီး၊ သကြားတို့ ထည့်ပြီးလျှင် ဖိဖိထည့်ပါ။ ကြက်သွန်ဖြူသည် မျက်လုံး ကောင်းသည်။ သွားကောင်းသည်။ ချင်း သည် အရိုးကောင်းသည်။ သံယယို သီးသည် အရေပြားနှင့် မျက်လုံး တောက်ပ၍ ကြည့်၍ကောင်းသည်။ ဤဆေးကို အမြဲစားပါ။ အိုတဲ့ထိ ကောင်းသည်။ အဘိုးအဘွားနှင့် ပျော် သည်။ ကျောင်းသားများ များများစား၊ စာကျက်နိုင်၍ ဥာဏ်ကောင်းသည်။ ကိုယ်ဝန်ဆောင်များ များများစား ကလေး ဥာဏ်ကောင်း၍ လူကြီး ကျန်းမာသည်။ ရေဆေးပြီး ၂ ညကြာမှ လှီးရ မည်။ ဆေးစွမ်းဖြင့် မသေပါ။
ပထမစာရွက်ကို ဖတ်ရှုပြီးနောက် ဒုတိယစာရွက်ကို ထပ်မံဖတ်ကြည့် လိုက်သောအခါ အောက်ပါကဲ့သို့ ရေး သားထားသည်ကို တွေ့လိုက်ရပါသည် ဘဝတန်ဖိုး ဆေးပေါင်းခတဲ့ ဆေး ရေနွေးကြမ်းကို ကြောင်ပန်းရွက် ထဲကို ထည့်လိုက်၊ မန်ကျည်းသီး လက်တစ်ဆစ်၊ သကြားလက်မ ၃ ဆစ်၊ ဆား မန်ကျည်းသီးလောက်ကို ရေသန့်ဘူးထဲသို့ ထည့်ထားရမည်။ ၅ အရည်ကို လှုပ်၍ မိနစ်ကြာလျှင် ကြေး ဇွန်း ၅ ဇွန်းခန့် သောက်နိုင်သည်။ မန်ကျည်းသီးအမှည့် အမြဲဆောင်ထားရ မည်။ ကြောင်ပန်းရည်ကို အမြဲဆောင် ထားရမည်။ ထိုအရည်ကို လျှာဖျား ပေါ်သို့တင်၍ လျှက်ပါ။ အများကြီး သောက်စရာမလိုပါ။ မြည်းသလိုပဲ သောက်ပါ။ ခန္ဓာကိုယ်အတွင်းတွင် ကြောင်ပန်းရည်တို့သည် စိမ့်ဝင်နေပြီး ကြောင်ကဲ့သို့ ပေါ့ပါးနေမည်။ မိန မိဒ္ဒမဖြစ်ဘဲနဲ့ နေရမည်။ မန်ကျည်းရည် တို့၏ သတ္တိကြောင ဥာဏ်ကြီးထွားပြီး စိတ်ချမ်းသာမှုများ ရရှိလာမည်။ သား ၁၀ဝ၊ မြေး ၁၀ဝ၊ မြစ်တစ်သိန်းနှင့် အတူလက်တွဲ လျှောက်လှမ်းနိုင်မည်။ မှတ်ဥာဏ်ကောင်းပြီး သတိမေ့ လျော့မှုများ ရှိမလာနိုင်။ အဘွားအ ပေးလိုက်သော စာရွက် နှစ်ရွက်တွင် ပါရှိသော တိုင်းရင်းဆေး နည်းမှာ ကျွန်တော်တို့ အလွယ်တကူ ရနိုင်သော သစ်ရွက်၊ သစ်ပင်၊ သစ်ဥ၊ သစ်ဖု၊ သစ်မြစ်များ ဖြစ်ပြီး ကိုယ်တိုင် ဖော်စပ်အသုံးပြုနိုင်သော ဆေးများဖြစ် သည်။
အဘွားအိုက ဘဝတန်ဖိုး ဆေးပေါင်းခတဲ့ ဆေးဟု အမည်ပေး ထားပြီး အသက် ၈၂ နှစ်တိုင်တိုင် သူမ သောက်သုံးနေသည့် ဆေးဖြစ် ကြောင်း ကားမှတ်တိုင်တွင် ပြောခဲ့စဉ်က သူမ၏ အမူအရာ၊ အသက်အရွယ် နှင့် ပုံပန်းသဏ္ဌာန်ကို ပြန်လည် ရုပ်လုံးဖော် ကြည့်လိုက် မိပါသည်။ အဖွားအိုပေး လိုက်သော ဆေးနည်းကို အပြန်ပြန် အလှန်လှန် ဖတ်ပြီးနောက် ကျွန်တော် ငယ်ငယ်က အလွန်ချူချာလှပြီး အဘိုး ဦးမောင်ညွန့် (တိုင်းရင်းဆေးဆရာ ကြီး)၏ ဆေးကို ကြောင်ပန်းရွက်ပြုတ် ရည်များ၊ ကြောင်ပန်းရွက်သတ္တုရည် များဖြင့် ရောစပ်ပြီး အမေက မကြာခဏ တိုက်ကျွေး သဖြင့် သောက်ခဲ့ရသည်ကို ပြန်လည် အမှတ်ရမိ သကဲ့သို့ ကျန်းမာ ရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့် လွန်ခဲ့ သည့် အနှစ် သုံးဆယ် ကျော်က လက် မှတ်ရ တိုင်းရင်းရက်တို သင်တန်း တက်ခဲ့စဉ်က ဆရာ/ ဆရာမကြီးတို့၏ သင်ကြား ပို့ချပေးခဲ့ သည်ကို ပြန်၍ အမှတ်ရလာတော့သည်။ ထိုစဉ်က သင်ကြားပေး ကြသော တိုင်းရင်း ဆေးဆရာကြီးတို့မှာ ဆရာကြီး ဦးတင်ဦး၊ ဆရာကြီး ဦးမာဃ၊ ဆရာကြီး ဦးစံတင်၊ ဆရာကြီး အဘိဓမ္မာဆရာ သိန်း၊ ဆရာကြီး ဦးမြဝင်းနှင့် အခြား သော ဆရာကြီး များဖြစ်ပြီး နွယ်မြက် သစ်ပင် ဆေးဘက်ဝင်သည့် ဆေးနှင့် ဆေးပစ္စည်းတို့၏ အကျိုး အာနိသင်ကို လည်းကောင်း၊ ဖော်စပ်ပုံနှင့် ပျောက် ကင်းသော ရောဂါများကိုလည်းကောင်း ပြန်၍ အမှတ်ရ လာသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်က ကျွန်တော်တို့ ရွာတွင် ကျန်းမာရေးမှူး၊ သားဖွားဆရာ မ စသည့် အစိုးရမှ ခန့်ထားသော ကျန်းမာရေးဝန်ထမ်းများ မရှိ၊ ကျေးလက် ကျန်းမာရေး ဌာနခွဲမျှပင် မရှိသဖြင့် တိုင်းရင်းဆေး ဆရာကြီးတို့၏ ပြုစုကုသ ပေးမှုဖြင့်သာ တစ်ရွာလုံးအသက်ရှင်ခဲ့ ကြရပြီး တိုင်းရင်းဆေး၏ အကျိုးကျေး ဇူးကြောင့် ကျွန်တော်၏ မိခင်ကြီးကိုယ် တိုင်လည်း အသက်ချမ်းသာ ရခဲ့သည့် မျက်မြင် ကိုယ်တွေ့ဖြစ်ရပ်များကို ပြန်လည် အမှတ်ရလာ မိတော့သည်။ ယနေ့အဖို့ မထင်မှတ်ဘဲ ဘတ်စ် ကားမှတ်တိုင်တွင် တိုင်းရင်းဆေးနည်း စာရွက် (၂) ရွက် ကမ်းပေး လာသော အဘွားအို၏ အပြောအရ သူမအသက် ၈၂ နှစ်ရှိပြီ ဖြစ်သည်။ သူမကဲ့သို့ အဖိုးတန်ဘဝ ဖြစ်လာစေရန် ဆေးပေါင်း ခတဲ့ ဆေးဖြစ်သည့် တိုင်းရင်းဆေး နည်း ကို ဖြန့်ဝေခြင်း လက်ဆောင်ပေးခြင်း ဖြစ်ပေသည်။ အဘွားအိုမှာ အသက် ၈၂ နှစ်ထိ ကိုယ်တိုင်ကျန်းမာသန်စွမ်း နေသည်ကို မျက်မြင်ဒိဌမြင် တွေ့ရပြီး ဖတ်ရှုသိရှိလိုက်ရသော ဆေးနည်းများ သည် ကျွန်တော်နှင့် မစိမ်းသော ဆေးနည်းများ ဖြစ်ရာ စာဖတ်သူများ လည်း ဗဟုသုတ အဖြစ် သိရှိနိုင်စေရန် တဒင်္ဂစိတ်ဖြင့် စာတစ်ပုဒ်ရေးရ လျှင် ကောင်းလေစွ ဟု စိတ်တွင် ဖြစ်ပေါ်လာ တော့သည်။ သို့ဖြစ်ရကား ဆေးကောင်းလျှင် သန်းခေါင်းဟု ဆိုရိုးရှိသော မြန်မာ တိုင်းရင်းဆေး အစွမ်းကို အများသူငါ သို့ ဆေးနည်းလက်ဆောင်၊ စကား လက်ဆောင် အဖြစ် ရေးသား ဖြန့်ဝေ လိုက်ရပါကြောင်း...ဟူ၍သာ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။