ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ added 4 new photos.
#လူငယ်တွေရဲ့ အိပ်မက်တွေ ထက်အာကာမှာ ပျံသန်းနိုင်ပါစေ
အခုရေးပြထားတာဟာ မကြာခင်က virgin.com ဝက်ဆိုက်မှာ Virgin Group ပိုင်ရှင် ဘီလျံနာသူဌေးကြီး ဆာရစ်ချတ်ဘရင်ဆန်ရဲ့ ရေးတင်လိုက်တဲ့ပို့စ်ပါ။
ကျွန်တော်ဟာ ဒီလဟာ လူငယ်တွေအတွက်လ (youth month) ဖြစ်တာမို့ virgin.com
ကို စာရေးခဲ့ကြတဲ့ ကလေးတွေရဲ့ စာလေးတွေကို ပြန်ဖတ်ကြည့်မိတယ်။ သူတို့ဟာ
အောင်မြင်မှုရဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့ အကြံတွေ တောင်းထားကြတယ်။ သူတို့
သူများတွေကို ဘယ်လိုကူညီကြတယ်ဆို ရေးပြထားကြတယ်။ သူတို့ရဲ့ စာလေးတွေကို
ဖတ်ရတာ ဝမ်းသာကြည်နူးမိပါတယ်။
အဲဒီထဲက ကလေးတစ်ယောက်ရဲ့ ထူးခြားတဲ့ စာလေးတစ်စောင်ကို ပြန်သတိရမိတယ်။ အဲဒီစာလေးအကြောင်း မပြောခင် ပြောပြချင်တာလေး ရှိပါတယ်။
၁၉၈၀ ပြည့်နစ်ကျော်ကာလမှာ ဗြိတိသျှအစိုးရက အစိုးရပိုင် British Airways (BA) ဗြိတိသျှလေကြောင်းလိုင်းကို ကွန်းကော့ဒ် (Concord) လေယဉ်တစ်စီးကို ဗြိတိန်ပိုက်ဆံ တစ်ပေါင်နဲ့ ရောင်းပေးလိုက်တယ်။ ဒါ့ပြင် အစိုးရက ဗြိတိန်နိုင်ငံက လေကြောင်းလိုင်းဖွင့်ချင်တဲ့ ကုမ္ပဏီရှိရင် ကွန်းကော့ဒ်တစ်စီးကို တစ်ပေါင်နဲ့ ရောင်းချပေးအုံးမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ဟာ တေးသံသွင်းလုပ်ငန်းတွေနဲ့ အဆင်ပြေနေလို့ လေကြောင်းလိုင်းဖွင့်ဖို့ စိတ်ကူး မရှိသေးပါဘူး။ ဒါပေမဲ့ ၂၀၀၃ ခုနှစ် ကျွန်တော်ရဲ့ Virgin Airlines ဟာ အောင်မြင်မှုတွေရနေချိန်မှာ အရှုံးပေါ်နေတဲ့ British Airways (BA) ဆီက အကောင်းအတိုင်းရှိနေပြီး မပျံသန်းတော့တဲ့ ရပ်ထားရတဲ့ ကွန်းကော့ဒ်လေယဉ်ပျံ ငါးစီးကို ဝယ်ယူဖို့ ကမ်းလှမ်းလိုက်တယ်။
ကျွန်တော် BA ဆီက ကွန်းကော့ဒ်လေယဉ် ၅ စီး ဝယ်ဖို့ ကမ်းလှမ်းတဲ့ သတင်းဟာ သတင်းစာနဲ့ ရုပ်မြင်သံကြားတွေမှာ ပါလာခဲ့လို့ လူအများ စိတ်ဝင်စားလာကြတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ လူတွေအများကြီး ကျွန်တော့်ဆီ စာရေးလာကြတယ်။ အဲဒီထဲမှာ ၇ နှစ်သားအရွယ် အဲရစ်ဖစ်ချက်ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ စာလည်းပါတယ်။သူ့စာထဲမှာ ခုလို ရေးထားပါတယ်။
- "ကျွန်တော့်လက်ထဲမှာ မွေးနေ့လက်ဆောင်ရထားတဲ့ ပိုက်ဆံ နည်းနည်းရှိပါသေးတယ်။ အဲဒီပိုက်ဆံထဲက ဗြိတိန်တစ်ပေါင်နဲ့ ကွန်းကော့ဒ်တစ်စီး ဝယ်လို့ရမလား။ အဲဒီလေယဉ်ကို ဝယ်ပြီးရင် လူကြီးမင်းရဲ့ လေယဉ်ကွင်းမှာပဲ သိမ်းထားပေးပါ။ ကျွန်တော် ကျောင်းပိတ်ရက်တွေမှာ လေယဉ်ကို ရေလာဆေးပေးပါမယ်။ နောက်ပြီး လူကြီးမင်းရဲ့ ပိုင်းလော့တစ်ယောက်ကို ကျွန်တော့်ကို လေယဉ်ပျံမောင်းနည်း သင်ပေးဖို့ စီစဉ်ပေးပါလား ခင်ဗျာ" တဲ့။ (သူဟာ အရင်က အစိုးရက BA ကို ဗြိတိန်တစ်ပေါင်နဲ့ ရောင်းခဲ့တဲ့ သတင်းကို ကြားထားလို့ ထင်ပါတယ်)။
ကျွန်တော် စာဖတ်ပြီးတာနဲ့ အဲရစ်လေးဆီ ဖုန်းဆက်ပြီး ရှင်းပြလိုက်ပါတယ်။ အခု ဗြိတိန်ပိုက်ဆံတစ်ပေါင်နဲ့ ကွန်းကော့ဒ်လေယဉ်ကို ဝယ်လို့မရတော့ဘူး။ ဒါပေမဲ့ ကျွန်တော်ကမ်းလှမ်းထားတဲ့ BA ဆီက လေယဉ်တွေ ဝယ်ဖြစ်ရင် သူ့ကို ပထမဆုံး ပျံသန်းမယ့် ကွန်းကော့ဒ်လေယဉ်ပေါ်မှာ လိုက်ပါခိုင်းမယ်လို့ ကတိပေးလိုက်ပါတယ်။ သူနဲ့ စကားပြောရင်းနဲ့ သူဟာ လေယဉ်ပျံမောင်းဖို့ အရမ်းစိတ်ထက်သန်နေတာကို သတိထားမိလိုက်တယ်။
ဒါပေမဲ့ စိတ်မကောင်းစရာက BA က ကျွန်တော့်ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ပါတယ်။ ကျွန်တော် ဈေးထပ်တိုးပေးပြီး ကမ်းလှမ်းတာကိုလည်း လက်မခံဘူး။ ဒါကြောင့်မို့ အဲရစ်လေးကို ကွန်းကော့ဒ်ပေါ်မှာ လိုက်ပါဖို့ အစီအစဉ် မဖြစ်မြောက်လိုက်ပါဘူး။ သူနဲ့လည်း နောက်ထပ် အဆက်အသွယ် မရတော့ဘူး။
၂၀၁၅ ခုနှစ်မှာ အဲရစ်ရဲ့ အမေဆီက စာတစ်စောင်ကို လက်ခံရရှိပါတယ်။ သူ့စာထဲမှာ အခု အဲရစ်ဟာ ဗြိတိသျှလေတပ် (Royal Air Force) မှာ အရာရှိသင်တန်း တက်နေတယ်၊ အဲဒီသင်တန်းပြီးရင် လေယဉ်မောင်းပိုင်းလော့ သင်တန်းတက်မယ်တဲ့။
လူကြီးတွေဟာ ကလေးတွေရဲ့ အိပ်မက်တွေကို မဖြစ်နိုင်တာတွေဆိုပြီး ငြင်းပယ်တတ်ကြတယ်။ အမှန်တကယ် ဖြစ်သင့်တာက လူကြီးတွေဟာ ကလေးတွေရဲ့ အိပ်မက်ကို မဖြစ် ဖြစ်အောင် လုပ်တတ်တဲ့ အကျင့်ကို အတုယူသင့်တာပါ။
ဗန်းမော်သိန်းဖေ
၁၁-၁၁-၂၀၁၇

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။