ကိုယ်တွေမှာ လခရတာချင်းအတူတူပေမယ့် လလယ်လောက်ဆို လက်ထဲခြူ တပြားမရှိ ချေးပါဦး ငှားပါဦးနဲ့။ တချို့တွေများကျတော့ ခပ်အေးအေးပဲ၊ အမြဲတမ်းလိုငွေကြေး လောက်လောက်ငှငှ ရှိနေတာမြင်ရတယ်နော်။ ဒီလိုလူတွေက မနာလိုစရာကောင်းလောက်အောင် ငွေကို ဘယ်လိုသုံးတတ်နေလဲဆိုတော့ …
လက်မလွယ်ဘူး
တချို့တွေက မလိုအပ်တဲ့အရာအတွက် ပိုက်ဆံအကုန်မခံကြဘူး။ တကယ်မလိုအပ်ဘဲနဲ့ စိတ်အလိုလိုက်ပြီး ဟိုဟာစပ်စပ် ဒီဟာစပ်စပ် ဝယ်တတ်သူတွေက လက်ထဲငွေမကျန်တာကများပါတယ်။ ဆိုင်ထိုင်ရင်လည်း ကိုယ်ကပဲ သူဌေးလိုလို “ နေ နေ ငါရှင်းလိုက်မယ် ဒီလောက်ကအေးဆေး” ဆိုပြီး နောက်နေ့ ထမင်းကြမ်းခဲလွေးနေရသူတွေပါ။ ငွေကြေးစီမံခန့်ခွဲမှုကောင်းသူတွေဟာ လက်မဖွာကြသူတွေဆိုတာတွေ့ရပါတယ်။
လူတွေဘာထင်ထင် ဂရုမစိုက်ဘူး
တခြားသူတွေရဲ့အမြင်ကို ဂရုစိုက်လွန်းသူတွေက ငွေပိုကုန်ကြပါတယ်။ ကိုယ့်အတွက်မလိုအပ်ဘဲနဲ့ ခေတ်နောက်ကျမှာစိုးလို့ Trend နောက်လိုက်ပြီးငွေကုန်နေကြသူတွေများပါတယ်။ ငွေစုတတ်သူတွေက အဲလိုမဟုတ်ပါဘူး၊ မလိုအပ်ရင်ဘာမှမဝယ်ဘဲ ဖိနပ်စုတ်တောင်ဆက်စီးနေတတ်ကြသူတွေပါ။ အဓိကက သူတို့ဟာ စိတ်အလိုမလိုက်တတ်သူတွေဖြစ်ပါတယ်။
You May Also Like:သနားဖွယ်ကောင်းပါပေ ဝန်ထမ်းတွေရေ
အဓိကနဲ့သာမည သိကြတယ်
သူတို့တွေဟာ ကိုယ်ဘယ်နေရာမှာတော့ ငွေသုံးသင့်တယ်။ ဘယ်နေရာမှာတော့ မသုံးလည်းရတယ်ဆိုတာကို သေသေချာချာ သိသူတွေပါ။ ကပ်စေးနှဲတယ်လို့မဆိုနိုင်ဘဲ ငွေသုံးရမယ့်နေရာဆို မတွန့်မဆုတ်ပေးတတ်ကြပါတယ်။ အပိုလို့ထင်ရင်တော့ ငိုပြရင်တောင် တစ်ဆယ်တန် ကျလာမှာမဟုတ်ပါဘူးနော။
သည်းခံနိုင်တယ်
လက်ထဲငွေရှိသူတွေနဲ့ ငွေမရှိသူတွေရဲ့ အဓိက မတူတဲ့အရာက စိတ်ဓာတ်လို့ဆိုရမှာပါ။ ငွေစုတတ်သူတွေက စိတ်ဓာတ်ခိုင်မာသူတွေပါ။ သူတို့လိုချင်တဲ့အရာအတွက် စိတ်ရှည်သည်းခံနိုင်ကြတယ်။ လိုချင်တဲ့ပစ္စည်းတစ်ခုကို မရမချင်း မဝယ်နိုင်မချင်း ကိုယ်ဆင်းရဲခံပြီး စုရမှာဝန်မလေးကြပါဘူး။
အပေါင်းအသင်း
“တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ’’ဆိုသလိုပါပဲနော်။ လက်ဖွာတတ်သူတွေနဲ့ ပေါင်းနေရင် ကိုယ်လည်းငွေကို လွယ်လွယ်သုံးဖြစ်နေမှာပါ။ ငွေကြေးကိုစနစ်တကျကိုင်တွယ်တတ်သူတွေနဲ့နေရင် ကိုယ်လည်းလက်ဖွာတဲ့အကျင့် လက်လွယ်တဲ့အကျင့်တွေ တဖြည်းဖြည်းပျောက်သွားမှာပါ။
အခရာပရိသတ်ကြီးလည်း လကုန်ပြီးနောက်တစ်ပတ် လက်ဗလာဖြစ်ခြင်းမှ ကင်းဝေးကြပါစေနော
ဂျူဂျူး (အခရာ)
www.akhayar.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။