မြန်မာပြည်ဖွား တရုတ်လူမျိုးများ (၂)
မြန်မာမှာ ပြောနေကြစကား တခွန်းရှိတယ်။ တရုတ်လိုရှာ ကုလားလိုစု တဲ့။
ကျွန်မတို့ မြန်မာပြည်ဖွား တရုတ်တွေကို တခြားလူတွေ အထူးသဖြင့် မြေပြန့်ကလူတွေ အမြဲပြောကြတဲ့ စကားလေး ရှိပါတယ်။ နင်တို့ တရုတ်တွေက ကပ်စီးအရမ်းနဲတယ် ဆိုတဲ့ စကားပါပဲ။ ကပ်စီးနဲတာဆိုတာ သူတို့အမြင်ပါ။ တရုတ်လူမျိုးတွေ အမြင်မှာတော့ ဒါဟာ မဖြုန်းတီးသင့်တာကို မဖြုန်းတာ ချွေတာတာလို့ ယူဆကြပါတယ်။ အယူအဆတွေ ဘာလို့ ကွဲပြားနေတာလဲဆိုတာ တချို့လည်း တွေးမိမှာပါ။ ဘာကြောင့်များ အခုလို ကွဲပြားနေရတာပါလိမ့်။
သင်ဟာ တရုတ်သွေးပါသူတစ်ယောက် သို့မဟုတ် တရုတ်လူမျိုးများအကြောင်း သိချင်တဲ့ လူတစ်ယောက်ဆိုရင်တော့ စာကိုဆက်ဖတ်ပါ။ တရုတ်တွေကို မကြားချင်အောင်မုန်းရင်တော့
ဒီမှာတင် နောက်ပြန်လှည့်ပါ မိတ်ဆွေ။ အခု စာဖတ်သူဟာ တရုတ်သွေးပါတဲ့
ချစ်ဆွေတို့ရဲ့ အဘိုးအဘွားတွေ သို့မဟုတ် အဘိုးအဘွားရဲ့ မိဘတွေဟာ
တရုတ်ပြည်မကြီးမှာ နေဖူးတဲ့သူတွေပဲ ဖြစ်မှာပါ။ ၁၉ ရာစုနှောင်းပိုင်း
ချင်မင်းဆက်ရဲ့ နေဝင်ချိန်တွေ တော်လှန်ရေးကိစ္စတွေ ဘိန်းစစ်ပွဲကြီးရဲ့
သားကောင် ဘိန်းစားတွေ ဒါ့အပြင် အမြဲ ငတ်မွတ်ခေါင်းပါးနေတာတွေ ရာသီဥတု
ဆိုးရွာတာတွေက သူတို့ကို မိခင်တိုင်းပြည်ကနေ ထွက်ခွာသွားဖို့ ဖြစ်စေပါတယ်။
ကိုယ့်မိခင်တိုင်းပြည်ကို စွန့်ခွာရတာ လွယ်မယ့်ကိစ္စ မဟုတ်မှန်း သိမှာပါ။ ဒီမှာနေ ဒီရေသောက် ဒီစကားပြောတဲ့သူတစ်ယောက်ဟာ ဟိုးဘယ်ဆီနေမှန်းမသိတဲ့ ဟိုးမှာနေဖို့ ဟိုက စကားသင်ပြီး သူတို့ယဉ်ကျေးမှုတွေ ခံယူဖို့ ဟိုမှာ ဘဝသစ်စဖို့ ဆိုတာ တော်ရုံသတ္တိနဲ့ ရခဲ့မှာ မဟုတ်ဘူး။ အဲ့လိုနဲ့ အကြောက်အလန့်တရားတွေ ရင်ဝယ်ပိုက် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာလို့ ဒီမြန်မာပြည်ကို ရောက်ခဲ့ပြီ အဖော်ပေါင်းတွေနဲ့ စုပြီးလာရင်တောင် မြန်မာစကားတတ်တဲ့သူ ပါမှာမဟုတ်ဘူးဆိုတာ သေချာတယ်။ တရုတ်စာတတ်တဲ့ မြန်မာရော ဘယ်နှယောက် ရှိမှာမိုလို့လဲ။ ဒီလိုနဲ့ အရပ်ဒေသတစ်ခုမှာအခြေကျ ကြုံရာကျပန်း လုပ်ကြရင်း တစ်ပြားတစ်ချပ်ဆီ စုခဲ့ကြရတယ်။ ကိုယ်ရောက်တဲ့ ဒေသလေးမှာလည်း ဘာသာစကားတွေ ဒေသခံနဲ့ အဆင်ပြေအောင် နေရတယ်။ မိတ်ဆွေအပေါင်းသင်းမရှိတဲ့ သူများတိုင်းပြည်မှာ မျက်စိသူငယ် နားသူငယ်နဲ့ နေခဲ့ရတယ်။ သူတို့ဒေသကို ဆက်သွယ်စရာ တယ်လီဖုန်းလည်းမရှိ ဘာမှမရှိတဲ့ ခေတ်ကာလကြီးမှာ နေခဲ့တဲ့သူတို့မှာ ဘယ်လောက်တောင် အထီးကျန် ဝမ်နည်းလိုက်လေမလဲ မိခင်တိုင်းပြည်ကြီးကို လွမ်းလို့ ငိုတဲ့သူ ရွာက မိအိုဖအိုကြီးကို လွမ်းလို့ဆွေးမိသူတွေ မျိုးစုံရှိမှာပါပဲ။ ဒါပေမယ့် သူတို့အရမ်းတော်ပါတယ်။ တစ်ပြားကို နှစ်ပြားခွာလို့ ကုပ်ခြစ်စုဆောင်းတယ်။ အလုပ်ကို နေ့မအား ညမနား ကြိုးစားတယ်။ ဒီကြားထဲ သားသမီးတွေမွေးရင် ကိုးယောက်ဆယ်ယောက် ဒီပါးစပ်ပေါက်တွေကို ဝလင်အောင် ကျွေးမွေးခဲ့တယ်။ သူတို့ မိခင်စာပေတွေ ယဉ်ကျေးမှုတွေ ကိုးကွယ်မှုတွေကို အမွေပေးတယ်။ တိုင်းပြည်စိမ်းရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကိုလည်း နားလည်အောင် သင်ပေးတယ်။ ပိုပြီးအဓိကကျတဲ့ သူတို့ရဲ့ ဇွဲတွေလုံ့လ ဝီရိယတွေကို အမွေပေးနိုင်ခဲ့တယ်။ သူတို့ ညဏ်အမြော်မြင် ကြီးမားခဲ့တာကြောင့် သူတို့ရဲ့ နောက်တစ်မျိုးဆက်ဟာ သူတို့လောက်တော့ မခက်ခဲတော့ဘူး။
စီးပွားရေးလေးတွေ ပြေလည်လာပေမယ့်။ ငွေကို ကုပ်ခြစ်စုဆောင်းတုန်းပါပဲ။
တရုတ်လူမျိုးတွေဟာ ကိုယ်သေရင် ကိုယ့်နောက်ပါမလာလို့ အသက်ရှိတုန်း
အကုန်သာသုံး ဆိုပြီး မခံယူထားကြပါဘူး။ တရုတ်မှာ ဆိုရိုးစကား တစ်ခုရှိပါတယ်။
ဘာပဲလုပ်လုပ် ကိုယ့်မျိုးဆက် ကောင်းစားရေးအတွက်သာ လုပ်တဲ့။
ငါငွေရှာနိုင်ရင် ငါ့သားသမီးတွေကို ကျွေးနိုင်မွေးနိုင်မယ်။ ငါငွေစုထားရင်
ငါ့သားသမီး နောင်ရေးအတွက် စိတ်အေးနိုင်မယ်။ ငါ့သား ငါ့သမီးလေးတွေဟာ
ငါ့ငွေရင်းလေးကိုသုံးပြီး ငွေတွေ ပွားအောင်လုပ်နိုင်ရင် ငါ့မြေးလေးတွေ
အတွက် နောင်ရေးကောင်းမယ် စသည်ဖြင့် ဒီလိုမျိုးဆက်ကြီး တစ်ခုလုံးအတွက်
စဉ်းစားပေးတတ်ကြပါတယ်။ စီးပွားရေးမှာပဲ ဒီလိုတွက်တာ မဟုတ်ပါဘူး။
ပညာရေးအတွက်လည်း ဒီလိုတွက်ပြီး ကလေးငယ်တွေကို စာတွေသင်ပေး
ကျောင်းကိုပို့ပေးတာတွေ လုပ်ကြပါသေးတယ်။ ဒီတော့ အကျိုးဆက်က ဘာဖြစ်လာလဲ
ကြည့်ရအောင်
အကျိုးဆက်ကတော့ ပထမဆုံး ရောက်လာတဲ့ ဘိုးဘွားတွေက တရုတ်ပြည်မှာလို မဟုတ်ဘဲ လက်ထဲမှာ ငွေကြေးလေး ရှိလာတယ် မြန်မာပြည့်ရဲ့ သင့်တင့်တဲ့ ရာသီဥတု ပေါများတဲ့ အစားသောက်တွေကို စားရတယ် (တရုတ်ပြည်မှာ တကယ်ငတ်ခဲ့တာပါ။ ကျွန်မ ဆရာမတစ်ယောက် ပြောဖူးတာတော့ အစားအများကြီး မစားနိုင်အောင်ဆိုပြီး တူ ဆိုတဲ့ တုတ်ကလေး နှစ်ချောင်းနဲ့ စားခဲ့ရတာတဲ့ ဆရာတစ်ယောက် ပြောဖူးတာတော့ တူတစ်ချောင်းပဲ ကိုင်နိုင်တဲ့ ဘဝတွေလည်း ရှိခဲ့တယ်တဲ့ အရည်ကျဲသောက်နေတဲ့ ဆန်ပြုတ်ပန်းကန်လေးကိုယူ တူလေးတစ်ချောင်းကို ဆားအိုးထဲနှစ် ပါလာတဲ့ ဆားပွင့်လေးနဲ့ ဆန်ပြုတ်လေးကို မွှေသောက်ခဲ့တဲ့ ဘဝတွေ ဆန်ပြုတ်မသောက်နိုင်တဲ့ လူတန်းစားတွေဟာ အဆာခံတဲ့ ကန်စွန်းဥတွေ ပြုတ်စားခဲ့ရတာတွေ အရွက်တွေကို အချဉ်တည်ပြီး တစ်နှစ်ပတ်လုံး စားတာတွေဟာ တကယ်ရှိခဲ့ဖူးပါတယ်။ အစာမရှိလို့ Coma ရပြီး သေသွားတဲ့သူတွေ အဝတ်မရှိလို့ Hypotermia အပူချိန် အရမ်းကျပြီး သေတဲ့သူတွေ တကယ်မနည်းခဲ့ပါဘူး။ အဲ့လောက်ကို ဆင်းရဲခဲ့တာပါ မိတ်ဆွေတို့)
လိုရင်းပြန်ဆက်ရင် ဘိုးဘွားတွေက ငွေလေးရှိလာပေမယ့် သူတို့ရဲ့ ပထမမျိုးဆက်ဟာ နည်းနည်းတော့ ချောင်လည်ခဲ့မှာပေါ့။ ရုန်းကန်ရတာလည်း ရှိမှာပေါ့။ ဒါပေမဲ့ စာလေးတွေတော့ တတ်ကြပါပြီ။ အတန်းပညာ နည်းနည်းလေး သင်ယူနိုင်ပါပြီ။ တရုတ်စာတွေက ကျွမ်းချက် ပေသီးလည်း ခေါက်တတ် တရုတ်မုန့်လား ဟင်းလား အကုန်လုပ်တတ် တချို့ဆို တရုတ်တိုင်းရင်းဆေးပါ တတ်ကြသေးတယ်။ အဲ့ပထမမျိုးဆက်ဟာ ကျွန်မတို့ရဲ့ အဘိုးအဘွားတို့ ခေတ်ဖြစ်ခဲ့မှာပေါ့။ ၁၉၂၀ ၁၉၃၀ ၁၉၄၀ အဲ့ခုနှစ်တွေ ဖြစ်ခဲ့မှာပါ။ ကမ္ဘာစစ်တွေုဖစ်နေတော့ စစ်ကို ရှောင်ရင်းပုန်းရင်း သူတို့လည်း သိပ်ခက်ခဲခဲ့ပါတယ်။ ဒုတိယမျိုးဆက်ကတော့ ကျွန်မတို့ မိခင်ဖခင်တွေ ခေတ်ကာလပေါ့။ ၁၉၆၀ တစ်ဝိုက်မှာ ပြည်သူပိုင်သိမ်းခဲ့ပြီး တရုတ်စာ မသင်ရ တရုတ်ကျောင်း မရှိရခေတ်ဆိုတော့ သူတို့တွေ တရုတ်စာမတတ်ကြတာ များပါတယ်။ ဦးနေဝင်းအစိုးရလက်ထက်မှာ မြန်မာပြည်ကြီး တစ်ခုလုံး မွဲပြာသွားလို့ မြန်မာပြည် နွယ်ဖွားတရုတ်တွေလည်း အဆင်မပြေခဲ့ပါဘူး။ တချို့ တရုတ်အချို့ကတော့ မိခင်တိုင်းပြည်ကြီးကို ပြန်သွားကြပါတယ်။ ကျန်ရှိနေသေးတဲ့ ဒုတိယမျိုးဆက် ကလေးလေးတွေဟာ မြန်မာစာကိုသင် မြန်မာကျောင်းတက်ပြီး တချို့ဆို ဘွဲ့တွေတောင် ရခဲ့ပါတယ်။ ဒီလိုတောင့်ခံနိုင်တဲ့ ပထမမျိုးဆက်မိဘတွေကို မချီးကျူးဘဲ မနေနိုင်ပါဘူး။ အဲ့ခေတ်ကာလကလည်း သားသမီးတွေ ရှစ်ယောက်ကိုးယေက် မွေးနေတုန်းပါပဲ။ သူတို့ အားလုံးကို အတန်းပညာတစ်ခု တတ်မြောက်စေခဲ့တာဟာ နောင်လာမယ့် မျိုးဆက်တွေကို ကြီးမားတဲ့ အထောက်ကူတွေ ဖြစ်စေပါတယ်။
တတိယမျိုးဆက်ကိုတော့ 1980 1990 2000 born တွေကို ပါဝင်သတ်မှတ်ချင်ပါတယ်။ အိမ်ထောင်ကျစောတာ နောက်ကျတာတွေ ရှိတာကြောင့် နှစ်သုံးဆယ်ထိ Range တိုးထားပါတယ်။ စာဖတ်သူအများစုဟာ တတိယမျိုးဆက်ထဲက ဖြစ်မှာပါ။ စာရေးသူကိုယ်တိုင်လည်း ဒီတတိယ မျိုးဆက်ထဲကပါ။ တတိယမျိုးဆက်ဟာ ၂၁ရာစုထဲကို ဝင်လာတော့ ပညာလှိုင်းရိုက်ခပ်တာကို ခံစားရပါတယ်။ ရှေးက လူတွေစုလာတဲ့ ငွေကြေးတွေဟာ အတော်တန် များပြားလာပါပြီ။ ဒီတော့ တရုတ်နွယ်ဖွား အတော်များများဟာ ဒီတတိယမျိုးဆက် ကလေးငယ်တွေရဲ့ ပညာရေးကို အားပေးလာကြပါပြီ။ မြန်မာကျောင်းထားတယ် ကျူရှင်တွေ သင်တယ်။ မိဘတွေ မတတ်ခဲ့တဲ့ တရုတ်စာတွေ သင်လို့ရလာတော့ သင်ပေးလာပြီ။ ဒါ့အပြင် အင်္ဂလိပ်စာ ကွန်ပျူတာ သင်တန်းတွေ ပေးတတ်လာကြပါပြီ။ ပညာရေးအတွက်ဆို ငွေကုန်ပါလေ့စေ ဆိုပြီး ရက်ရက်ရောရော အားပေးလာတာပါ။ ပင်ကို ဘိုးဘွားအဆက်ဆက်ရဲ့ ထက်မြက်တဲ့ ဗီဇတွေ ဇွဲရှိတာတွေကို ဘေးက တွန်းအားပေးနေတာတွေရော ထပ်ပူးပေါင်းလိုက်တော့ တကယ်ကို ကလေးငယ်တွေဟာ အောင်မြင်ပြီး အဆင့်မြင့် အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တွေ တက်နိုင်ကြပါပြီ (ဒုတိယမျိုးဆက်မှာလည်း အဲ့လိုလူမျိုးတွေ ရှိခဲ့ပေမယ့် ရှားပါးခဲ့ပါတယ်။ နိုင်ငံသား မဟုတ်လို့ တက်ခွင့်မရတဲ့သူတွေလည်း အများကြီးပါ) ဒုတိယမျိုးဆက်တွေ ငွေကြေးအင်အားနဲ့ မိမိသားသမီးတွေကို နိုင်ငံသားဖြစ်အောင် လုပ်ပေးခဲ့ပြီး အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တွေကို ပေးတက်စေခဲ့ပါတယ်။ ဒီလိုနဲ့ တရုတ်မ တရုတ်ထီး ဆရာဝန်လေးတွေ အင်ဂျင်နီယာလေးတွေ စီးပွားရေးကျွမ်းကျင်သူတွေ စသည့်ဖြင့် အသက်မွေးဝမ်းကြောင်း တက္ကသိုလ်ဆင်းတွေ အတော်ထွက်ပေါ်လာပါတယ်
စတုတ္ထမျိုးဆက်ထဲမှာတော့ 2000 ကနေ 2030 born လောက်အထိ ကလေးငယ်တွေကို ထည့်သွင်းချင်ပါတယ်။ ပညာပိုတတ်လာတဲ့ အသိုင်းအဝိုင်း ငွေကြေးပိုရှိလာတဲ့ မိသားစုအချို့ဟာ အခုကလေးငယ်တွေကို အင်္ဂလိပ်ကျောင်းတွေ ပို့လာကြပါပြီ။ ဒီကလေးတွေရဲ့ အနာဂတ်ဟာ ကျွန်မတို့ထက် ပိုပြီး တောက်ပလာမယ်ဆိုတာ ကျွန်မ ယုံကြည်နေပါတယ်။ နောင်လာမယ့် မျိုးဆက်တွေဟာလည်း ဘေးဘီဘင်တို့ရဲ့  ဇွဲလုံ့လတွေ ငွေကို ခြိုးခြံချွေတာတတ်တာလေးတွေ သူတို့ပါပါးမာမားတို့လို ဥာဏ်ရည် ထက်မြက်လာတာလေးတွေ ပါလာမှာပါ။
စင်ကာပူရဲ့ ဖခင်ကြီး လီကွမ်းရောင်း (တကယ့်နာမည်အမှန်ပါ) ဟာ စင်ကာပူကို ဒီလိုနည်းနဲ့ပဲ တည်ဆောက်ခဲ့တာပါ။
မျိုးဆက်အဆင့်ဆင့်ကို ချပြပြီးတဲ့ နောက်မှာ ဘိုးဘွားတွေမိဘတွေရဲ့ သွေးတွေ ချွေးတွေနဲ့ တစ်ပြားချင်းရှာထားတဲ့ ငွေကြေးတွေကို ဘယ်နေရာမှာ သုံးသင့်တယ် ဘယ်နေရာမှာတော့ မဖြုန်းသင့်ဘူးဆိုတာ မိတ်ဆွေတို့ နားလည်သွားမှာပါ။
ကပ်စီးနည်းတယ်လို့ ပြောခံနေရတာတော့ အထူးသဖြင့် ပထမမျိုးဆက်ဖြစ်တဲ့ အဘိုးအဘွားတွေ ဒုတိယမျိုးဆက် အဖေအမေတွေပဲ ဖြစ်မှာပါ။ စဉ်းစားကြည့်ကြပါ။ ကျွန်မတို့အားလုံး ခုလိုဖုန်းလေးပွတ်ပြီး ဒီစာလေးဖတ်နိုင်ဖို့ သူတို့အနှစ် ၁၀၀ လောက် ကြိုးစား စွန့်စား ရုန်းကန်ခဲ့ရတာပါ။ ငွေလေး တစ်ပြားရဖို့ ဘယ်လောက်ပင်ပန်းလဲဆိုတာ သူတို့ အသိဆုံးမိုလို့ ငွေလေးတွေကို မသုံးရက်တာပါ။ နားလည်ပေးဖို့လိုပါတယ်။ ဒါပေမဲ့လည်း မိတ်ဆွေတို့အနေနဲ့တော့ သုံးသင့်တာကိုတော့ သုံးစေချင်ပါတယ်။ ဆင်ကြယ်ဖိနပ်ကြီးစီးပြီး Sedona တို့ Novotel တို့က မင်္ဂလာပွဲကိုတော့ မသွားသင့်ဖူး မဟုတ်လား။ တချို့ မျိုးဆက်တစ်ခု ပျက်စီးသွားလို့ အားလုံးပျက်စီးသွားတဲ့ တရုတ်နွယ်ဖွားတွေလည်း ဒုနဲ့ဒေးပါပဲ။ သူတို့အတွက် ဝမ်းနည်းပေမယ့် လောကကြီးမှာ ကိုယ်ဖြစ်ကိုယ်ခံပါပဲ။ နိဂုံးချုပ်ပါတော့မယ် မိတ်ဆွေသူငယ်ချင်းတို့ရေ အားလုံး မျက်စိညောင်းနေပြီ ဟုတ် စာတွေ မဖတ်ချင်လဲ ဖတ်ရပါမယ်။ ပိုက်ဆံတွေ ဖြုန်းချင်ရင် သည်းခံရပါမယ်။ ဒီငွေတွေဟာ မိတ်ဆွေတို့ရဲ့ ဘိုးဘွားအစဉ်ဆက်ရဲ့ သွေးတွေချွေးတွေလို့ တွေးမိရင် အိတ်ထဲက ငွေတွေ အပြင်ကို သိပ်မထွက်တော့ဘူးလို့ ထင်မိပါတယ်။ မိတ်ဆွေတို့ စာတွေကျက်ပြီး ပညာတတ်ဖြစ်ဟာ အနာဂတ်က ကိုယ့်မျိုးဆက်လေးတွေကို မျိုးရိုးဗီဇ အမွေနှစ်ကောင်းတွေ ပေးဖို့လို့ တွေးမိရင် စာကျက်ဖြစ်မှာပါ။ ဘိုးဘွားအစဉ်ဆက်က တည်ဆောက်ခဲ့တဲ့ ဒေါက်တိုင်ကြီးဟာ ရေရှည်တည်မြဲဖို့ ဆက်လက်မြင့်မားဖို့ ကျွန်မတို့အားလုံးမှာ တာဝန်ရှိပါတယ်။ အားလုံး ဆက်လက်ကြိုးစားကြပါ။
မျိုးဆက်သစ်သို့ မျှော်လင့်ခြင်းများစွာဖြင့် 😇😇
#ThinThin ပေးပို့လာသော စာမူအား ပြန်လည်မျှဝေပေးပါသည်။
လေးစားစွာဖြင့်
#天下第一 Admin Team

မျိုးဆက်သစ်သို့ မျှော်လင့်ခြင်းများစွာဖြင်
#ThinThin ပေးပို့လာသော စာမူအား ပြန်လည်မျှဝေပေးပါသည်။
လေးစားစွာဖြင့်
#天下第一 Admin Team
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။