မောင်(စွယ်စုံကျမ်း) added 3 new photos.
|| စိုင်းထွန်းအောင်လွင် ||
လွန်ခဲ့တဲ့ ၈ နှစ်ကျော်လောက်က မြန်မာပြည် ပြည်တွင်းစစ်နဲ့ ဆက်စပ်ရိုက်ကူးထားတဲ့ ရမ်ဘိုဇာတ်ကားအကြောင်း မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲဒီ ဇာတ်လမ်းက စစ်အစိုးရလက်ထက်မှာ ဖြစ်တဲ့အတွက် တရားဝင်ပြသခွင့် မရခဲ့ပေမယ့် ရွှေဝါရောင်အရေးတော်ပုံပြီးစကာလမှာ ရုပ်ရှင်က နိုင်ငံတကာမှာ ပြသခဲ့တာတစ်ကြောင်း လူထုအကြား နိုင်ငံရေးနိုးကြားမှု မြင့်တက်နေချိန်ဖြစ်တာက တစ်ကြောင်းကြောင့် တရားမ၀င် ဈေးကွက်ကနေတစ်ဆင့် ၀ယ်သူကြည့်ရှုသူ များပြားခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ မြန်မာစစ်တပ်က တပ်ရင်းမှူးအဖြစ် သရုပ်ဆောင်ခဲ့သူကိုလည်း မှတ်မိကြဦးမယ်ထင်ပါတယ်။ ကြမ်းတမ်းရက်စက်လွန်းလှတဲ့ သရုပ်သကန်ကို သရုပ်ဆောင်နိုင်ခဲ့သူအဖြစ် အဲဒီတုန်းက ရမ်ဘိုဇာတ်လမ်းကို ကြည့်ရှုခဲ့တဲ့ မြန်မာပြည်က ပရိသတ်တွေ မှတ်ချက်ပေးခြင်းလည်း ခံခဲ့ရပါတယ်။
ရမ်ဘို ၄ ဇာတ်လမ်းထွက်ပြီးလို့ ၈ နှစ်လောက် ကြာလာတဲ့ အချိန်မှာတော့ အဲဒီတပ်မှူးအဖြစ် သရုပ်ဆောင်ခဲ့တဲ့သူဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကျောင်းသားတပ်မတော် ABSDF ရဲ့ ကိုယ်စားလှယ်အဖြစ် ရံဖန်ရံခါ တက်ရောက်နေတယ်ဆိုရင် အံ့သြကြလိမ့်မယ် ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အဲဒီ စစ်တပ်အရာရှိအဖြစ် သရုပ်ဆောင်ခဲ့သူနဲ့ အပြင်မှာမဆုံဖူးပေမယ့် ၂၀၁၂ လောက်က အမှတ်မထင် ဖေ့စ်ဘုတ်မှာ စတင်သတိထားမိခဲ့ဖူးပါတယ်။ ကေအိုင်အေ ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်တွေနဲ့ တပ်မတော်တပ်ရင်းတွေ အကြား လဂျားယန်ဒေသဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်ဖြစ်ပါတယ်။ အဲဒီ တိုက်ပွဲတွေမှာ ကျောင်းသားတပ်ဖွဲ့ဘက် တပ်မှူးအဖြစ် ကေအိုင်အေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ လေယာဉ်တွေနဲ့ ဗုံးကြဲနေတဲ့ ဗီဒီယိုဖိုင်တွေကိုလည်း သူ့ရဲ့ဖေစ့်ဘုတ်စာမျက်နှာတွေကနေ နေ့ညမပြတ် တင်ဆက်ခဲ့တာကြောင့် ဖြစ်ပါတယ်။ တိုင်းရင်းသား အခွင့်အရေးအတွက် တိုက်တဲ့ တိုက်ပွဲ ထာဝရစစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် တိုက်နေတဲ့ တိုက်ပွဲလို့လည်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တိုက်ပွဲအကြောင်းနဲ့အတူ မကြာခဏ ရေးသားတာ တွေ့ခဲ့ရပါတယ်။ သူအပါအ၀င် ကေအိုင်အေဘက်ခြမ်းက လူမှုကွန်ရက် အသုံးပြုသူတွေရဲ့ ရေးသားမှုတွေကြောင့်ပဲ နောက်ပိုင်းတိုက်ပွဲတွေမှာ တပ်မတော်ကို အားပေးတဲ့ တိုက်ပွဲဆိုင်ရာ အချက်လက်တွေကို ရေးသားဖော်ပြတဲ့ တန်ပြန်အကောင့်တွေလည်း ဖေ့စ်ဘုတ်ကွန်ရက်မှာ ပေါ်လာခဲ့တာဖြစ်ပါတယ်။ တပ်မတော်မှ ကေအိုင်အေစခန်းတစ်ခုကို သိမ်းယူအပြီး တပ်မတော် လော်ဘီအကောင့်တစ်ခုရဲ့ ဖော်ပြချက်တစ်ရပ်မှာဆိုရင် “အခုဒီစခန်းကို သိမ်းပြီးသွားပြီဖြစ်တဲ့အတွက် ဖေ့စ်ဘုတ်ကနေ အရင်အပတ်တုန်းက ဒီစခန်းကနေ ထိုင်အော်နေတဲ့ မင်းဌေးတို့ တခြားနေရာကို ပြေးကုန်ပြီ” ဆိုပြီး ဖော်ပြခဲ့ဖူးတာကိုလည်း သတိထားမိပါတယ်။ ဖေဖော်ဝါရီလတုန်းက မြောက်ဦးမှာကျင်းပတဲ့ တိုင်းရင်းမီဒီယာညီလာခံမှာ သူနဲ့ တစ်ခါဆုံဖူးပေမယ့် အချိန်မရတာကြောင့် ကောင်းကောင်း စကားမပြောဖြစ်ခဲ့ပါ။
ဒါပေမဲ့ အခွင့်အခါသင့်တာကြောင့် ဇူလိုင်လကုန်ပိုင်းတုန်းက ကေအိုင်အေ အုပ်ချုပ်တဲ့ မြို့ဖြစ်တဲ့ မိုင်ဂျာယန်က တိုင်းရင်းသား မျက်နှာစုံညီအစည်းအဝေးမှာ သတင်းသွားယူတဲ့ ကျွန်တော်နဲ့ ညီလာခံမှာ ကိုယ်စားလှယ်အဖြစ် လာတက်တဲ့ ကိုမင်းဌေးနဲ့ အမှတ်မထင် ပြန်ဆုံခဲ့ပါတယ်။ ရမ်ဘို ဇာတ်ကားထဲမှာတော့ ကြမ်းကြုတ်ရက်စက်တဲ့ အသွင်နဲ့ သရုပ်ဆောင်ခဲ့ပေမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ကိုယ်စားလှယ်အဖြစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တက်နေရတဲ့ အပြင်လောကမှာတော့ သူဟာ ဖော်ရွေမှုရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ တကယ်တော့ သူလည်း မြန်မာနိုင်ငံက ပြည်သူတွေ အများစုထဲက တစ်ယောက်ဖြစ်ခဲ့သူပီပီ ငယ်တုန်းက ရည်မှန်းထားတာနဲ့ ဖြစ်လာတာ လက်တွေ့ဖြတ်သန်းနေရတဲ့ ဘ၀ တစ်ထပ်တည်း မကျခဲ့သူဖြစ်ပါတယ်။
“ငယ်တုန်းကတော့ နိုင်ငံရေး ၊ တော်လှန်ရေး လုပ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး။ ကျွန်တော့ဇာတိက မိုးကောင်းဆိုတော့
သိပ်ခက်ခက်ခဲခဲ ရုန်းကန်ရတဲ့ နယ်မျိုးလည်း မဟုတ်တော့ ကျောင်းပျော်လူပျော် သဘောမျိုးနဲ့ပဲနေ ၊ အိမ်က အလုပ်တွေလုပ်ဆိုတဲ့ စိတ်ကူးမျိုးလောက်ပဲရှိခဲ့တာ” လို့ အခု အသက် ၅၀ အရွယ်ရောက်လာချိန်မှာ ကျောင်းသားတပ်မတော် ABSDF ရဲ့ ဗဟိုကော်မတီဝင် ဖြစ်လာခဲ့တဲ့ ရဲဘော်မင်းဌေးက သူ့ရဲ့ ငယ်ဘ၀အကြောင်းကို အစချီပြောပြပါတယ်။
အဲဒီခေတ်ကာလ အခြေနေအရဆိုရင် ကိုမင်းဌေးတို့ နေထိုင်တဲ့ မိုးကောင်းနယ်ဘက်မှာ အခြားနယ်တွေက လာရောက်အခြေချ နေထိုင်သူတွေလည်း မများသေးသလို လယ်လုပ်သူ ၊ ကျောက်စိမ်းမှော်ဝင်သူ ( မှော်ကလည်း ဒီဘက်ခေတ်တွေလောက် မစည်ကားသေး ၊ ကေအိုင်အေနဲ့လည်း အပစ်မရပ်သေး ) မြစ်ကြီးနား ၊ မန္တလေးနဲ့ တစ်နိုင်တစ်ပိုင် ကုန်ကူးသူ ၊ အစိုးရ၀န်ထမ်း စတဲ့ သမားရိုးကျအလုပ်တွေကိုပဲ လုပ်ကြသူတွေပဲများတာပါ။ ၁၀ တန်းကျတဲ့အတွက် အိမ်အလုပ်တွေလုပ်လိုက် စာပြန်ကြည့်လိုက်နဲ့ စာမေးပွဲဖြေဖို့ လုပ်နေတုန်း အသက် ၂၀ အရွယ် ကိုမင်းဌေးအဖို့ ဘ၀အလှည့်အပြောင်းဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ ဒါကလည်း နှစ်ပေါင်းများစွာ တိုင်းပြည်ရဲ့ တံခါးပိတ်ဝါဒအောက်မှာ ချွတ်ခြုံကျမှု ၊ တစ်ပါတီ အာဏာရှင်စနစ်တို့အပေါ် လူထုက မကျေနပ်မှုကြောင့် ဖြစ်လာခဲ့တဲ့ ၈ လေးလုံးအရေးတော်ပုံကြောင့်ပဲ ဖြစ်ပါတယ်။
“ကျောင်းသားတွေ ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းတွေကလည်း ကြားနေရတယ်။ မခံချင်စိတ်ကလည်း တဖွားဖွား ပေါ်လာတယ်။ မြို့မှာက သပိတ်ကလည်း ထွက်ချင်နေပြီ။ သို့သော် မာရှယ်လောကလည်း ထုတ်ထားတော့ မြို့မှာက သပိတ်ကို ဦးဆောင်မယ့်သူကလည်း မရှိဘူးဖြစ်နေတယ်။ နောက်ဆုံးတော့ မခံချင်စိတ်နဲ့ပဲ ဘယ်သူမှ မဦးဆောင်ရင် ဦးဆောင်ထွက်မယ်ဆိုပြီး မိုးကောင်းသပိတ်ကို ဦးဆောင်သူအနေနဲ့ စထွက်ခဲ့တယ်” လို့ နိုင်ငံရေး စိတ်မ၀င်စားသူ လူငယ်တစ်ဦးအဖြစ်ကနေ မခံချင်စိတ်ကြောင့် ၁၉၈၈ ခုနစ် သြဂုတ်လ ၁၃ ရက်နေ့မှာ မိုးကောင်းသပိတ်ရဲ့ ဦးဆောင်သူ ဖြစ်လာခဲ့တဲ့ ကိုမင်းဌေးက ပြောပါတယ်။ မိုးကောင်းသပိတ်ကို အောင်မြင်စွာ ဦးဆောင်နိုင်ခဲ့ပြီး နိုင်ငံတစ်ဝန်းက လူထုလှုပ်ရှားမှုနဲ့အတူ မဆလ အာဏာရှင်အစိုးရကို ဖြုတ်ချကာ မြို့မိမြို့ဖတွေအုပ်ချုပ်တဲ့ အရပ်ဘက်အုပ်ချုပ်ရေးနဲ့ ခေတ္တခဏ ထိန်းထားနိုင်ခဲ့ပေမယ့် ကြားဖြတ်အစိုးရဖွဲ့ဖို့ နောက်ကျမှုနဲ့အတူ စစ်အာဏာရှင်တွေက လက်ဦးမှုကို ရယူနိုင်ခဲ့တာကြောင့် တစ်သက်လုံး မိုးကောင်းမှာပဲ အခြေချဖို့ စိတ်ကူးခဲ့တဲ့ ကိုမင်းဌေးတစ်ယောက် မိုးကောင်းမြေကို စွန့်ခွာခဲ့ဖို့ အကြောင်းပေါ်လာပါတယ်။ “အဲဒီတုန်းက ကျွန်တော်တို့ ယုံကြည်တာက မြို့ပြအုပ်ချုပ်ရေးက ကျွန်တော်တို့ လက်ထဲမှာတင် ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်တယ်။ ဒါကို စစ်တပ်က မတရားလုယူသွားတယ်။ ပြည်သူလက်ထဲ အုပ်ချုပ်ရေး ပြန်ရောက်အောင် ပြန်တိုက်ယူမယ်ဆိုပြီး ထွက်လာတာ၊ မြို့မှာလည်း ကျွန်တော်တို့လူတွေရှိတယ်။ စစ်ပညာသင် လက်နက်လေးဘာလေးရရင် ပြန်တိုက်မယ် ၊ ပြန်သိမ်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့လေ” လို့ အသက် ၂၀ ကျော်အရွယ် ၈ လေးလုံးကာလအပြီး စစ်တပ်အာဏာသိမ်းချိန်မှာ ကေအိုင်အေရဲ့ တပ်ရင်း ၁၁ နယ်မြေကို စတင်ထွက်ခွာလာပုံကို သူကပြန်ပြောပြပါတယ်။ ကိုမင်းဌေးတို့အဖွဲ့ စတင်ထွက်ခွာလာချိန်မှာ သူတို့မြို့က အဖွဲ့တွေပဲ ကေအိုင်အေဆီ ထွက်လာတယ်လို့ပဲ သူတို့ထင်နေခဲ့ပါတယ်။ ဒါပေမဲ့ ကေအိုင်အေ တပ်ရင်း ၁၁ ကို ရောက်သွားခဲ့ချိန်မှာ အခြား မြစ်ကြီးနား ၊ မန္တလေးစတဲ့ ဒေသတွေက ကျောင်းသားကျောင်းသူတွေကိုလည်း တွေ့ရတဲ့အတွက် အံ့သြသွားရတယ်လို့လည်း ဆိုပါတယ်။ တကယ်တော့ ကိုမင်းဌေးတို့ အဖွဲ့ စစဉ်းစားခဲ့တာက သူတို့ မိုးကောင်းမြို့လေးကို အရပ်ဘက် အုပ်ချုပ်မှုအောက် ရောက်အောင် ပြန်သိမ်းမယ်ဆိုပြီး စတင်ထွက်ခွာလာခဲ့တာ မဟုတ်ပါလား။ ကေအိုင်အေ ရင်း ၁၁ ကနေတစ်ဆင့် ဆက်သွယ်ပေးမှုကြောင့် ကေအိုင်အေ ဗဟိုကို သူတို့ ကျောင်းသားအဖွဲ့တွေ ရောက်သွားခဲ့ပါတယ်။ ဟိုမှာ ကြုံရတဲ့ အခြေအနေတွေ လက်တွေ့ စစ်ရေးနိုင်ငံရေး အခြေအနေတွေကို ဖြတ်သန်းခဲ့ပြီး နှစ်နှစ်လောက် အကြာမှာတော့ သူစတင်ထွက်ခွာလာချိန်က မက်ခဲ့တဲ့ မြို့ကို အရပ်သားအုပ်ချုပ်မှုအောက် ပြန်ရောက်ရေး ၊ ဒီမိုကရေစီအရေးဆိုတာက အများကြီး ကြိုးစားရဦးမယ်ဆိုပြီး သဘောပေါက်လာခဲ့ပါတယ်။ ကျောင်းသားတပ်မတော်ရဲ့ မြောက်ပိုင်းဗျူရိုမှာ ငါးနှစ်လောက် ဖြတ်သန်းပြီးခဲ့တဲ့အချိန်မှာ အနုပညာနဲ့ ပတ်သက်လို့တော့ နှစ်ပတ်လည်နေ့တွေမှာ ပြုလုပ်တဲ့ ပြဇာတ်တွေမှာ ၀င်သရုပ်ဆောင်တဲ့ ကိစ္စတွေလောက်သာ လုပ်ဖူးခဲ့ပါတယ်။ ၁၉၉၄ နှစ်ရောက်လာတော့ ကေအိုင်အေအနေနဲ့ န၀တ စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လုပ်တော့ မြန်မာနိုင်ငံ မြောက်ပိုင်းသား ကိုမင်းဌေးလည်း မြန်မာနိုင်ငံ တောင်ဘက်ခြမ်းကို ပြောင်းရွှေ့ရဖို့ ဖြစ်လာခဲ့ပါတယ်။ ကေအိုင်အေက အပစ်ရပ်မှာဖြစ်တဲ့အတွက် ကေအိုင်အေ နယ်မြေအတွင်း အပစ်မရပ်တဲ့ ကျောင်းသားတပ်မတော်ကို လက်ခံထားလို့ မရတော့ဘူးဆိုတဲ့ အခြေအနေမျိုး ပေါ်ပေါက်လာတဲ့အတွက် ဖြစ်ပါတယ်။ ကေအန်ယူနယ်မြေကို စတင်ထွက်ခွာလာခဲ့တဲ့ အချိန်မှာ ကိုမင်းဌေးဟာ အိမ်ထောင်ကျနေခဲ့ပြီ ဖြစ်ပါတယ်။ သူ့အနေနဲ့ တောင်ပိုင်းဌာနချုပ်က အခြေအနေတွေ တော်လှန်ရေးမှာ ဘာကြောင့် မအောင်မြင်ဖြစ်နေသလဲ ဆိုတာတွေကို သုံးသပ်လိုတာကြောင့်လည်း ABSDF ရဲ့ ဗဟိုကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ကိုမင်းဌေးတို့ ထိုင်းနယ်စပ်ကို ထွက်ခွာလာချိန်မှာ ကျောင်းသားတပ်ဖွဲ့ရဲ့ မြောက်ပိုင်းဗျူရိုထဲမှာရှိနေတဲ့ ရှမ်းမျိုးနွယ် တပ်ဖွဲ့ဝင်အချို့လည်း ထိုင်းနယ်စပ်ကို လိုက်လာခဲ့ပါတယ်။ သူတို့တွေက အဲဒီတုန်းက စတင်တည်ထောင်တဲ့ SURA (ယခု RCSS ၊ SSA ဦးယွက်စစ် ဦးဆောင်တဲ့အဖွဲ့) နဲ့ ပူးပေါင်းလိုက်ကြပါတယ်။ အဲဒီတော့ ရှမ်းတပ်ဖွဲ့နဲ့ ကိုမင်းဌေးတို့ သိကျွမ်းဖို့ လမ်းကြောင်းပေါ်လာခဲ့ပါတယ်။ အဲဒီ ရှမ်းတပ်ဖွဲ့က အသိမိတ်ဆွေတွေကြောင့်ပဲ ကိုမင်းဌေးအနေနဲ့ ရမ်ဘိုဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ဖြစ်လာတာပါ။ ဒါပေမဲ့ အဲဒီဇာတ်လမ်းမှာ မပါဝင်ခင် သရုပ်ဆောင်မှုဆိုတာ အစိမ်းသက်သက်တော့ မဟုတ်ခဲ့ပါဘူး။ နှစ်ပတ်လည်ပြဇာတ်တွေအပြင် ဘီဘီစီ မြန်မာပိုင်းကနေ တင်ဆက်ခဲ့ဖူးတဲ့ သပြေကုန်းရွာဆိုတဲ့ အပတ်စဉ် ဇာတ်လမ်းတွဲအစီအစဉ်မှာ အသံသရုပ်ဆောင်အနေနဲ့ ကိုမင်းဌေးတစ်ယောက် ပါဝင်ခဲ့ဖူးခဲ့ပြီးဖြစ်ပါတယ်။ ရမ်ဘိုဇာတ်ကားကို ထိုင်းမြန်မာနယ်စပ်မှာ လာရိုက်မယ်ဆိုတာ သတင်းတွေတော့ ကြားတယ်။ ဘယ်လိုရိုက်မလဲ ။ တခြား မြန်မာသရုပ်ဆောင်တွေ ဘယ်သူတွေကို သုံးမလဲဆိုတာ မသိခဲ့ဘူး။ သရုပ်ဆောင်အဖြစ် ပါဝင်ဖို့ ဘယ်လို လျှောက်ရမယ်မှန်းလည်း မသိပါဘူး။ “ဒါပေမဲ့ RCSS ရှမ်းအဖွဲ့မှာက ကျွန်တော်တို့ မြောက်ပိုင်းက လာခဲ့တဲ့ သူငယ်ချင်းတွေရှိတော့ သူတို့ကနေ တစ်ဆင့် ဒေါ်နန်းခေးဆိုင်တို့နဲ့ ရင်းနှီးသွားတယ်။ အဲဒီဇာတ်ကားရိုက်မယ်လို့ သတင်းထွက်လာချိန်မှာ ဒေါ်နန်းခေးဆိုင်ကလည်း ရှမ်းအဖွဲ့ RCSS/SSA ကနေ အနားယူပြီးသွားပြီ။ သူကနေတစ်ဆင့် ဇာတ်ကားရိုက်ဖို့ လူလိုတယ်။ မြန်မာတွေ ဖြစ်ရမယ်။ နင်တို့ သွားလျှောက်ကြပါလားဆိုပြီး သရုပ်ဆောင်ရွေးဖို့ ကြော်ငြာတဲ့ကုမ္ပဏီနဲ့ ချိတ်ပေးတာနဲ့ ကျွန်တော်တို့ တစ်ဖွဲ့လုံး သရုပ်ဆောင်အဖြစ် သွားလျှောက်ကြတာ” လို့ အဲဒီဇာတ်ကားမှာ သရုပ်ဆောင်ဖို့ သွားလျှောက်ခဲ့တဲ့ အခြေအနေကို ပြန်ပြောင်းပြောပြပါတယ်။
ကံကောင်းထောက်မစွာနဲ့ပဲ သူတို့သွားလျှောက်တဲ့ ခြောက်ယောက်စလုံး ရွေးချယ်ခံရပါတယ်။ “ကိုယ်က စင်ပေါ်မှာနဲ့ လေလှိုင်းမှာပဲ သရုပ်ဆောင်ဖူးတော့ တကယ့် ဟောလိဝုဒ်ရိုက်ကွင်းထဲ ရောက်သွားတော့ ကင်မရာရှေ့ သရုပ်ဆောင်ရတာ ပထမ တော်တော်ကြောင်တောင်တောင် ဖြစ်တယ်။ အပြင်မှာ ရုပ်ရှင်ရိုက်ကွင်းဆိုတာ တစ်ခါမှ မမြင်ဖူးတဲ့ သူတစ်ယောက်က ဟောလိဝုဒ်ရုပ်ရှင်ရိုက်ကွင်းထဲ ရောက်သွားတယ်ဆိုတော့ စဉ်းစားကြည့်လေ။ ဘာတွေလုပ်နေရမှန်း မသိဘူး။ သူများခိုင်းတာ လုပ်နေရတာ ပထမက။ ဒါရိုက်တာကလည်း စတားလုံး ၊ မင်းသားကလည်း စတားလုံးပဲလေ” လို့ အတွေ့အကြုံကို ပြန်ပြောင်းပြောပြပါတယ်။ ဒါပေမဲ့ သူသရုပ်ဆောင်ရတဲ့ နေရာကလည်း ဇာတ်လမ်းအတွက် အရေးပါတဲ့ ရက်စပ်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်က အရာရှိနေရာဖြစ်နေပြန်၊ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ ရက်စက်မှုတွေကို သူကိုယ်တိုင်လည်း မြင်တွေ့ခဲ့ရဆိုတဲ့ အကြောင်းအချက်တွေနဲ့ မခံမရပ်နိုင်တဲ့ စိတ်ကြောင့်ပဲ သရုပ်ဆောင်မှုတွေမှာ သူ့အနေနဲ့ အောင်အောင်မြင်မြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ မကောင်းမှုမှန်သမျှကို မြင်တွေ့ဖူးတဲ့အတွက် သရုပ်ဆောင်ရတာ အခက်ခဲမရှိဘူးလို့ အဲဒီတုန်းက ရေဒီယိုအသံလွှင့် သတင်းဌာနတချို့ကို သူဖြေဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရိုက်ကွင်းအတွေ့အကြုံ နည်းတာကြောင့်ပဲ အဲဒီဇာတ်ကား ရိုက်တဲ့အချိန်မှာ သူထိခိုက်မှု အချို့ ဖြစ်ခဲ့ပါသေးတယ်။
“တချို့ တကယ်အက်ရှင်ခန်းတွေ တိုက်ခိုက်တဲ့ နေရာတွေမှာ စတန့်သမားတွေကို သုံးရတာ၊ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က တော်လှန်ရေးသမား စစ်သားဆိုတော့ တချို့အခန်းတွေမှာ ကိုယ်တိုင် သရုပ်ဆောင်တော့ ထိခိုက်မှုတွေဖြစ်တာပေါ့။ ရမ်ဘိုက ကျွန်တော့်ကို ဓားနဲ့ ထိုးသတ်ပြီး ချောက်ထဲကန်ချလိုက်တဲ့ အခန်းမှာ ခါးနာသွားတယ်လေ” ဆိုပြီး ပြန်ပြောင်းပြောပြပါတယ်။ အဲဒီဇာတ်ကားက ၂၀၀၇ ရွှေဝါရောင် အရေးအခင်းအပြီး သိပ်မကြာခင်ကာလမှာပဲ ရုံတင်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာတော့ ပြသခွင့်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ တရားမ၀င် ခိုးကူးဈေးကွက်ကနေ တစ်ဆင့် ၀ယ်ယူအားပေးခဲ့တဲ့အတွက် သူ့အနေနဲ့ ပင်ပန်းရကျိုးနပ်တယ်လို့ ယူဆကြောင်းလည်း ပြောပါတယ်။
“တိုင်းရင်းသားဒေသက အခြေအနေတွေကို ပြည်သူတွေ သိသွားတာပေါ့လေ။ လူဆိုတာကလည်း ပိတ်ပင်လေ စပ်စုချင်လေ မဟုတ်လား” လို့ ၀ံ့ကြွားစွာပြောဆိုပါတယ်။ အဲဒီ ဇာတ်ကားရိုက်ပြီးတော့ နောက်တစ်ကြိမ် သူ့အနေနဲ့ ဟောလိဝုဒ် ရုပ်ရှင်ကားတစ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီဇာတ်ကားမှာ သူသရုပ်ဆောင်ရတဲ့ အခန်းကနည်းပါးပြီး ရမ်ဘိုကားကလောက် မများခဲ့ပေမယ့် အရေးကြီးတဲ့ အခန်းကနေ သရုပ်ဆောင်ရတာပဲ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားကတော့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ သူသရုပ်ဆောင်ရတဲ့ အခန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ချိန်ရွယ် ဟန့်တားခဲ့တဲ့ စစ်တပ်အရာရှိ နေရာကနေ သရုပ်ဆောင်ရတာပဲ ဖြစ်ပါတယ်။
အမှန်တော့ အဲဒီဇာတ်ကားမှာလည်း သူ့အနေနဲ့ ပါဝင်ခွင့်ရမယ်လို့ မျှော်မှန်းခဲ့တာတော့ မဟုတ်ပါဘူး။ ပထမ ဇာတ်ကားရိုက်ပြီးချိန်မှာ ထိုင်းက အနုပညာလုပ်ငန်း ၀န်ဆောင်မှု ကုမ္ပဏီတွေနဲ့ ရင်းနှီးသွားတာကြောင့် ဒီဇာတ်ကားရိုက်ဖို့ ဖြစ်လာတဲ့အချိန်မှာ ကုမ္ပဏီကနေတစ်ဆင့် သွားရောက် လျှောက်ထားဖို့ ဆက်သွယ်လာတာကြောင့် ဇာတ်ကားရိုက်ကူးမဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ရမ်ဘိုဇာတ်လမ်းမှာ စစ်တပ်အရာရှိအဖြစ် သရုပ်ဆောင်ဖူးတာကြောင့်လည်း ဘာမှ သရုပ်ဆောင်ခိုင်းခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်တဲ့ မစ်ရှဲရိုးကို သေနတ်နဲ့ချိန်တဲ့အခန်းမှာ ဇာတ်ကားရိုက်ကူးတဲ့ ဒါရိုက်တာကလည်း ထည့်သွင်း အသုံးပြုခဲ့ခြင်းလည်း ဖြစ်ပါတယ်။ တကယ့် အပြင်မှာဆိုရင် သေနတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချိန်ရဲပါ့မလားဆိုတဲ့ မေးခွန်းကိုတော့ “အမလေး ဘယ်ချိန်ရဲပါ့မလဲဗျာ။ ကျွန်တော်လေးစားတဲ့ ပုဂ္ဂိုလ်ပဲ ၊ တကယ်လည်း ပြည်သူပြည်သားတွေ အတွက် စွန့်လွတ်စွန့်စားခဲ့သူပဲ၊ သေနတ်နဲ့ချိန်ဖို့ မပြောနဲ့ တင်းတင်းမာမာ ပြောဖို့တောင် ခက်ပါလိမ့်မယ်” လို့ တော်လှန်ရေးသမားအဖြစ် နှစ်ပေါင်း ၂၅ ကျော် ဖြတ်သန်းလာခဲ့တဲ့ ရဲဘော်မင်းဌေးက စိုးရွှံ့စွာနဲ့ ပြောပါတယ်။
ဟောလိဝုဒ်က ရုပ်ရှင်ဇာတ်ကားနှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့မှု အပြီးမှာတော့ အနုပညာအလုပ်ဟာ သူနဲ့ အံဝင်ခွင်ကျ ဖြစ်တယ်ဆိုတဲ့ ဘေးက သူငယ်ချင်းတွေက တိုက်တွန်းမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ လောလောဆယ် ဇောက်ချလုပ်ဖို့ အခြေအနေ မပေးသေးဘူးလို့ သူကဆိုပါတယ်။ ဒါက အနုပညာပိုင်းနဲ့ ပတ်သက်လို့ အတွေ့အကြုံပိုင်းကြောင့် ယုံကြည်မှုနည်းလို့ မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။ တကယ်တော့ ဟောလိဝုဒ်ဇာတ်ကား နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ရဖို့ ဆိုတာ လွယ်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ “ကျွန်တော့် အယူအဆအရဆိုရင် အခုထိ ကျွန်တော်တို့က စစ်အာဏာရှင်စနစ် အောက်မှာပဲ ရှိသေးတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေ ဒီမိုကရေစီ တိုင်းရင်းသား အခွင့်အရေးတွေလည်း မရသေးဘူးမဟုတ်လား။ ကျွန်တော်တို့အနေနဲ့ ဆက်လက်တိုက်ပွဲဝင်ဖို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ အခွင့်အရေးတွေရဖို့ ကြိုးစားသွားရဦးမယ်။ ငြိမ်းချမ်းရေးရပြီးရင်တော့ စာရေးတာဖြစ်ဖြစ်၊ အနုပညာအလုပ်တွေကို ဇောက်ချလုပ်တာဖြစ်ဖြစ် လုပ်သွားနိုင်ပါလိမ့်မယ်” လို့ ကျောင်းသားတပ်မတော်ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ် မိုင်ဂျာယန် တိုင်းရင်းသား အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရမ်ဘိုဇာတ်ကားထဲက သရုပ်ဆောင်ဖြစ်သူက ဆိုပါတယ်။
စိုင်းထွန်းအောင်လွင်
Credit. The Ladies News
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။