ရောမချနဲ့...
***
ည ၁၁ နောက်ပိုင်း ကလပ်တွေ၊ ဘားတွေ ပိတ်ရမယ်ဆိုလား အသံထွက်လာတော့ နိုင်ငံတကာက Night Life တွေ ဘာတွေနဲ့ ယှဉ်ထိုး ပြောသံတွေ ဖတ်ရတဲ့အခါ ပြုံးမိတယ်။
ဒါမျိုးကျ နိုင်ငံတကာ နဲ့ ယှဉ်တတ်ပါပေ့ကွယ်။
***
ဟုတ်ပြီ။ ဒါဆို နိုင်ငံတကာ Night Life ဆိုတဲ့ အတိုင်း နိုင်ငံတကာ အတိုင်း လိုက်လုပ်ကြေး ချမလား ဆိုပြီး တချို့ အချက်တွေ ရေးပြကြည့်မယ်။
အခုလက်ရှိ ကျွန်တော်နေတဲ့အရပ် USA, Wisconsin State မှာ...။
ပြည်နယ် ဥပဒေအရ မနက် ၉ နာရီကနေ ည ၉ နာရီအထိပဲ စတိုးဆိုင်ကနေ အရက်၊ ဘီယာ ၀ယ်ခွင့် ရှိတယ်။ ည ၉ နာရီကို တမိနစ် စွန်းတာနဲ့ ဘယ် စတိုးဆိုင်ကမှ မရောင်းတော့ဘူး။
စတိုးဆိုင်က မရောင်းတော့ဘူး ဆိုတော့ ဘားမှာ၊ ကလပ်မှာ သွားသောက်ချင်သလား။ ရတယ်၊ အဲဒီ Night Life ဆိုတာကြီး ရှိသပ...။ ဒါပေမယ့် တနင်္လာကနေ သောကြာအထိသည် မနက် ၁ နာရီ အထိပဲ၊ မနက် ၁ နာရီဆို ပိတ်တော့...။ ပိတ်ပြီး လူလည်ကျပြီး ခပ်စောစော ဖွင့်ဖို့လဲ မစဉ်းစားနဲ့။ မနက် ၁၀ နာရီလောက်မှ ပြန်ဖွင့်။ စနေ၊ တနင်္ဂနွေညတွေမှာ မနက် ၂ နာရီအထိပဲ။ ကုန်ကုန်ပြောရရင် ဆိုင်ပိတ်ခါနီးပြီဆိုရင် ၀ယ်ထားလက်စ ယမကာကို ကုန်အောင် သောက်ရင်သောက်၊ မသောက်ရင် အသွန်ခိုင်းလိမ့်မယ်။ ဒါ.. ဥပဒေပဲ။
ယမကာကို အသက် ၂၁ နှစ် မပြည့်ဘဲ ၀ယ်ခွင့် မရှိဘူး။ ဆေးလိပ်ကို အသက် ၁၈ နှစ် မပြည့်ဘဲ ၀ယ်ခွင့် မရှိဘူး။ ဘားနဲ့၊ကလပ်ကို အသက် ၂၂ နှစ် မပြည့်ဘဲ သွားခွင့် မရှိဘူး။
လူအများ အပန်းဖြေတဲ့ Public area မှာ အရက်၊ ဘီယာ ၀ိုင်းဖွဲ့ သောက်ခွင့် မရှိဘူး။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သောက်တာကွ ဆိုပြီး အရက်ပုလင်းကလေးကိုင်၊ ဘီယာဘူးလေးကိုင်ပြီး ခပ်ထွေထွေနဲ့ လမ်းသလားဖို့ မစဉ်းစားနဲ့။ ရဲတွေ့ရင် အကုန် သွန်ခိုင်းပြီး သိပ်မူးလွန်းတယ် ထင်ရင် အချုပ်ထဲမှာ ညသိပ်လိုက်လိမ့်မယ်။ အဲဒီအချိန်မှာ ဒီမိုကရေစီကွ သွားပြောဖို့ မစဉ်းစားနဲ့။ ခင်ဗျားကို ရဲက.. အေး၊ ဒါ ဒီမိုကရေစီနိုင်ငံက ဥပဒေပဲကွ လို့ ပြန်ပြောလိမ့်မယ်။
***
ပြောလိုက်ကြရင် မြန်မာပြည်ကြီး တိုးတက်စေချင်လိုက်တာ နှစ်ယောက် မရှိဘူး။ လိုအပ်လို့ သင့်တော်မယ် ထင်တဲ့ ကန့်သတ်ချက်လေးများ ထွက်လာရင်တော့ ဟိုနိုင်ငံကြီးတွေမှာတော့ ဘယ်လို၊ ဘယ်ဝါဆိုပြီး မဟုတ်မဟပ် နှိုင်းပါတော့မယ်။
အပေါ်မှာ ရေးပြခဲ့တဲ့ အချက်တွေ အကုန်လုံး အမေရိကားက ပြည်နယ် အတော်များများမှာ ကျင့်သုံးနေတယ်။ အဲဒီလို ကျင့်သုံးတဲ့ ဘယ်ပြည်နယ် အစိုးရကိုမှ သူတို့ပြည်သူတွေက အာဏာရှင် ဆန်လိုက်တာလို့ မပုတ်ခတ်ဘူးဗျ။
ဒီမိုကရေစီဆိုတာက သူ့တန်ဘိုးနဲ့သူ ရှိပြီးသား။ ကိုယ်လုပ်ချင်တာ မလုပ်ရတိုင်း ဒီမိုကရေစီနဲ့တော့ တဆိတ်လောက် ရောမချပါနဲ့။
***
Credit - သွင်ယု

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။