အလံလေးတွေရမယ်
--------------------
ဇန်နဝါရီလ ၅ရက်နေ့မှာ မနက်စောစောစီးစီး ရန်ကုန်မြို့ မီးပွိုင့်တစ်ခုမှာ ကောင်လေးတစ်ယောက်ဟာ ငိုယိုပြီးတော့ ကားတိုင်းကို နိုင်ငံတော် အလံလေးတွေ လိုက်ရောင်း နေတယ်။ ကားပေါ်က လူတွေက သူ့ကို အရူးတစ်ယောက် လိုကြည့်နေကြတယ်။
တကယ်ဆိုရင် အလံရောင်းသင့်တာ ဇန်နဝါရီ (၄) ရက်နေ့ ဖြစ်တဲ့ မနေ့က အချိန်ဖြစ်တယ်။ လွတ်လပ်ရေးနေ့ အထိန်းအမှတ်နဲ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ရောင်းသင့်တာကို ကောင်လေးဟာ သူများတွေလိုမဟုတ်။ ၅ ရက်နေ့မှ မနက်စောစောကြီး လိုက်ရောင်းနေတယ်။ ဘာ့ကြောင့်ပါလိမ့်။
တကယ်တော့ (၄) ရက်နေ့ မှာလည်း ကောင်လေးဟာ အလံလေးတွေ မပျက်မကွက် ရောင်းခဲ့ ပါတယ်။ (၄) ရက်နေ့ မနက်မှာ ကောင်လေး ဟာ အစောဆုံး ထတယ်။ အတက်ကြွဆုံး အလံလေး တွေ လိုက်ရောင်းခဲ့တယ်။
ပိုက်ဆံလဲ အများဆုံးရခဲ့တယ်။ ဆိုတော့ အရွယ်က ကလေးအရွယ်။ အသက်က အလွန်ဆုံး ၆ နှစ်ကျော် ၇ နှစ်ပေါ့။ သူပိုက်ဆံတွေ အများကြီး ကို ဒီတိုင်း လမ်းဘေးတစ်နေရာမှာ ထိုင်ရေနေမိတယ်။ အဲဒီလို ရေနေတာကို အဲဒီနားမှာ တောင်းစားနေတဲ့ သူတောင်းစား လူကြီး တစ်ယောက် ကတွေ့လိုက်တာမှာ ပြဿနာစတာပါပဲ။
ညဘက် ကောင်လေးအပြန်မှာ သူတောင်းစားကြီးဟာ ငွေတွေကို လမ်းကနေ ဖြတ်လုခဲ့တယ်။ လုရုံတင်မကဘူး ကလေးငယ်ကို ကန်ကျောက် ပစ်ခဲ့ပါတယ်။ အဲဒါနဲ့ ကလေးငယ်ဟာ ဒဏ်ရာနဲ့ ငိုယိုပြီး အိမ်ပြန်တာပေါ့။
ကလေးငယ်အကြောင်း ပြောရရင် သူဟာ မိဘမဲ့ကလေး တစ်ယောက် ဖြစ်ပါတယ်။ တောင်းစားတဲ့ ဂိုဏ်းတစ်ခုက ခေါ်ပြီး ခိုင်းစားခြင်းကို ခံထားရတာ ဖြစ်ပါတယ်။ အဲ့ဒါနဲ့ ရောင်းရငွေ မပါပဲ ပြန်သွားတဲ့အခါ ဟိုရောက်တော့ ကောင်လေးကို ကြိုးတုပ်ပြီး ရိုက်တော့တာပဲ။ ပြီးတော့ ထမင်းလဲမကျွေးတော့ပဲ ကလေးငယ်ကို ညကြီးမိုးချုပ် ပြန်ထွက်ပြီး ငွေရှာခိုင်းခဲ့ပါတယ်။
သနားစရာ ကောင်လေးဟာ ဗိုက်ဆာလွန်းလို့ လမ်းဘေးမှာ ထိုင်ငိုနေခဲ့ ပါတယ်။ အဲဒါနဲ့ မလုပ်တတ်မကိုင်တတ် ဖြစ်နေချိန် မနက်မိုးလင်းခါနီးကျတော့ အကြံတစ်ခု ရတာပေါ့ဗျာ..။ ကလေးငယ် အကြံက အမှိုက်ပုံးတွေထဲကနေ အလံအဟောင်း တွေကို လိုက်ပြန်ကောက်မယ်။ ပြီးရင် ရောင်းမယ်။ ဒါဆိုသူငွေရလို့ အိမ်ပြန်ပြီး အစာစားရမယ်ပေါ့။
အဲဒါလေးက ဇာတ်လမ်းအစ ဖြစ်သလို ဇာတ်လမ်းအဆုံးလဲ ဖြစ်ပါတယ်။ ကလေးငယ်ဟာ အလံ အဟောင်းတွေကို စုကောက်ပြီးတော့ ဇန်နဝါရီ ၅ ရက်နေ့ မနက်မှာ လိုက်ရောင်းနေခဲ့ ပါတယ်။
သို့သော် ကလေးငယ်ရဲ့ အလံကို တစ်ယောက်မှ မဝယ်ကြ တော့ပါဘူး။ နောက်ဆုံးမှာတော့ သူငိုပြီး အလံဟောင်းတွေ ပိုက်လို့ အိမ်ပြန်သွားရပါတော့တယ်။
စာဖတ်သူတို့ ဒီအဖြစ်အပျက်လေးကို ဖြစ်ရပ်မှန်လို့ ထင် သလား။ ပုံပြင်လို့ထင်သလား။ သေချာတာတစ်ခုကတော့ အခုလို မနှစ်မြို့စရာ ဇာတ်သိမ်းနဲ့ တစ်ထပ်ထဲ တူညီသော နေ့တဓူဝ ဘဝနဲ့ သနားဖို့ အရမ်းကောင်းတဲ့ ကလေးငယ်များ ရန်ကုန်မြို့ရဲ့ လမ်းမထက်မှာ အများကြီး ရှိပါတယ်။
- မှတ်စုကြမ်း #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။