ကျွန်တော်နဲ့ ဖွံ့ဖြိုးမှုပါရာဒိုင်း
=================
ပါရာဒိုင်းဆိုတဲ့စကားလုံးဟာ တစ်ချိန်က တွင်တွင်သုံးစွဲခဲ့တာ တွေ့ခဲ့ရတယ်။ နိုင်ငံရေးနဲ့ပတ်သတ်ပြီး အမျိုးမျိုးသုံးကြတယ်။ အခြေခံဝေါဟာရက ဂရိစကားဖြစ်ပြီး အတွေးအခေါ်အယူအဆကို ရည်ညွှန်းတာဖြစ်တယ်။ ဒါကြောင့်လည်း စီးပွားရေးပညာမှာ အခြေခံပါရာဒိုင်းတွေ ရှိခဲ့ကြတယ်။ အထူးသဖြင့် ဖွံဖြိုးမှုနဲ့ပတ်သတ်ပြီး ပါရာဒိုင်းတွေဟာ ခေတ်နဲ့အညီပြောင်းလဲလာခဲ့တယ်။
ကျွန်တော်တို့ငယ်ငယ်က တက္ကသိုလ်မှာ စီးပွားရေးပညာကို သင်ခဲ့တဲ့အချိန်မှာ ဒီကာလမှာရှိခဲ့တဲ့ ပါရာဒိုင်းတွေကို လေ့လာခွင့်ရရှိခဲ့တယ်။ ၁၉၆၀ပြည့်နှစ်ကျော်က ခေတ်စားခဲ့တဲ့ အတွေးအခေါ်တွေအနက် ဖွံဖြိုးမှုအဆင့်များကိုအများကလက်ခံခဲ့ကြတယ်။နိုင်ငံတစ်နိုင်ငံရဲ့ဖွံဖြိုးမှုကို လေယာဉ်ပြေးလမ်းမှာ ကောင်းကင်ကိုတက်တော့မယ့် လေယာဉ်ပျံတစ်စင်းအနေနဲ့ ကိုယ်စားပြုခဲ့တယ်။ ပြေးလမ်းမှာ အရှိန်ယူပြီး ပျံတက်နိုင်အောင် ကြိုးစားကြရတယ်။ နိုင်ငံများရဲ့ ဖွံဖြိုးမှုကိုပုံသေနည်းအဖြစ် သက်မှတ်ခဲ့ပြီး ညီမျှခြင်းမှာပါရှိသည့်အတိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ရင် မည်သည့်နိုင်ငံမဆို လိုလားတဲ့ဖွံဖြိုးမှုကို ရနိုင်မယ်လို့ ဟောကိန်းထုတ်ခဲ့ကြတယ်။
၁၉၈၀ နောက်ပိုင်းမှာခေတ်စားခဲ့တဲ့ ဖွံ့ဖြိုးမှုပါရာဒိုင်းအသစ်ကို ကမ္ဘာ့ဘဏ်နဲ့အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့က ပူးပေါင်းပြီးဖော်ထုတ်ခဲ့တယ်။ဒီအဖွဲ့အစည်းနှစ်ခုဟာ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့မှာ ရုံးစိုက်တာမို့ အမေရိကန်နားလည်သဘောတူမှုလို့ သတ်မှတ်ခဲ့ပါတယ်။ ဒီသဘောတူညီမှုဟာ အမှန်စင်စစ်ဖွံဖြိုးတိုးတက်မှုနဲ့ပတ်သတ်ပြီး ပုံသေနည်းတစ်ရပ်ဖြစ်တယ်။ ဈေးကွက်စီးပွားရေးစနစ်ကို အခြေခံထားတာဖြစ်ပြီး နိုင်ငံတော်အစိုးရရဲ့ အခန်းကကျဏ္ဍကိုလျှော့ချပြီး ကုန်သွယ်မှုကို အခြေခံပုံစံတစ်ရပ်ဖြစ်တယ်။ တစ်ခုတော့ရှိပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှုပုံစံတစ်ရပ်ကို ရုပ်လုံးဖော်ရာမှာ နိုင်ငံရေးအတွေးကိုတော့ မေ့လို့မဖြစ်ပါဘူး။
ဝါရှင်တန်နားလည်သဘောတူမှုဟာ အမေရိကန်နိုင်ငံရဲ့ အရင်းရှင်စီးပွားရေးလွှမ်းမိုးမှုကို ဖော်ဆောင်ခြင်းဖြစ်တယ်။ အစိုးရရဲ့အခန်းကဏ္ဍကို လျှော့ချမှုဟာ အခြေခံလူတန်းစားတွေရဲ့လူမှုရေးလိုအပ်မှုတွေကို နစ်နာထိခိုက်စေခဲ့တယ်။ဒီပုံသေနည်းကို ကမ္ဘာ့ဘဏ်နဲ့အပြည်ပြည်ဆိုင်ရာနိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အကူအညီအထောက်အပံ့တို့ကို လိုလားတောင်းဆိုတဲ့နိုင်ငံတွေက လက်ခံကျင့်သုံးကြတယ်။ဆေးကြောင့်လူနာမသက်သာဘဲ ပိုမိုအခြေအနေဆိုးရွားသွားခဲ့တယ်။ဒီပုံသေနည်းတွေကို အဖွဲ့အစည်းနှစ်ရပ်က ဖိအားပေးပြီး ကျင့်သုံးစေခဲ့တယ်။ဒါကြောင့်လည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ နာလန်မထူနိုင်ဘဲ အတိဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။
ဖွံ့ဖြိုးမှုပါရာဒိုင်းအသစ်ကို လွန်ခဲ့တဲ့ ၂၅နှစ်ကျော်က ကုလသမဂ္ဂအဖွဲ့အစည်းက ဖော်ထုတ်ခဲ့တယ်။အမှန်တော့ ဒီပါရာဒိုင်းဟာ လူသားဖွံ့ဖြိုးမှုကို ရည်ညွှန်းခြင်းဖြစ်တယ်။ ပါရာဒိုင်းမှာပါဝင်တဲ့ အယူအဆကို ၁၉၉၀ပြည့်နှစ် ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ယူအင်န်ဒီပီက ထုတ်ခဲ့ပေမယ့် အစီရင်ခံစာပါ အယူအဆတွေကိုတော့ ဖွံ့ဖြိုးမှုစီးပွားရေးပညာရှင်တစ်စုက ဦးစီးဦးရွက်ပြုခဲ့တာ။
ပညာရှင်တွေအနက် စီးပွားရေးနိုဘယ်ဆုရ ပါမောက္ခအမာတရာဆင်းပါဝင်ခဲ့သလို ကွယ်လွန်သွားတဲ့ ပါကစ္စတန်နိုင်ငံက ဆရာကြီးမာဘူးဟတ်လည်းပါတယ်။ ကျွန်တော်ကုလသမဂ္ဂကလေးများရန်ပုံငွေမှာ တာဝန်ယူစဉ်က ကြီးကြပ်သူဖြစ်တဲ့ ပါမောက္ခရစ်ချက်ဂျော်လီဆိုသူလည်း ပါဝင်ကြတယ်။ သူတို့တစ်တွေဟာ အင်္ဂလန်နိုင်ငံက နာမည်ကြီးတက္ကသိုလ်တွေမှာ ပါရဂူဘွဲ့တွေကို တစ်ချိန်တစ်ခါတည်းယူခဲ့ကြတယ်။ ငယ်ပေါင်းကြီးဖက်တွေ ပညာသင်ယူမှုပြီးဆုံးချိန်မှာ တက္ကသိုလ်တွေမှာ သုတေသနတွေလုပ်၊ စာတွေသင်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းမှာ တာဝန်ဆက်ယူကြတယ်။ သီအိုရီသဘောထားကို ပိုင်နိုင်ကြတယ်။ သီအိုရီကို ကြေညက်တာမို့ လက်တွေ့ပြဿနာတွေကို ဆန်းစစ်ရာမှာ စနစ်ကျတယ်။ စုံစမ်းစစ်ဆေးမှုတွေဟာ ခိုင်လုံတဲ့သုတေသနတွေအပေါ်အခြေခံထားတယ်။
ဒါနဲ့ပတ်သတ်ပြီး သီအိုရီနဲ့လက်တွေ့ဆက်စပ်မှုနဲ့ပတ်သတ်ပြီး နားလည်မှုတွေလွဲချော်နေကြတယ်လို့ ကျွန်တော်မြင်တယ်။ သီအိုရီအခြေခံပြည့်စုံရင် လက်တွေ့ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမှာ လုံခြုံတယ်၊ ပြည့်စုံတယ်။ သီအိုရီအခြေခံမရှိဘဲ လက်တွေ့အတွေ့အကြုံတွေသာ အားကိုးနေရင် ပြည့်စုံမှုမရှိနိုင်ဘူး။ အမှန်စင်စစ် သီအိုရီဆိုတာဟာလည်း လက်တွေ့ကရလာတဲ့ အတွေ့အကြုံကို စနစ်တကျစုစည်းထားတာသာ ဖြစ်တယ်။ ဒါကြောင့် သီအိုရီနဲ့လက်တွေ့ဟာ အပြန်အလှန် ဆက်စပ်နေတယ်။ သီအိုရီခိုင်မာမှ လက်တွေ့ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်သလို လက်တွေ့အတွေ့အကြုံတွေကတစ်ဆင့် သီအိုီရီအသစ်တွေကို ဖော်ထုတ်သွားနိုင်မှာသာဖြစ်တယ်။
၁၉၉၀ ပြည့်နှစ်က ဖော်ထုတ်ခဲ့တဲ့ပါရာဒိုင်းဟာ လူသားဖွံဖြိုးမှုညွှန်းကိန်းတစ်ခုအပေါ်အခြေခံတာဖြစ်တယ်။ ဒီညွှန်းကိန်းဟာ ဖွံ့ဖြိုးမှုကို ရှုထောင့်သုံးမျိုးမှ ဆန်းစစ်တာဖြစ်တယ်။ ပထမကိန်းရှင်က ၀င်ငွေဖြစ်တယ်။ ၀င်ငွေဟာ လူတစ်ဦးတစ်ယောက်ရဲ့ရွေးချယ်မှုကို ကျယ်ပြန့်နိုင်စေပါတယ်။ ဒုတိယကိန်းရှင်က ကျန်းမာရေးပေတံဖြစ်တယ်။ လူသားဖွံ့ဖြိုးမှုအတွက် လူတစ်ဦးချင်းရဲ့ ကျန်းမာရေးဟာ အလွန်ပဓာနကျတယ်။ နောက်ဆုံးကိန်းရှင်ကတော့ ပညာရေးပေတံဖြစ်တယ်။ တစ်နည်းပြောရရင် ငွေကြေးချမ်းသာမှု၊ ကျန်းမာသန်စွမ်းမှုနဲ့ ပညာတတ်မြောက်မှု ဖြစ်တယ်။
လူသားဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်ရဲ့အခန်းကဏ္ဍဟာ ပဓာနကျတဲ့နေရာမှာရှိတယ်။ အစိုးရဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အာရုံပြုပြီးဦးစားပေးဆောင်ရွက်ရမှာဖြစ်တယ်။ ဒါကြောင့် ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဝန်ထမ်းကဏ္ဍတွေကို ဦးစားပေးရမယ်။ ရှေ့တန်းတင်ရမယ်။ တစ်ဖက်မှာလည်း စွန့်ဦးတည်ထွင်မှုတွေကို အားပေးတဲ့ အစိုးရဖြစ်ပြီး ပွင့်လင်းတဲ့ကုန်သွယ်မှု စနစ်တစ်ရပ်ကို ဖော်ထုတ်ရမယ်။ တာဝန်ရှိသူတွေဟာ ပြည်သူတွေရဲ့အသံကို အမြဲနားထောင်ပြီး တာဝန်ခံနိုင်ရမယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့လိုအပ်ပါတယ်။
လူ့အဖွဲ့အစည်းတစ်ခုမှာ လူသားဖွံ့ဖြိုးဖို့အတွက် အားလုံးကို ပါဝင်ပတ်သတ်မှုရှိအောင် ဖန်တီးနိုင်ရမှာဖြစ်တယ်။ မတူညီမှုတွေကို လက်ခံနိုင်စွမ်းရှိရမယ်။ အယူအဆမတူတာ၊ ယုံကြည်ကိုးကွယ်မှုမတူတာတွေဟာ ဆန့်ကျင်ဘက်တွေမဟုတ်ဘဲ အင်အားတွေဖြစ်တယ်။ လူသားဖွံ့ဖြိုးမှုကို စဉ်းစားရာမှာ လူငယ်တွေကို ထိပ်တန်းတင်ထားရမယ့် အလုပ်အကိုင်အခွင့်အရေးတွေ ဖန်တီးပေးဖို့လိုသလို သူတို့ကိုလေးစားအသိမှတ်ပြုရမယ်။
ပါရာဒိုင်းအသစ်မှာ အခြေခံအင်အား သုံးရပ်ရှိတယ်။ တည်ဆဲအယူအဆအတွေးအခေါ်တွေကို လက်မခံဘဲ မေးခွန်းထုတ်ရဲတဲ့သတ္တိရှိရမယ်။တစ်ဖက်က ဗဟိုကအစစအရာရာ စီစဉ်ဆုံးဖြတ်တဲ့ပုံစံကို ပစ်ပယ်သလို တစ်ဖက်မှာလည်း စောစောကတင်ပြခဲ့တဲ့ ၀ါရှင်တန်သဘောတူညီအခြေခံတွေကို ပစ်ပယ်တယ်။
ပထမအင်အားက နိုင်ငံတော်ရဲ့ အခန်းကဏ္ဍတာဝန်ဖြစ်တယ်။ အစိုးရနဲ့ပတ်သတ်တဲ့ အခန်းကဏ္ဍမှာ တာဝန်ယူသလို ပုဂ္ဂလိကကဏ္ဍရှင်သန်ဖို့ လိုအပ်တဲ့ပတ်ဝန်းကျင်တစ်ရက်ကို ဖန်တီးပေးရမယ်။ နိုင်ငံ့တာဝန်ယူသူတွေဟာ ကာလရှည်အမြင် မဟာဗျူဟာအမြင်တွေ ရှိဖို့လိုအပ်သလို ခေါင်းဆောင်မှုကို ပေးစွမ်းနိုင်ရမယ်။ ဒီလိုဆောင်ရွက်ရာမှာ တူညီတဲ့ယုံကြည်မှုတွေ၊ ခံယူမှုတွေ၊ ခံယူချက်တွေနဲ့တည်ဆောက်ပြီး စည်းလုံးညီညွှတ်မှုကို ဦးတည်ရမယ်။ အစိုးရအနေနဲ့တာဝန်ယူတဲ့နေရာမှာ ရှေ့နောက်ညီတဲ့ ပေါ်လစီမူဝါဒတွေဖော်ထုတ်ပြီး ပုံသေနည်းအသုံးပြုမှုကိုရှောင်ရမယ်။
ပျော့ပျောင်းတဲ့မူဝါဒတွေချမှတ်ပြီး ဈေးကွက်ကိုထိန်းချုပ်ပြီး ပို့ကုန်ရှေ့တန်းတင်တဲ့ ကုန်သွယ်မှုစနစ်တစ်ရပ်ကို တည်ဆောက်ရမယ်။တိုးတက်လာတဲ့ နည်းပညာအသစ်တွေကို နိုင်ငံအတွက်အကျိုးရှိအောင် ဖန်တီးနိုင်စွမ်းရှိရမယ်။နိုင်ငံတော်မှာလုပ်စရာတွေ အများကြီးရှိတယ်။ လုပ်စရာတွေများတဲ့အတွက် ဦးစားပေးရွေးချယ်ဖို့ လိုအပ်တယ်။ အရာရာကို တစ်ပြိုင်တည်းတောင်ရွက်နိုင်မှာ မဟုတ်တာမို့ ကာလတို၊ ကာလလတ်၊ ကာလရှည်အတွက် ဦးစားပေးဆောင်ရွက်မှုတွေကို ရွေးချယ်ဖော်ထုတ်ဖို့ လိုအပ်တယ်။ အခြေခံစဉ်းစားချက်ကတော့ လူကိုဗဟိုပြုတဲ့ ဦးစားပေးမှုတွေ ဖြစ်ရမယ်။လူသားဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းတွေဖော်ထုတ်ဖို့လိုအပ်တယ်။ နိုင်ငံတော်အနေနဲ့ ပို့ကုန်လုပ်ငန်းတွေကိုပြုစုပြီး ပျိုးထောင်ရမှာဖြစ်တယ်။ အစိုးရအနေနဲ့လက်တွေ့ကျကျ စဉ်းစားဆုံးဖြတ်အကောင်ထည်ဖော်ရမှာ ဖြစ်တယ်။ အလုပ်အကိုင်အခွင့်အရေးကို ဖော်ထုတ်ရာမှာ အရည်အသွေးမြင့်မားတဲ့ အလုပ်အကိုင်တွေကို ဆိုလိုတာဖြစ်တယ်။
ဒုတိယအင်အားက နိုင်ငံတကာဈေးကွက်နဲ့ ချိတ်ဆက်ပြီး အခွင့်အရေးသစ်တွေဖော်ထုတ်ရမယ်။ ကျွန်တော်တို့နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်တွေမှာ နိုင်ငံတကာဈေးကွက်နဲ့ ကင်းဝေးခဲ့တယ်။ နိုင်ငံရေး၊ စီးပွားရေးပတ်ဆို့မှုတွေကြောင့် အဆက်အသွယ်ပြတ်ခဲ့တယ်။ အခုချိန်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် စီးပွားရေးအခွင့်လမ်းသစ်တွေ ပေါ်ထွက်လာမှာဖြစ်တယ်။ ကမ္ဘာ့ဈေးကွက်နဲ့ ပြန်လည်ချိတ်ဆက်ရာမှာ တစ်ကြိမ်တစ်ခါတည်း ဖွင့်တာမျိုးမဟုတ်ဘဲ အဆင့်ဆင့်တဖြည်းဖြည်းချင်းဆောင်ရွက်ရမယ်။ တစ်ဖက်က ကမ္ဘာ့ဈေးကွက်နဲ့ ချိတ်ဆက်နေသလို တစ်ဖက်ကလည်း ပြည်တွင်းအင်အားတွေကို စုစည်းဖို့လိုတယ်။ လိုအပ်တဲ့ အရည်အသွေးတွေ တိုးတက်မှုရအောင် ဖန်တီးရမယ်။
နောက်ဆုံးအင်အားကတော့ လူမှုရေးကဏ္ဍမှာ ဆန်းသစ်တဲ့တီထွင်မှုတွေကို ဖော်ထုတ်ရမယ်။ ကျန်းမားရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ရင်းနှီးမြှုတ်နှံမှုတွေ တိုးမြှင့်ရမယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်ကုလသမဂ္ဂအဖွဲ့အစည်းမှာ တာဝန်ယူရင်း နိုင်ငံလေးနိုင်ငံပါဝင်တဲ့ သုတေသနကို ဆောင်ရွက်ခဲ့တယ်။ ဒီနိုင်ငံတွေဟာ အာရှတိုက်နဲ့ အာဖရိကတိုက်တွေမှာ ရှိကြတာ။ လေ့လာချက်မှာ ဒီနိုင်ငံတွေ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ နိုင်ငံတော်ရဲ့ဘတ်ဂျက် မည်ရွေ့မည်မျှအသုံးချသင့်သလဲဆိုတဲ့ မေးခွန်းတစ်ရက်ကို ထုတ်ခဲ့တာ။ တွေ့ရှိချက်အရ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရဘတ်ဂျက်ရဲ့ အနည်းဆုံး ၂၀ရာခိုင်နှုန်း သုံးစွဲသင့်ကြောင်း တွေ့ရှိရတယ်။ လူမှုရေးနယ်ပယ်မှာ မလိုလားအပ်တဲ့ ဘာသာရေးပဋိပက္ခတွေ၊ လူမျိုးရေးပဋိပက္ခတွေကို ရင်ဆိုင်ဖြေရှင်းပေးရမှာဖြစ်တယ်။ဒီနေရာမှာ ဆင်းရဲတဲ့ပြည်သူတွေကို ဦးစားပေးရမယ်။ သူတို့တတွေကို သုံးသပ်တဲ့ပုံစံလေးပြောင်းရမယ်။ မိမိဘ၀တိုးတက်မှုအတွက် မိမိဘာသာ ပါဝင်ဖော်ဆောင်နိုင်စွမ်းရှိသူများအဖြစ် လက်ခံရမယ်။
အချုပ်အနေနဲ့ ဖွံ့ဖြိုးမှုပါရာဒိုင်းအသစ်ဟာ ကျွန်တော်တို့နိုင်ငံမှာ ပြောင်းလဲမှုကို ကြိုဆိုနေချိန်မှာ စဉ်းစားသင့်တဲ့ကိစ္စတစ်ရပ်ဖြစ်တယ်။နိုင်ငံရဲ့ ရင်းနှီးမြှုတ်နှံမှုတွေဟာ ဆင်းရဲမှုကို ရင်ဆိုင်ဖြေရှင်းပေးဖို့လိုအပ်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပထ၀ီအနေထားကရလာတဲ့ အခွင့်အရေးတွေကို ဆုပ်ကိုင်နိုင်ရမယ်။
ပြိုင်ဆိုင်မှုအရှိန်အဟုန်မြင့်မားတဲ့ ဒေသဈေးကွက်နဲ့ နိုင်ငံတကာဈေးကွက်တွေမှာ ရဲရဲဝံ့ဝံ့ ပါဝင်နိုင်စွမ်းရှိရမယ်။ အစိုးရ၊ ပုဂ္ဂလိကနဲ့၊ အရပ်ဘက်လူ့အဖွဲ့စည်းများဟာ ဟန်ချက်ညီညီနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာသာ ဖြစ်ပါတယ်။
website တွင်ဖတ်ရန် >>> http://myanmarb2bmagazine.com/…/353-pdratt-newspaper-24-5-2…

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။